## PAGE 214


၁၅၈

ဓမ္မာစရိယ ဦးဌေးလှိုင်

“ရှေးကံကား တစ်ကျပ်သားတွင် တစ်မတ်သားခန့်သာ ပါဝင်သည်” ဟု ရုပ်ဝတ္ထု
အစွဲသန်သူတို့၏ ရေးသား ပြောဆိုချက်ကို သတိမူကြရန် ဖြစ်သည်။ ထွဋ်ခေါင်လောင်းလျာ
ရှင်ဉာဏဝန္တ၏ ပုဗ္ဗေစ ကတပုညတာ စက်အား ကြီးမားပုံကို ဆက်၍ ကြည့်ဦးစို့။

ရှင်ဉာဏဝန္တ သည် ရှင်သာမဏေ ဘဝဖြင့် ပိဋက သင်ရိုးပေါက်ကာ “သုဓမ္မာပထမပြန်
ပွဲကြီး၌ ဝင်ရောက်၍ မှတ်ကျောက်တင်ရာ ပဲထမကျော်ဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့၏။ မိဖုရား
ခေါင်ကြီးက “မောင်ရင့် မိဘသားချင်းများကို နေပြည်တော်ခေါ်ပါ။ ချမ်းချမ်းသာသာ
ချီးမြှောက် ထောက်ပံ့ထားပါမည်” ဟု လျှောက်၍ အစ်မ ဒေါ်ငွေ၊ ဦးစံလုံး (သား-
မောင်သာရွဲ၊ မောင်သာဖဲ၊ သမီး-မဇံသီး၊ မလွန်းမယ်) တို့ကို စစ်ကိုင်း ပွဲဆိပ်ရပ်၌ နေရာ
ချထားပေး၏။ ထိုအခါ မယ်တော်ကြီးလည်း ကွယ်လွန်ရှာပြီ။ သက္ကရာဇ်ကား ၁၁၈ဝ-
ပြည့်နှစ်တည်း။

ပထမကျော်အောင်ပြီး ၁၁၈၁-ခုနှစ်တွင် ထိုကျောင်း၊ ထိုဆရာ ထိုဒကာတို့၏
တရားပစ္စည်း ချီးမြှောက်ခြင်းကို ခံယူ၍ ရှင်ဉာဏဝန္တ ရဟန်းအဖြစ်သို့ ရောက်၏။

ရွှေကျောင်းစံဘဝမှ တောရဝင်

ရဟန်းရှစ်ဝါအထိ ပရိယတ်ဝန်ဆောင်၍ ၁၁၈၈-ခုနှစ်တွင် ဂုဏ်ကျက်သရေ ကြီးမား
လှသော မင်းမိဖုရား အကိုးကွယ်ခံ၊ ရွှေကျောင်းစံ စာချဆရာတော်လေး အဖြစ်မှ သစ်
တစ်ပင်ရင်း ဝါးတစ်ပင်အောက်သို့ နောက်ပါအဖော်မမှီး တစ်ကိုယ်တည်း တောထွက်တော်မူ၏။

ပထမဆုံး တောရ ခိုဝင်သည့် နေရာကား မင်းဝံခေါ် စစ်ကိုင်းတောင် အနောက်ဘက်
တောင်ခြေရှိ စည်းခုံစေတီတော်ကြီး အနီးအပါး ဖြစ်၏။ နောက်မကြာမီ တောင်ပေါ်ရှိ
ရတနာထွဋ်ခေါင် စေတီအနီးသို့ ရွှေ့ပြောင်းသည်။ ရတနာထွဋ်ခေါင် စေတီကား ယခုတိုင်
ရှိ၏။ သက္ကရာဇ် ၆၇၇-ခုနှစ် စစ်ကိုင်းမြို့တည် အသင်္ခယာစောယွန်း၏ သမီးတော် စိုးမင်း
ကိုယ်တော်ကြီး၏ ကောင်းမှုတည်း။ ထိုစေတီ အနောက်စောင်းတန်းဦး၏ တောင်ဘက်တွင်
သီတင်းသုံးသည်။ ထိုအခါမှစ၍ “ရတနာထွဋ်ခေါင် ဘုန်းကြီးလေး' ဟု ခေါ်တွင်စ ပြုကြ
လေ၏။

ဆရာတော်သည် အခြေခံဖြစ်သော ရဟန်းသီလကို မြဲမြံလုံခြုံစွာ ဖြည့်ဆည်း၍
ဓုတင် ၁၃-ပါးကိုလည်း အလျဉ်းသင့်သလို ဆောင်တော်မူ၏။ ရဟန်းရှစ်ဝါမှ စ၍ အနှစ်
၂၀-ကျော် ၃၀-နီးပါး နေရာ အတည်တကျ မထား။ ရဟန်းတရားနှင့်လျော်ရာ ဆိတ်ငြိမ်ရာ
အရပ်တို့၌သာ တစ်တောထွက်ဝင် လှည့်လည်သီတင်းသုံးသည်။ အများအားဖြင့် မင်းဝံ
တောင်ကြီးကို ဗဟိုပြု၍ သီတင်းသုံးတော်မူရာ ထိုအချိန်၌ မင်းဝံတောင်ကြီးသည်လည်း
ဆင်နေကျားအောင်း ပုပေါင်းထူထပ်သော တကယ့်တောကြီးမြိုင်လယ်ပင် ဖြစ်သည်။ ရှေး၌
ပြခဲ့သော ဈာနလာဘီ အရှင်မုနိန္ဒဃောသခေါ် ကမ္မဋ္ဌာန်း နည်းပြ ဘုန်းတော်ကြီးလည်း
ပဘာချောင်၌ သီတင်းသုံးခိုက် ရှိပေသည်။


## PAGE 215


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၅၉

ထွဋ်ခေါင် ဆရာတော်ကား အနှစ်–၂ဝ ကျော်လုံးလုံး ဘဝဇာတ်မြှုပ်၍ “ဒီဘဝနှင့် အလုပ်”
ဟု မဆုတ်နစ်သော လုံ့လဖြင့် ဘဝကို အလျော်အစား ပြုရဲသော အာဇာနည်ယောက်ျားပေတည်း။
မည်သည့် အကြောင်းကြောင့်မျှ နောက်ကြောင်း မပြန်ဘဲ တွေ့သမျှ ဆင်းရဲဒဏ်ကို ခန္တီဖြင့်
အနိုင်ယူ၏။

အရှုံးပေးမှ အနိုင်ရ၊ လောကကိုမကြည့်မှ လောကကို မြင်ကြောင်း ကိုယ်တိုင်တွေ့သော
အသိက ရှေ့သို့သာ တွန်းပို့လေတော့၏။ “ဗာလပဏ္ဍိတသုတ်' ၌ နိုင်စနိုင်ခြေ ရှိသော
အလောင်းအစားသမားသည် တိုး၍ တိုး၍သာ ရှိသမျှ ပုံအောပြီး လောင်းစားသည်ဟု
ဟောတော်မူသကဲ့သို့တည်း။

တွေ့သမျှ သစ်ပင်တို့သည် ဆရာတော်၏ ကျောင်းများ ဖြစ်ကြသည်။ ညမှောင်စပြုလျှင်
ဘုရားဝတ်တက်၊ မေတ္တာပွား၊ ဘုရားရှင်အား အသက်နှင့်ခန္ဓာကိုယ်ကို အပြတ်လှူ၍ အမျှဝေ
သည်။ ကျေးငှက်များ အိပ်တန်းတက်သည်နှင့် ညဉ့်ဦးယံ ကမ္မဋ္ဌာန်းအလုပ်ကို စလေတော့၏။

မအိပ်မနေ နေ့စဉ် ပွားများ၍ သမာဓိအား ကောင်းစပြုချိန် ခေါင်းပါးသော အစာ
ရေစာကြောင့် လေနာရောဂါကြီး စွဲကပ်လေတော့သည်။ ရောဂါကို မကျော်လွန်နိုင်သည့်အဆုံး
ပိန်ချုံးနွမ်းရိနေခိုက် ဆရာမောင်ချမ်းသာနှင့် ဆွမ်းခံရွာမှ ဒကာများက မြင်းမွေးတောရ
ကျောင်းကလေးသို့ ဆေးကုသခံရန် ပင့်ဆောင်ကြ၏။ မြင်းမွေး တောရကား ထွဋ်ခေါင်တောရမှ
အနောက်မြောက် လေးမိုင်ခန့် ဝေးကွာသည်။ ရောဂါသက်သာစ ပြုလျှင်ပင် ထိုတောရမှ
ဖဲခွာ၍ လက်လုပ်တောရ၊ ပေါက်တောကန်တောရ၊ ပဲကတိုးတောရ စသော ကောင်းမှုတော်
စေတီကြီး၏ ပတ်ဝန်းကျင်တောရ စခန်းတို့၌ လှည့်လည် သီတင်းသုံးတော်မူ၏။ တစ္ဆေ၊
သရဲ၊ သားရဲတိရစ္ဆာန်တို ့နှင့် အကြိမ်ကြိမ် တွေ့ကြုံရသော်လည်း ဆရာတော်၏ မေတ္တာသည်
ရောက်လေရာ၌ ဆွေမျိုးပမာ ကြင်နာစေ၏။ ဘေးရန်ကို ကာကွယ်ပေးသည်။

အန္တ ရာယ်များနှင့် ရင်ဆိုင်ရဲသော လက်နက်

ထွဋ်ခေါင် ဆရာတော်သည် အရညဝါသီအဖြစ် တစ်တောထွက်ဝင် သီတင်းသုံးတော်
မူရာတွင် တောရပုဂ္ဂိုလ်တို့၏ ထုံးစံအတိုင်း အန္တ ရာယ်အမျိုးမျိုးနှင့် မကြာခဏ ရင်ဆိုင်တော်
မူရ၏။

တစ်ရံရောကာလ တောကျောင်းမှ ဆွမ်းခံကြွရာ လမ်းခုလတ်၌ တောဆင်အုပ်ကြီးနှင့်
ခရီးရင်ဆိုင် တိုးမိသည်။ ဆရာတော်သည် ခေတ္တရပ်တန့်၍ လက်ဝါးဖြင့်ကာလျက် မေတ္တာ
ဘာဝနာ ပွားပို့၏။ ဆင်များမှာ ချက်ချင်းပင် ကစဉ့်ကလျား လမ်းဖယ်သွားကြသည်။
အချို့ဆင်များကား ဦးညွတ်၍ပင် သွားကြသောဟူ၏။

မြတ်စွာဘုရားရှင်သည် သေရည်သောက်ကြူး မုန်ယစ်မူးသော နာဠာဂီရိဆင်နှင့်
ရင်ဆိုင်ရရာ၌ စကြဝဠာ အနန္တရှိ သတ္တဝါအနန္တ အပေါ် ဖြန် ့လွှမ်းထားနိုင်သော မေတ္တာ
စိတ်ဓာတ်များအားလုံးကို စုပြုံကျုံးဖိ၍ ပွားပို့လျှင်ပင် ချက်ချင်း မုန်ယစ်ပြေ၍ ဦးညွတ်လာသကဲ့သို့


## PAGE 216

၁၆၀

ဖြစ်လေသည်။


ဓမ္မာစရိယ ဦးဌေးလှိုင်

မိမိမေတ္တာစိတ်ဓာတ် လွှတ်လိုရာ၌ စူးစူးစိုက်စိုက် ခိုက်ခိုက်ထိထိ၊ မိမိရရ ပိုက်ကွန်ဖြင့်
လွှမ်းအုပ်သကဲ့သို့ ပို့လွှတ်နိုင်ပါလျှင် ယုံကြည်ခက်သော သူတော်ကောင်းတို့၏ “တန်ခိုး”
ဆိုသည့်အရာကို ကောင်းစွာ သဘောပေါက် လာပါလတ္တံ့။

ပေါက်တောကန်တောရ၌ သီတင်းသုံးတော်မူစဉ်ကလည်း သေဝပါးနီး အန္တ ရာယ်နှင့်
ရင်ဆိုင်တော်မူခဲ့၏။ ဆရာတော်သည် တောကျောင်းကလေး၌သာ နေတော်မူသည်မဟုတ်။
သစ်ပင်ရင်း၌ နေခြင်း (ရုက္ခမူဓုတင်)၊ လွင်တီးခေါင်၌ နေခြင်း (အမ္ဘောကာသိကဓုတင်)
စသော ဓုတင်အကျင့်များကိုလည်း ကျင့်ကြံသည်။ တစ်နေ့သောအခါ တောချုံထူထပ်သော
အရပ်၌ နေ့သန့် ရာအဖြစ် သီတင်းသုံး၍ တရားရှုမှတ်တော်မူ၏။ “ဘိုးတက်ခါး” အမည်ရှိ
သားလိုက်မုဆိုးကြီးသည်လည်း ထိုတော၌ ကျက်စားလျက်ရှိရာ ဆရာတော်အား သားကောင်
မှတ်၍ သေနတ်ဖြင့် ပစ်၏။ သေနတ်မှာ မီးမကူးဘဲ ဘိုးတက်ခါးသာ မူးမိုက်၍ လဲကျသွား
သည်။ ဆရာတော်ကား မည်သို့မျှမသိ၊ မုဆိုးလည်း သတိရ၍ ကြည့်လိုက် သောအခါ
ဆရာတော်ကြီး ဖြစ်နေကြောင်း သိရသဖြင့် ထိတ်လန့် သွားသည်။ ချက်ချင်းပင် ဆရာတော်၏
ခြေစုံကိုဖက်၍ ခွင့်လွှတ်ရန် အကြောင်းစုံ လျှောက်ထား တောင်းပန်၏။ နောက် သံဝေဂရ၍
ဘိုးတက်ခါး - ရဟန်းပြုသွားသည်။

သီလ, မေတ္တာစသော သဘာဝတရားတို့ကား အချိန်အခါမရွေး၊ နေရာဌာနမရွေး၊
မျက်နှာကြီးငယ် မလိုက်။ တကယ်ယုံကြည်၍ ကျင့်သုံးလျှင် ဗုဒ္ဓခေတ်နှင့် ယနေ့ ဘာမျှ
ထူးခြားခြင်းမရှိ။ ထိုအချက်ကို မြန်မာနိုင်ငံ အရိယာ သူတော်မြတ်ကြီးများက သာဓက
မူကြကုန်ပြီ။

“အာခီးမီးဒီး(စ်) မှ နယူးတန်၊ အိုင်းစတိုင်း' တိုင်အောင်သော သိပ္ပံဆရာ အဆက်
ဆက်တို့သည် တိကျ ခိုင်လုံသည့် သိုက်ညွှန်းကျမ်းစာ မရှိပါဘဲလျက် လျှပ်စစ်အဏုမြူ
စသော ကမ္ဘာ့အံ့ဖွယ် အသုံးအဆောင်များကို ထုတ်ဖော်နိုင်ခဲ့ကြ၏။ မိမိစိတ်ဝင်စားရာ
အလုပ်တစ်ခုတည်း၌သာ ဘဝကို မြှုပ်နှံ၊ လောကကို ခြေကန်၍ ပတ်ဝန်းကျင်၏ ကဲ့ရဲ့
ဒဏ်၊ ရံခါ မင်းစိုးရာဇာ ဘာသာရေး တစ်ယူသန်တို့၏ ရာဇဝတ်ဒဏ်များကိုပင် ခံယူကာ
မဖြစ်မနေ ရှာဖွေခဲ့ကြရတုံသေး၏။ ပဋိပတ်အလုပ်ကား ထိုသို့မဟုတ်၊ တိကျခိုင်မာသည့်
ကျမ်းစာလည်း ရှိပြီး ရှေ့သွား ခေါင်းဆောင်လည်း မနည်း။ လမ်းလည်း ဖုံနေပြီ။

“ရန်သူဝိုင်းထား၊ ထိုယောက်ျားကား၊ ပြေးသွားဖို့ရာ၊ လမ်းပေါက်သာလျက်၊ ပြေးမထွက်၊
လမ်းတွက် မဟုတ်ပါချေတကား။”

ဆရာတော်သည် တိရစ္ဆာန်နှင့်လူသားတို့၏ အန္တ ရာယ်သာမဟုတ်၊ သရဲတစ္ဆေ၊
မြေဘုတ် စသော နာနာဘာဝတို့၏ ခြောက်လှန့်ခြင်း အမျိုးမျိုးကိုလည်း ခံခဲ့ရသည်။
ကောင်းမှုတော်စေတီကြီး မြောက်ဘက် တောကျောင်း၌ နေစဉ်က သုသာန်ဓုတင် ဆောက်တည်
ရာ နာနာဘာဝတို့သည် အမျိုးမျိုး ခြောက်လှန့်ကြ၏။ ဆရာတော်အား အရိုအသေပေး၍
တရားနာယူသော နာနာဘာဝ ဝေမာနိက ပြိတ္တာတို့လည်း မနည်းပေ။

