## PAGE 202


၁၄၉

ဓမ္မာစရိယ ဦးဌေးလှိုင်

၏ မမြဲသောအဖြစ်ဆိုး “နိစ္စံ=အခါမပြတ်။ သရ=အောက် မေ့လော့။
ကပ္ပိယဘိုးလွန်းပြေ၊ ဘိုးအုံးတို့လျှောက်ထုံးတွင် မဂ်ဖိုလ်ရခြင်း၏ အကြောင်း အင်္ဂါ
များကို ပြရာ၌ သရဏဂုံ၊ ငါးပါးသီလ မြဲ၍ သက်တော်ထင်ရှား ဘုရားအာရုံ စွဲရပုံ၊ ပညာရှိ
ကို မှီဝဲသင့်ပုံများကို ပြဆိုပြီးနောက်-

“ဉာဏ် ဝိရိယနှစ်ပါး ရှေ့သွားပြုလျက် ကံနှစ်ပါးရှိသော သူတို့မှာ မူကား
လောကီ၌ ဖြစ်သော ချမ်းသာ အကျိုးစီးပွား၊ လောကုတ္တရာ၌ ဖြစ်သော ချမ်းသာ
အကျိုးစီးပွားတို့ကို လျင်မြန်စွာ ခံစားကြရကုန်၏။ ဉာဏ်ယှဉ်၍ ဝီရိယအား
မွေးမြူ မှသာ ပါရမီကံ အကျိုးပေး သန်နိုင်လေသည် မှတ်ကြကုန်လော့” ဟု
ဆုံးမတော် မူခဲ့သည်။

ပုဗ္ဗေစ ကံသည်သာ ပဓာနဖြစ်၍ ထိုကံကို ပစ္စုပ္ပန် ဉာဏ်ဝီရိယဖြင့် တူးဖော်ရန်
သတိပေးခြင်း ဖြစ်၏။ (အင်္ဂုတ္တိုရ် စတုက္က၊ စက္ကသုတ် အဖွင့်လည်းကြည်၊)
ထိုကျမ်းစု (၂၇၉) ၌ အောက်ပါ မှတ်တမ်းသည် သုတေသီတို့အတွက် အကျိုးများလှ၏။
“အရှင်စန္ဒိမာ လင်္ကာရ အမည်ရှိသော သီးလုံးဆရာတော်ဘုရားကြီးသည်
သက္ကရာဇ် ၁၁၄၈-ခုနှစ်တွင် မွေးဖွား၍ သက္ကရာဇ် ၁၂၂၂-ခုနှစ်တွင် ပျံလွန်တော်မူ၏။
အသက်တော်ကား ခုနစ်ဆယ့်ငါးနှစ် နေရသည်။”

ခန္တီတရား ပူဇော်ပွဲ

သီးလုံး ဆရာတော်ဘုရားကြီးကား ငယ်စဉ်ကပင် သည်းခံခြင်း အင်အားကြီးမား၏။
ပူမှု၊ အေးမှု၊ ဆင်းရဲချမ်းသာမှု၊ ချီးမွမ်းကဲ့ရဲ့မှု စသော ကောင်းဆိုး နှစ်တန် လောကဓံကို
ခံနိုင်ရည် ရှိမှုသည် အထွတ်အထိပ် ရောက်လိုသူတိုင်း၏ အခြေခံ အင်အားကြီးပေတည်း။

ဆရာတော်ဘုရားကြီး ငယ်စဉ်ကာလ ကိုရင်စန္ဒိမာဘဝက တစ်နေ့သောအခါ ရေကန်
တစ်ခု၌ ရေချိုးနေစဉ် ကိုရင်ကြီး တစ်ပါးက သူ၏သင်္ကန်းများကို ဝှက်ထား၏။ ကိုရင်
စန္ဒိမာကလေးမှာ ရေချိုးပြီး လဲလှယ်ရန် သင်္ကန်းမရှိ။ အအေးပတ်ကာ ခိုက်ခိုက်တုန်
နေတော့သည်။ အတန်ကြာလျှင် သင်္ကန်းဝှက်ထားသော ကိုရင်ကြီး ရောက်လာ၏။
သင်္ကန်းမပေးသည့်အပြင် ဟိုနှယ် ဒီ့နှယ် ကျီစယ်ပြောဆိုကာ ညှဉ်းဆဲသည်။ ကိုရင်စန္ဒိမာ
လေးကား စိတ်မဆိုး၊ ရိုရိုသေသေပင် ပြောဆို၍ မရသည့်အဆုံး သည်းခံပြီး ရေစိုသင်းပိုင်နှင့်ပင်
ဆိတ်ဆိတ် နေလေ၏။

ကိုရင်ကြီးကား အားရအောင် ကျီစယ်ပြီး ထွက်သွား၏။ အခြားအဖော်များက
သနား၍ သင်္ကန်း ယူပေးကြသည်။ ကိုရင်ကြီးကား ထိုမျှဖြင့် မကျေနပ်သေး။ ကိုရင်စန္ဒိမာ
သင်းပိုင်ရော ဧကသီပါ လဲလှယ်ပြီးသောအခါ ပုန်းကွယ်နေရာမှ ရေအိုးကို ဆွဲပြီး ထွက်
လာကာ ဖြုန်းခနဲ လောင်းချပြန်သည်။ တစ်ကိုယ်လုံး ရွှဲရွှဲစိုနေသော်လည်း ကိုရင်စန္ဒိမာကား
အပြုံးမပျက်။


## PAGE 203


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၄၇

“ဒီကောင် သည်းခံတယ်ဆိုတာ ငါမယုံလို ့ စမ်းတာကွ” ဟု ကိုရင်ကြီးက ဆို၏။
အနှစ်လေးဆယ်ကျော် ငါးဆယ်အချိန် ထိုအဖြစ်အပျက် ကလေးသည် ပြန်၍
ပေါ်လာ၏။ အောက်ပြည် အောက်ရွာ၌ ချမ်းသာကြွယ်ဝနေသော လှေသူကြီးတစ်ဦးသည်
ငါးပိ၊ ငါးခြောက်၊ စားသောက်ဖွယ်များ၊ လှူဖွယ်ပစ္စည်းများကို လှေကြီးနှင့် အပြည့်တင်လာကာ
စုပြုံလှူဒါန်းရာ ခေါင်းပါးလှသော တောရကျောင်းအတွက် အသဒိသ အလှူကြီး ဖြစ်နေတော့၏။
လှေသူကြီးက ဆရာတော်အား အကြောင်းစုံ တောင်းပန် လျှောက်ထား သောအခါ-

“နေဦး.....နေဦး....ဒကာကြီး၊ ဟောဟိုနားမှာ ဆွဲထားတဲ့ တုံး(ခေါင်း) ကလေးကို
ခေါက်လိုက်။ ခဏစောင့်ဦး” ဟု မိန့်တော်မူ၏။

တုံးခေါက် အချက်ပေးလိုက်လျှင် တောရကျောင်းရှိ ရဟန်း ကိုရင် သုံးဆယ်ခန့်
ဆရာတော့်ရှေ့မှောက် ရောက်လာကြသည်။

“ကဲ....ဒကာကြီး၊ ဒီလောက် များပြားတဲ့ စားသောက်ဖွယ်တွေကို ဘယ်အတွက်
လှူတယ်ဆိုတာ ဦးပဉ္စင်း ကိုရင်များကို လျှောက်ပါဦး” ဟု ဆရာတော်က အမိန့် ရှိလိုက်သည်။
ထိုအခါ လှေသူကြီးက-

“၎င်းသည် ငယ်စဉ်က ဆရာတော်နှင့် ရင်းနှီးချစ်ခင်သော စာသင်ဖက် ဖြစ်ကြောင်း၊
ရဟန်းဖြစ်ခါနီးအထိ စာကြီး ပေကြီးများကို သင်ခဲ့ရကြောင်း၊ ကိုရင်စန္ဒိမာ၏ သည်းခံပုံကို
မယုံ၍ လက်တွေ့စမ်းခဲ့မိကြောင်း၊ သီးလုံးဆရာတော်ဟု ကျော်ကြားလှ၍ စုံစမ်းသောအခါ
ကိုရင်စန္ဒိမာ ဖြစ်နေသည်ကို ကြားသိရ၍ မိမိပြုလုပ်မိသည်ကို အကြီးအကျယ် နောင်တ
ဖြစ်ကြောင်း” လျှောက်ထားရာ ဦးပဉ္စင်း ကိုရင်များမှာ အထူး စိတ်ဝင်စားနေကြ၏။ ကိုရင်ငယ်
များမှာလည်း စားသောက်ဖွယ်များကို ကြည့်၍ ပီတိဖြစ်နေကြသည်။

“သာသနာတော်မှာ သည်းခံခြင်း အကျင့်ဟာ အမြင့်မြတ်ဆုံး ဖြစ်သလို သည်းခံတဲ့
ပုဂ္ဂိုလ်ကို တစ်နည်းနည်းနဲ့ အနိုင်ယူ နှိပ်စက်တဲ့ လူဟာလဲ ငရဲအကြီးဆုံး၊ အနစ်နာဆုံး
ဖြစ်နေပါပေါ့ကလား ဆိုပြီး တစ်နေ့တခြား ထိတ်လန် ့လာလို့ ပြစ်မှားမိတဲ့ အပြစ်များ
ကျေပျောက်ပါစေရန် ဆရာတော်ကို လာကန်တော့တာပါပဲ ဘုရား” ဟု လှေသူကြီးက
ဆက်၍ လျှောက်ရာ ဆရာတော်ကလည်း-

"ကဲ.....မောင်ပဉ္စင်းတို့ ကြားတဲ့အတိုင်းပဲ၊ ဒကာကြီးဟာ ဆရာသမား အဆုံးအမရလို့၊
စာတွေ ပေတွေလဲတတ်လို့ ဒီလိုဆင်ခြင်နိုင်တာ။ သာသနာမှာ အမြင့်မြတ်ဆုံး တရားကြီးပဲ။
ခန္တီရှိမှ သီလ, သမာဓိ, ပညာ သိက္ခာ သုံးပါး ဖြစ်ပေါ်နိုင်တာ။ ဘုရားရှင် အဆူဆူတို့လဲ
“ခန္တီပရမံ တပေါ တိတိက္ခာ' ဆိုပြီး လိုရင်း အဆုံးအမတော်ကြီးအဖြစ် ထားတော်မူကြတယ်။
“ခန္တီရှိမှ သီလကို လွယ်လွယ်နဲ့ စောင့်ထိန်းနိုင်တယ်။ မေတ္တာ, သမာဓိ စသော
သူတော်ကောင်းတရားတွေဟာ လွယ်လွယ်နဲ့ ဖြစ်ပေါ်လာနိုင်တယ်။ အတွင်းရန် အပြင်ရန်
တွေကိုလဲ နိုင်တယ်။ ဒီသူတော်ကောင်းတရားကြီးတွေကို မသတ်ရဘူး။ ဒီတရားကြီးတွေ
ထွန်းကားမှ၊ အသက်ရှည်မှ ပစ္စုပ္ပန် ချမ်းသာ၊ သံသရာချမ်းသာ ရကြမှာ ဖြစ်တဲ့အလျောက်
စောင့်ရှောက်ကြရမယ်။ အသက်ဆက်ပေးကြရမယ်။


## PAGE 204


၁၄၈

ဓမ္မာစရိယ ဦးဌေးလှိုင်

“ဒကာကြီးကလဲ ဒီပစ္စည်းတွေကို ဘုန်းကြီးကို မလှူနဲ့။ ဒီသံဃာတော်တွေကိုလဲ
လှူဖို့မဟုတ်ဘူး။ ဘုရားရှင်အဆူဆူ ချီးကျူး ဆုံးမတော်မူတဲ့ အဆုံးအမ သြဝါဒအချုပ်
ဒီခန္တီ သူတော်ကောင်း တရားကြီးကို ပူဇော်တယ်လို ့ မှတ်ယူရမယ်။

“ဒီက မောင်ပဉ္စင်း ကိုရင်များကလဲ ဒီသင်္ကန်း၊ ထီး၊ ဖိနပ်နှင့်တကွ ဒီစားဖွယ်တွေကို
ဒီဒကာကြီးက လူလို ၊ ဘုန်းကြီးကပေးလို့ ဒီလိုမမှတ်ကြနဲ ့။ ခန္တီတရားကြီးက ပေးတယ်လို့
မှတ်ရမယ်” ဟု ရာသက်ပန်မျှသာမက သားစဉ် မြေးဆက် မှတ်သားလောက်အောင်ပင်
ဟောကြားတော်မူ၏။ (မန္တလေးမြို့ ရတနာပုဂံတိုက် မောင်းထောင်ဆရာတော် ဦးကလျာဏ
အမိန့် ရှိချက်။)

တောတွင်း၌ နေပါလျက် မင်းမိဖုရားတို့၏ အကိုးကွယ် အပူဇော်ခံရခြင်း၊ ဈာန်အဘိညာဉ်
သမာပတ်နှင့်တကွ ပရိယတ်, ပဋိပတ်အရာ၌ သူမတူအောင် ထက်မြက်ကော်မူခြင်း၏
အကြောင်းရင်း ပဓာန ဓမ္မအင်အားကား အားကျဖွယ် ကောင်းလှပေသည်။
(သဒတ္ထပရမာ အတ္ထာ၊ ခန္တာ ဘိယျော နဝိဇ္ဇတိ။ သဂါထာ, ဝေပစိတ္တိသုတ်။)

ကင်းတောရဆရာတော် ဆွဲဆောင်ပုံ

သီးလုံးဆရာတော်သည် မင်းတုန်းမင်းလက်ထက် ပရိယတ်အရာ၌ လွန်စွာထင်ရှား
ကျော်စော၏။ သီးလုံးရွာ၌ တပည့်အများတို ့အား စာပေပို ့ချလျက်နေစဉ် ငယ်စဉ်က
နာမည်ကျော် နမောဆရာတော်ထံ စာအတူသင်ဖက် မိတ်ဆွေရင်းဖြစ်သော ဦးခေမာစာရသည်
ညနေချမ်း အချိန်တိုင်း သီးလုံးကျောင်းသို့ ကြွရောက်လေ့ရှိ၏။ ဦးခေမာစာရကား
မင်းကွန်းမြောက်ဘက် ကင်းတောရ၌ ပဋိပတ်အလုပ်ဖြင့်သာ နေတော်မူ၏။ ကင်းတောရ
ဆရာတော်ဟု တွင်သည်။

ကင်းတောရဆရာတော်သည် စစ်ကိုင်းမင်းကွန်းမှ အလွန်ဝေးကွာသော ရွှေဘိုခရိုင်
သီးလုံးရွာကျောင်းသို့ ညနေတိုင်းလိုလို ကြွရောက်ကာ ပရိယတ်, ပဋိပတ် အကြောင်းများကိုသာ
ဆွေးနွေးလေ့ရှိသည်။

“ကိုသီးလုံး၊ ကျုပ်တို ့တော့ မင်းအကိုးကွယ်ခံပြီး ဂန္တဓုရလောက်နဲ့ တော့ မသေဝံ့ဘူး”ဟု
အစချီကာ မဂ်ဖိုလ်နှင့် စပ်သောစကားများ၊ နိဗ္ဗာနဓာတ်ကြီးအကြောင်း၊ ယခုအခါ
အဘိညာဉ်ရနိုင်ပုံ၊ သမထ ဝိပဿနာ အလုပ်ခွင်၌ သိပုံ၊ မြင်ပုံ၊ တန်ဖိုးကြီးပုံတို့ကို
စာတွေ့လက်တွေ့ နှီးနှော၍ ဆွေးနွေးကြ၏။ မိမိကဲ့သို ့ တရားချမ်းသာကို ရရှိခံစားစေလိုသော
စေတနာအပြည့်ဖြင့် မသိမသာ ဆွဲဆောင်တော်မူ၏။ တန်ဖိုး မဖြတ်နိုင်သော မိတ်ဆွေ
ကောင်းကြီးအဖြစ် ညွှန်ပြတော်မူ၏။ သို့ရာတွင် သီးလုံးဆရာတော်ကား ပရိယတ္တိကိုသာ
လွန်စွာ ပမာဏပြု၏။ စိတ်သန်၏။ သမထ ဝိပဿနာ ဈာန် မဂ်ဖိုလ် ဆိုသည်ကို စိတ်
မဝင်စား၊ အားထုတ်လို ့ လွယ်လွယ်နှင့် ရစကောင်းသည် သူ

မထင်။

