## PAGE 211

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၅၅

“ဓလေန ဘဝတိ ပင်္က၊ ဇလေနေဝ ဝိသုတိ။

စိတ္တေန ဘဝတိ ပါပံ၊ စိတ္တေနေဝ ဝိသုဒ္ဓတိ။

ရွှံ့ညွန်သည် ရေကြောင့် ဖြစ်ရ၏။ ရေဖြင့်သာလျှင် စင်ကြယ်၏။ မကောင်းမှုသည်
စိတ်ကြောင့် ဖြစ်ရ၏။ စိတ်ဖြင့်သာလျှင် စင်ကြယ်၏။ (စိတ်ကြောင့် ဖြစ်လာရသော
မကောင်းမှု အညစ်အကြေးကို စိတ်ဖြင့် ဆေးကြောမှသာလျှင် ဖြူစင်နိုင်ပေသည်။)”

## PAGE 212


ထွဋ်ခေါင်ဆရာတော်
( ၁၁၆၀ - ၁၂၄၂ )

မင်းတုန်းမင်း လက်ထက်တွင် ယောဂီ အများအပြား မှီခိုရလောက်အောင် ပဋိပတ်
သာသနာပြုနိုင်သူမှာ ထွဋ်ခေါင်ဆရာတော်ပင် ဖြစ်သည်။ ထွဋ်ခေါင်ဆရာတော်၏ အကြောင်း
အတ္ထုပ္ပတ်ကို ယခုအခါ သိသူရှားသော်လည်း ထိုအမည်ကိုကား သိနေကြ၏။ ဥပုသ်ဇရပ်များတွင်
ဆရာတော်၏ အဆုံးအမများကား ယနေ့တိုင် အသံမတိတ်သေး။

၁။` သဗ္ဗေသတ္တာ၊ ဝေနေယျာ၊ သံသာရှည်လှပြီ။
၂။ အတည်ကျကျ၊ ဘယ်ဘဝ၊ ရကြမရှိပြီ။
၃။ ရအံ့နိုးနိုး၊ လောဘမျိုး၊ အကျိုးယုတ်လှပြီ။
၄။ နင့်ကိုယ်နှင့်အား၊ နင်မသနား၊ နင်မှားရှာတော့သည်။
၆။ လူဖြစ်ကျိုးမှ၊ မခံရ၊ ရှုံးလှချေ၏မင်း။

၇။ ယခုဘဝ၊ မသိကြမှု၊ အမတမည်ခေါ်၊ ရွှေပြည်တော်၊ အစော်မနံလျှင်း၊

ပုဒ်ရေ ၁၀၁-ပုဒ်ရှိ ကမ္မဋ္ဌာန်းသံပေါက်များသည် စာမတတ်သော အဘွားအိုများ
နှုတ်သို့ပင် ရောက်ခဲ့ကြ၏။ ဆရာတော်ရေးသားပြုစုခဲ့သော (ရာဇပါမောဇ္ဇကျမ်း၊ ဓမ္မ၊ ပီတိ၊
ပကိဏ္ဏက၊ သံဝေဂ၊ အဇ္ဈာသယ၊ သမန္တ၊ သာဓုဇနပါမောဇ္ဇ စသော) ပါမောဇ္ဇအမည်ရှိ
ကျမ်း ၁၃-ကျမ်းထက်ပင် သာသနာပြု ခရီးတွင်ခဲ့ကြသည်။ (ရာဇပါမောဇ္ဇကျမ်း ဟံသာဝတီ
တိုက်မှ ရိုက်နှိပ်ပြီး ရှိပြီး)

ရေပွက်ပမာ တစ်သက်တာမျှသောဘဝကို သာသနာတော်နှင့် ကြုံကြိုက်လို့မှ အလျော်
အစားမလုပ်ရဲ၊ ဟိုနည်းနည်း၊ သည်နည်းနည်း၊ ဟိုနိုးနိုး၊ သည်နိုးနိုးဖြင့် မရှုမလှ ကိုယ်ကျိုး
နည်းရသော ပုထုဇဉ်တို့၏ ယောင်ချာချာ ဘဝသရုပ်ကား ပေါ်လွင်လှပေ၏၊ ယခုလိုဘဝမျိုး
ရလို့မှ အသိတရား မရှိကြလျှင် နိဗ္ဗာန်ကို အစော်မျှမနံရ။ “ဘဝတိုင်းရှုံး၊ လူ့ ကျောက်တုံး၊
စုန်းစုန်းမြုပ်ရန်သာ ရှိတော့ကြောင်း” စသည်ဖြင့် ဆရာတော်၏ သံပေါက်လင်္ကာများမှာ
မေ့လျော့ပျော်မြူးနေသူများအား ကြီးစွာသောတုန်လှုပ်ချောက်ချားခြင်း ပြင်းပြသော တရား
သံဝေကို ဖြစ်ပေါ်စေနိုင်၏။ အိပ်ပျော်နေသူများအား ဒိုးဒိုးဒေါက်ဒေါက် ရိုက်၍ နှိုးလိုက်
သကဲ့သို့လည်း ရှိပေသည်။

မြတ်စွာဘုရားရှင် ပွင့်ပေါ်၍ အနတ္တဒေသနာတော်ကြီး ကြွေးကြော်လိုက်သောအခါ
ခိုင်မြဲသောဘဝဟု ထင်ရလောက်အောင် အသက်ရှည်သော ဗြဟ္မာကြီးများပင် တုန်လှုပ်
ကြောက်လန့် သွားသကဲ့သို့ ပြောင်မြောက်လှပေ၏။ ထိမိလှပေ၏။ တစ်နေ့တစ်ခေါက်
မှန်မှန် ဖတ်သွားလျှင် မုချ ပြောင်းလဲတိုးတက်စေရမည်ဟုပင် ဆိုသင့်စွာ။


## PAGE 213

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၅၇

ထွဋ်ခေါင်ဆရာတော်၏ ဘဝဖြစ်စဉ်

ထွဋ်ခေါင်ဆရာတော်သည် ပဋိပတ္တိ အရာတွင် ကျော်ကြားသကဲ့သို့ ပရိယတ္တိမှာလည်း
ထူးခြားလှသည်။ ရှင်သာမဏေဘဝကပင် ပထမကျော်အောင်၍ ပရိယတ္တိ စွမ်းရည်ဖြင့်လည်း
ဆွေမျိုးများ၏ အားကိုရာ ဖြစ်ခဲ့သည်။

ဆရာတော်၏ ဇာတိကား ဟင်္သာတမြို့နယ် လေးမျက်နှာမြို့အနီး မြင်းကကုန်းရွာဖြစ်၏။
မိဘ ဦးလူကြီး-ဒေါ်မေ။ ၁၁၆၀-ပြည့်နှစ် တပေါင်းလပြည့် အင်္ဂါနေ့ နေတက်ချိန်၌ ဖွား
သည်။ ငယ်မည်မှာ မောင်စိုး၊ သားချင်းမှာ အစ်မ မငွေတစ်ဦးသာရှိ၏။ မောင်စို ၁၃ နှစ်
အရွယ်ရောက်သောအခါ အင်းဝမြို့မှ ကျမ်းတတ်အကျော် မန်ကျည်းတော ဆရာတော်ကြီးသည်
အကြောင်းအားလျော်စွာ လေးမျက်နှာမြို့နယ် ငတရော် ကျွဲခေါင်းကျောင်း၌ သီတင်းသုံးခိုက်နှင့်
ကြုံကြိုက်ရသည်။ မိဘများက သူ့အား ထိုဆရာတော်ထံ အပ်နှံ၍ မကြာမီ ရှင်သာမဏေ
ပြုပေးကြသည်။ ဘွဲ့မှာ ရှင်ဉာဏဝန္တ ။ မောင်စို ရှင်သာမဏေ ဖြစ်ချိန်တွင် ခမည်းတော်ကြီး
ကွယ်လွန်လေပြီ။

မန်ကျည်းတော ဆရာတော်ကြီး အင်းဝသို့ ပြန်ကြွသောအခါ ရှင်ဉာဏဝန္တ လည်း
မယတော်ကြီးအား ခွင့်တောင်း၍ ဆရာနှင့်အတူ အင်းဝသို့ လိုက်ပါသွားခဲ့၏။ ထိုအချိန်ကား
အမရပူရ နေပြည်တော်၌ ဘိုးတော်မင်းတရားကြီး ထီးနန်းစိုးစံခိုက် ဖြစ်သည်။ အင်းဝသို့
ရောက်လျှင် စာပေပရိယတ္တိကို ကြိုးစားသင်ယူ၏။ ဉာဏ်ပညာ ထက်မြက်၍ အသက်နှင့်
မလိုက်အောင် သင်ရိုးတတ်မြောက်သည်။ ရူပကာယ သပ္ပာယ်သလောက် ဣန္ဒြေလည်း
ရင့်ကျက်၏။ “ရတနာရှိရာ ရတနာစု” ဟူသကဲ့သို့ တော်သူများ၌ အားလုံး တော်တတ်သည့်
အတိုင်း အကျင့်သီလဖြူစင်၍ ကျင့်ဝတ် စရဏဘက်တွင်လည်း လိုနေသည်မရှိ။ ထို့ကြောင့်
ဆရာသမားတို့၏ မြှောက်စားခြင်း ခံရသကဲ့သို့ “သီရိပဝရ တိလောကမဟာရာဇိန္ဒာ ရတနာ
ဒေဝီ” ဘွဲ့ချီသော မိဖုရားခေါင်ကြီး၏ ပစ္စည်းလေးပါး အထောက်အပံ့ကိုလည်း ခံယူရ၏။

ပုဗ္ဗေစ, ကံ၊ အရင်းခံ၊ ကြံတိုင်းအောင်စမြဲ

ပုဗ္ဗေစ ကတပုညတာစက် (ရှေးကုသိုလ်က) အားကောင်းသောသူသည် မည်မျှ
နိမ့်ကျသော ဇာတိဒေသ၌ ဖြစ်ရစေကာမူ ထိုကံကပင် ထိုသူနှင့် ထိုက်တန်သော (ပဋိရူပ)
အရပ်သို့ ပို့ဆောင်ပေးရ၏။

ထိုသူမျိုးနှင့် ထိုက်တန်သော ဆရာသမား မိတ်ဆွေများ ရှိရာသို့ မရောက်- ရောက်
အောင် ထိုကံကပင် စီမံ၏။ သပ္ပုရိသူပနိဿယ စက်ကို ဆက်၍လည်စေ၏။

ဤမျှသာလား၊ မဟုတ်သေး။ ဘဝလမ်းကြောင်း တိမ်းစောင်းမှ မရှိ၊ မိမိကိုယ်ကို
ဟန်ချက်ညီညီ ထိန်းချုပ်နိုင်စွမ်းသော အတ္တသမ္မာပဏီဓိစက်ကိုလည်း ထိုရှေးကံကပင်-
ကွပ်ကဲ၏။ (ဤကား အင်္ဂုတ္တရ စတုက္က၊ စက္ကသုတ် အဋ္ဌကထာ စကားတည်း။)

