## PAGE 208

၁၅၂


ဓမ္မာစရိယ ဦးဌေးလှိုင်

မည်သည့်ခရီးဖြင့် ဤမျှလျင်မြန်စွာ ကြွလာတော်မူသနည်း ဟုလဲစဉ်းစားနေမိ၏။ သူ
ရောက်လျှင်ပင် ဆရာတော်ကြီးမှာ ရေချိုး၍ ပြီးလေပြီ။ ပြီးလျှင် ကပ္ပိယ လူသူတော်အား-
“သူတော် ဤအကြောင်းကို ငါအသက်ထင်ရှား ရှိစဉ် မည်သူ့ကိုမျှ မပြောရ” ဟု
နှုတ်ပိတ်တော်မူလျက် ကောင်းကင်မှပင် ကျောင်းသို့ ပြန်ကြွတော်မူသည်။ ကပ္ပိယလည်း
ဤအကြောင်းကို .ဆရာတော် မရှိသောအခါကျမှ ဖွင့်ဟထုတ်ဖော်ခဲ့၏။

ထိုအကြောင်းနှင့်စပ်၍ “ရွှေကျင်နိကာယ သာသနာဝင်စာအုပ်' (နှာ-၉၇) ၌
အောက်ပါအတိုင်း မှတ်ချက်ပြုထားသည်။

သီးလုံးဆရာတော်ဘုရားကြီးသည် လောကီ အဘိညာဉ်မျှ မဟုတ်မူ၍ အာသဝက္ခယ
အဘိညာဉ်နှင့်တကွ ဆဠဘိညပုဂ္ဂိုလ် မဖြစ်ဘူးဟူ၍ မဆိုဝံ့ချေ။ သူတော်ကောင်းတို့၏
လက္ခဏာမှာ အလွန်လျှို့ဝှက် စောင့်စည်းသော အခြင်းအရာ ရှိတော်မူတတ်ကြသည်။

စိတ္တလတောင်၌ သီတင်းသုံးတော်မူသော ရဟန္တာမထေရ်မြတ်၏ အလုပ်အကျွေး
ရဟန်းကြီး တစ်ပါးသည် တစ်နေ့သ၌ ဆွမ်းခံရန် မထေရ်မြတ်၏ သပိတ်ကို ယူ၍ နောက်မှ
လိုက်လာခဲ့ရင်း “အရှင်ဘုရား၊ အရိယာဆိုတာ ဘယ်လို ပုဂ္ဂိုလ်ပါလဲ၊ ဘယ်လိုနေပါသလဲ”
ဟု မေးလျှောက်၏။ မထေရ်မြတ်က “ငါ့ရှင်၊ အချို့ ပုဂ္ဂိုလ်ဟာ အရိယာ၏ နောက်က
သပိတ်သင်္ကန်းကို ယူဆောင်၍ အတူတကွသွားနေသော်လည်း ဤ ပုဂ္ဂိုလ်သည် အရိယာပဲဟု
မသိဘူး၊ အရိယာကို အဲသလို အသိခက်တယ် ငါ့ရှင်” ဟု မိန့်ဆို၏။ ရဟန်းကြီးသည်
သူ ့ဆရာကို အရိယာဟု မရိပ်မိချေ။]

တစ်ဖန် သထုံ ဇေတဝန် ဆရာတော်ဘုရားကြီးက စစ်ကိုင်း အာလကပ္ပဘုန်းကြီးအား
အမိန့် ရှိဖူးသည်မှာ–

“သီးလုံးဆရာတော်ကြီးက အနာဂါမ်ကြီးကွယ့်၊ သီးလုံးရွာကနေ မင်းဘူး
ရွှေစက်တော်ကိုကြွရာ ခြေလှမ်းပေါင်း ဘယ်လောက်ရှိတယ်ဆိုတာကို သိတယ်။ အနာဂါမ်ဆိုတာ
အင်မတန် သတိကောင်းတာကလား။ တမင်ကလာ ဂရုစိုက် မှတ်သားနေရတာ မဟုတ်ဘူး”
ဟု အမိန့်ရှိကြောင်း တစ်ဆင့်မှတ်သားရဖူးပါသည်။

မကွေးမြို့ အရှေ့သပြေစမ်း တောရဂူကျောင်း၌ သီတင်းသုံးတော်မူသော သက်တော်
၈၂ နှစ်ရှိ ဂူကျောင်း ဆရာတော်ဘုရားကြီး ရေး၍ ၁၉၁၆ ခုနှစ် ရန်ကုန်မြို့ စဉ့်အိုးတန်း
သာသနာလင်္ကာရ ပိဋက ပုံနှိပ်တိုက်၌ ရိုက်နှိပ်သော ‘ဘာဝနာနယ ဒီပနီကျမ်း” တွင်လည်း
“သီးလုံးဆရာတော်ဘုရားကြီးသည် ဒွတ္တိ ံသာကာရ (၃၂-ကောဋ္ဌာသ) ကမ္မဋ္ဌာန်းကို
လေ့လာပွားများခြင်း များသောကြောင့် ကျောင်းသို့ ပူဇော်ကန်တော့လာကြသော ဒကာ
ဒကာမများကို ကြည့်တော်မူရာ ယောက်ျား မိန်းမဟူသော သတ္တဝါသဏ္ဌာန် မမြင်ရဘဲ
တစ်ဖျာရာ နှစ်ဖျာရာ အရပ်၌ ကျွဲနွားအသေတို့ကို တုံးတစ်ခုတ်စဉ်းထားသကဲ့သို့ အသားအရိုး
အကြောအသွေးတို့ကိုသာလျှင် တစ်ခုစီ တစ်ပုံစီ မြင်နေတော့၏” ဟု ဆိုသည်။


## PAGE 209

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၅၃

သီးလုံးဆရာတော်နှင့် သင်္ဂဇာဆရာတော်

သီးလုံးဆရာတော်ဟူ၍ ကျော်ကြားခါစ မင်းတုန်းမင်းကြီးသည် သတင်းစကားအရ
အလွန်ကြည်ညိုနေ၏။ ပရိယတ်, ပဋိပတ် ဂုဏ်များကို ပို၍ အတိအကျ သိရှိကြည်ညိုလိုလှသဖြင့်
စုံစမ်းထောက်လှမ်းပေးပါရန် ဆရာတော်များအား လျှောက်ထားရာ ဆရာတော်များက
စာတတ်, စကားတတ် သင်္ဂဇာဆရာတော်အား ရွေးချယ်စေလွှတ်ကြသည်။

ထိုစဉ်က ဆရာတော်သည် ကျောက်မြောင်းမြို့ မြောက်ဘက် ဧရာဝတီ မြစ်ကမ်းအနီး
ခက်သင်ရွာ တောရကျောင်း၌ သီတင်းသုံးသည်။ ရွာနှင့် ကျောင်းကြားတွင် ရေခြားလျက်ရှိ၏၊
သင်္ဂဇာဆရာတော်လည်း ခက်သင်ရွာမှ တောကျောင်းသို့ လှေစီး၍ ကြွရသည်။ တစ်ခုသော
နံနက်ခင်းတွင် ဆရာတော်ထံရောက်သွားရာ ဆရာတော်မှာ အေးအေးဆေးဆေး ဒန်ပူသတ်
နေသည်ကို ဖူးတွေ့ ရ၏။သင်္ဂဇာဆရာတော် ကြိုတင်စဉ်းစားထားသော . ပရိယတ်-ပဋိပတ်
ဆိုင်ရာ ခဲရာခဲဆစ် အမေးပုစ္ဆာများကို လွယ်လွယ်ကူကူ ဒန်ပူသတ်ရင်းပင် ဖြေဆိုတော်
မူလိုက်သည်၊

အခါ-

သင်္ဂဇာ ဆရာတော်သည် စုံစမ်းမေးမြန်းပြီးနောက် ပြန်ရန် ဝတ်ဖြည့် (ဦးချ) သော

“ကိုသင်္ဂဇာ တို့များကို ခက်သင်က ဆွမ်းစားပင့်ထားတယ်။ ဆွမ်းစားလိုက်ပြီးမှ
ပြန်လေ” ဟု မိန့်တော်မူ၏။ ဆက်၍-

,

“ကိုသင်္ဂဇာ၊ အလာက ဘာနဲ ့ကူးလာခဲ့သတုံး”

66

“လှေနဲ့ပါ အရှင်ဘုရား”

“အိမ်း-ဒါဖြင့်လဲ လှေနဲ့ပဲကြွနှင့်လေ”

သင်္ဂဇာ ဆရာတော်လည်း မည်သို့မျှ စဉ်းစားလျှောက်ထားရန် သတိမရတော့ဘဲ
ဦးချပြီးနောက် အလာကလှေနှင့်ပင် ခက်သင်ရွာသို့ကူးလာခဲ့တော့၏။ လှေဆိပ်သို့ ရောက်လျှင်
ကမ်းထိပ်၌ သင်္ကန်းရုံနေသော ဘုန်းတော်ကြီးတစ်ပါးကို အမှတ်တမဲ့ကြည့်လိုက်ရာ သီးလုံး
ဆရာတော်ကြီး ဖြစ်နေတော့သည်။

သင်္ဂဇာ ဆရာတော်သည် စိတ်ထဲတွင်သာရှိ၍ မမေးလျှောက်ဖြစ်ခဲ့သော မေးခွန်းတစ်ခု၏
အဖြေကို ရရှိသွားသဖြင့် အားရကျေနပ်ကာ နေပြည်တော်သို့ ပြန်လာခဲ့တော့၏။

ကိုယ်တွေ့တရား ဟောကြားခြင်း

ကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးကလည်း “ဝိပဿနာရှုနည်းကျမ်း”
နိဒါန်းတွင် အောက်ပါအတိုင်း ရေးသားမိန် ့ဆိုထားပါသည်။

[သီးလုံးဆရာတော်ဘုရားကြီးသည် အပ္ပမာဒပဋိပတ်အရာ၌ နေ,လ အလားကဲ့သို့

ထင်ရှားတော်မူခဲ့လေပြီ။


## PAGE 210


၁၅၄

ဓမ္မာစရိယ ဦးဌေးလှိုင်

တစ်ဆင့်ကြားရသည်မှာ ရှိမ်းမကားရွာ၌ သိမ်သမုတ်ကိစ္စအတွက် မန္တလေး၊ စစ်ကိုင်း
စသော ဌာနများမှ ရာဇဂုရုတံဆိပ်ရ ဆရာတော်ကြီးများစွာတို့ စုဝေးမိကြရာတွင် လျှောက်ထား
တောင်းပန်သောကြောင့် သီးလုံးဆရာတော်ဘုရားကြီးက သံဃာ့ပရိသတ်အား တရားဟောပြ
ဆုံးမတော်မူသတတ်။ ဟောသောအခါ မှာလည်း “မိမိသဘောကျ နှလုံးသွင်း အားထုတ်သည့်
အတိုင်း ဟောပါမည်” ဟု စကားပလ္လင်ခံပြီးလျှင် အနာဂါမိ မဂ်ဖိုလ်တိုင်အောင် ဝိပဿနာ
ရှုပုံ, ဝိပဿနာ ဉာဏ်များဖြစ်ပုံ, မဂ်ဖိုလ်သို့ ရောက်ပုံ, ဖလသမာပတ် ဝင်စားပုံတို့ကို ကျန
စွာ ဟောပြတော် မူသတတ်။

ဟောအပ်သော တရားတော်သည် ကျမ်းဂန်တတ်ဖြစ်သော ထိုဆရာတော်ကြီးများပင်
အံ့သြလောက်အောင် နက်နဲသိမ်မွေ့ သတတ်။ ထို့ကြောင့် သင်္ဂဇာ ဆရာတော်က-

“ယခု အရှင်ဘုရား ဟောပြသည့်အတိုင်း ကျမ်းပြုစုတော်မူပါက အလွန်ကောင်းပါ
လိမ့်မည်” ဟု လျှောက်သတတ်။ ထိုအခါ၌ ဆရာတော်ဘုရားကြီးက အမိန့် ရှိတော်မူသည်မှာ-
“ဦးအဂ္ဂရေ၊ ဟောမှုကျင့်မှုကတော့ ကိုယ်သဘောကျသည့်အတိုင်း ပြုလုပ်နိုင်သည်၊
ကျမ်းရေးသားလျှင်တော့ သူတစ်ပါးကျမ်းများနှင့် တူညီစေရသည်၊ ငါတို့ရှိခိုက်မှာ နားလည်
အောင် ဖြေနိုင်သော်လည်း ငါတို့က မကြာမီ သေသွားကြမည်။ ထိုအခါမှာ ထူးသောအချက်၌
ငြင်းခုန်မှု ဖြစ်ပွားနေရစ်ကြမည်ကို စိုးရိမ်ရသည်” ဟု မိန် ့တော်မူသတတ်။ ရှေးဟောင်း
အတ္ထုပ္ပတ္တိများကို မြဲမြံစွာ မှတ်သားလေ့ရှိသော ဆိပ်ခွန်ရွာ အင်ကြင်းတော . တိုက်သစ်
ဆရာတော်ထံမှ မှတ်သားရဖူးသော တစ်ဆင့်ကြားစကားပင်တည်း။

အထက်ပါ တစ်ဆင့်ကြား စကားကို ထောက်ထားသောအားဖြင့် “သီးလုံးဆရာတော်
ဘုရားကြီးသည် မိမိအားထုတ်ပုံအတိုင်း ကျမ်းဂန်မရေးသားခဲ့” ဟု ထင်ရှားသိရ၏။ ထိုသို့
မရေးသားခြင်းမှာလည်း ထိုခေတ်ကာလက လိုက်နာမည့် ပုဂ္ဂိုလ်နည်းပါးသောကြောင့်ဟု
ယူဆဖွယ်ရှိပေ၏။ “အားထုတ်ပုံနှင့် ကျမ်းဂန်မတူ” ဟူရာ၌လည်း အမည် ဝေါဟာရ
မျှကိုသာ စွဲ၍ ဆိုသည် ဖြစ်ရာ၏။ သဘောအနက်အားဖြင့်ကား တူညီသည် ဟူ၍သာ
ယူသင့်ပေသည်။]

ဤသီးလုံး ဆရာတော်ဘုရားကြီး၏ တပည့်များစွာတို့တွင် တစ်ပါး အပါအဝင်ဖြစ်သော
စစ်ကိုင်းမင်းကွန်း တောင်ရိုး အလယ်တောရ ဆရာတော်ကြီး ဦးမဉ္ဇူသာသည် တစ်ပါးသော
ကိစ္စ၌ ကြောင့်ကြမစိုက်မူ၍ အပ္ပမာဒပဋိပတ်၌သာ မွေ့လျော်တော်မူသတတ်။ ထိုဆရာတော်
ကြီးထံမှ နည်းနိဿယကို မှတ်သားခံယူဖူးသော မင်းကွန်းဇေတဝန် ဆရာတော်ကြီး သည်
လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ်ကျော်မှ စ၍ အပ္ပမာဒ သတိပဋ္ဌာန်လုပ်ငန်း တရားကို
ပေါ်လွင်ထင်ရှားစွာ ဟောကြား ညွှန်ပြတော်မူခဲ့၏။

ယခုအခါ ယင်းအပ္ပမာဒ ပဋိပတ် အမွေကို ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး
က ဆက်လက် အမွေရကာ အကျယ်ပြန့်ဆုံး ဖြန် ့ချိတော်မူလျက် ရှိနေလေပြီ။
သီးလုံးဆရာတော်ကြီး မကြာခဏ ဆုံးမတော် မူလေ့ရှိသော သြဝါဒမှာ-

