## PAGE 220

၁၆၄


ဓမ္မာစရိယ ဦးဌေးလှိုင်

ခေါင်းညိတ်လျက် စဉ်းစားနေ၏။ တိတ်ဆိတ်အေးချမ်းလှသော တောတောင် လျှိုမြောင်ကြီး
အတွင်း အတန်ကြာ စကားဆိတ်၍ အတွေးကိုယ်စီ နေကြရာမှ-

“အင်း-မောင်တို့ ညီအစ်ကို ဆင်းရဲသား ဟန်ဆောင်ပြီး အဝတ်အစား ညစ်ညစ်နဲ့
လာသော်လဲ မင်းညီမင်းသားတွေပဲ မဟုတ်လား” ဟု ဆရာတော်က တိုက်ရိုက်ကြီး
မေးလိုက်ရာ ဖုံးကွယ်မရ။ ရွှေဘိုမင်း၏သား ပုဂံမင်း၏ညီတော် မင်းတုန်းမြို့စားနှင့်
ကနောင်မြို့စား ညီအစ်ကိုဖြစ်ကြောင်း လျှောက်ထားကြရသည်။

“မင်းသားတို့မှာ သာသနာပြုရဦးမည့် ဘုန်းကံ ရှိသေးသည်။ ရဟန်းဝတ်လိုလျှင်
နောင်ခါကျမှ ဝတ်ကြတာပေါ့” ဟု အတိတ်အနာဂတ်ကို မြင်တော်မူသည့် အတိုင်း
ချော့မော့ ဟောတော်မူလျှင် ညီနောင်မင်းသား နှစ်ဦးမှာ မတင်မကျ ရှိနေသော အကြံကြီး
အောင်မြင်သွားသကဲ့သို့ အတိုင်းမသိ ဝမ်းမြောက်သွားကြ၏။ လောလောဆယ် ဆုံးဖြတ်ထား
သည့် အစီအစဉ်များကိုလည်း ရပ်ဆိုင်းထားလိုက်ရဟန် တူလေသည်။

“ဆရာတော့် အမိန့်အတိုင်း နာခံပါမည်” ဟု လျှောက်ထား၍ ခရီးစဉ် ဖျက်ကာ
ဆင်မချောင်နေရာ၌ ကျောက်တုံး ကျောက်ခဲများကို ကိုယ်စီထမ်းပြီး နေရာလမ်းပန်း
သုတ်သင်ညှိခင်းကြသည်။ ညီနောင် နှစ်ပါး ပြန်မည်ရှိ၍ ဝတ်ဖြည့်ကြသောအခါ ဒုလ္လဘငါးပါး၊
မင်းကျင့်တရားနှင့် ညီညွတ်ခြင်း၏ အကျိုးများကိုလည်း ဟောကြားလိုက်လေ၏။
နောက်ဆုံး လေးလေးနက်နက် ပေးလိုက်သည့် သြဝါဒကား-

"

“မောင်တို့ အတိတ်ကပါသည့် ဘုန်းကံကို ပစ္စုပ္ပန်စိတ်မိုက်ကြီးကြောင့် မပျက်စီးကြ
စေလင့်။ အပင်တို့ မည်သည် အချိန်တန်မှသာ သီးရပွင့်ရသည်။ အတင်းအကျပ် လုပ်ယူ၍
မရ။ လိမ်လိမ်မာမာ နေကြလေ” ဟူသတည်း။

မမြင်ရသော သူတော်ကောင်းတို့ တန်ခိုးအား

ဆရာတော်၏ စကားများသည် လေးနက်လှ၏။ ဆရာတော်၏ အသိအမြင်
တို့သည်လည်း လင်းချင်းလှပေ၏။ သစ္စာတရားကို စောင့်ထိန်းသူပီပီ မိမိ၏ အရှိန်အဝါ
အမိန့်အာဏာ တန်ခိုးလည်း တစ်ပါးသူတို့အပေါ်၌ လွှမ်းမိုးနိုင်ပေစွာ။ လူယဉ် လူရိုင်း
မရွေး တုတ်၊ ဓားမဆောင် ကြိုးမနှောင်ဘဲ ယဉ်ကျေးအောင် အတုမဲ့ ဆုံးမတော်မူနိုင်သော
“အနုတ္တရော ပုရိသ ဒမ္မသာရထိ ံ ဂုဏ်တော်သခင် ဘုရားရှင်၏ သားကြီးသြရသ မည်တော်
မူပါပေ၏။

မင်းသားညီနောင်တို့ ဆရာတော့်ထံ လာရောက်ကြသည်မှာ ဆရာတော်၏ အသိအမြင်
ပညာစွမ်းရည်ကို ကြိုတင်သိရှိ၍ မိမိတို့ ရည်ရွယ်ချက်အောင်, မအောင် ဗေဒင်မေးသကဲ့သို့
လာခြင်းလော။ တရားအမြိုက်ရေဖြင့် မိုက်မျက်ဖြေရန် နတ်တို့ ဆော်ဖန်ခြင်းလော။ မည်သူ
မျှ အတိအကျ မပြောနိုင်။

ဆင်မချောင် တောင်ကြားတွင် သုံးဦးသား အမှတ်မထင် ခေါင်းချင်းဆိုင် လိုက်ရာမှ


## PAGE 221


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၁၆၅

ကြီးကျယ်သော ပြောင်းလဲမှုကြီးတစ်ခု ဖြစ်သွားသည်ကိုလည်း မည်သူမျှ မသိလိုက်ကြ၊
လူပေါင်းများစွာ သေကြေပျက်စီး၍ တိုင်းပြည်အလုံး မီးဟုန်းဟုန်း တောက်ကာ သတ္တန္တ ရကပ်ကြီး
ဆိုက်ရောက်ရန် ဟန်ပြင်နေရာ ဆင်မတောင်ကြားတွင်ပင် အသံတိတ်စွာ ချုပ်ငြိမ်း ပျောက်
ကွယ်သွားလေ၏။

အကြောင်းကား မင်းသားညီနောင်သည် အမရပူရ နန်းစံ နောင်တော်ပုဂံမင်းအား
ပုန်ကန်ရန် အကြံကြီးကို ရင်ဝယ်ပိုက်၍ လာကြခြင်း ဖြစ်၏။ ထွဋ်ခေါင်ဆရာတော်နှင့်သာ
မတွေ့ကြုံလိုက်ပါမူ သတ္တဝါအများ မည်မျှ သေကြေ ငတ်မွတ်ကြမည်ကို မခန့်မှန်းနိုင်ချေး
လောကကြီး၌ ပဋိပတ်တရား ကျင့်ကြံရှုပွားကြသော အရိယာ သူတော်ကောင်းကြီးများ၏
တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်ရာမထ လောကကြီးကို ထိန်းချုပ်နိုင်သည့် မမြင်ရသော အား
အစွမ်းကား ကြီးမားစူးရှလေစွာ့။ (တိတ်ဆိတ်ခြင်းအားကို သုတ္တနိပါတ် နာလကထေရ်
အခန်း ကြည့်ပါ။)

တိတ်ဆိတ်အေးချမ်းစွာ လောကကြီးမှ ဖဲခွာ၍ သံသရာ လွတ်ကြောင်း တစ်ကိုယ်ကောင်း
အလွတ်ရုန်းသည်ဟုထင်မြင်ရသော်လည်း ထိုသူတော်မြတ်ကြီးတို့၏ သီလ၊ သစ္စာ၊ မေတ္တာ၊
ခန္တီ သဘာဝစွမ်းရည်တို့ဖြင့် တစ်လောကလုံးအား ထိန်းချုပ် ပဲ့ကိုင်နိုင်စွမ်း ရှိသည်ကိုမူ
မမြင်နိုင်ကြချေ။ ယုံကြည်ရန်လည်း ခဲယဉ်းပေစွာ့။

ရှေးအခါက ကန္တာရခရီးလမ်း၌ အစာရေစာ ပြတ်၍ ငတ်မွတ် သေကြေအံ့သော
လှည်းကုန်သည်တို့အား တန်ဖိုးဖြင့် ဝေဖန်ဆင်း၍ ဗကဗြဟ္မာလောင်း ရသေ့ကြီး ကူညီခဲ့ဖူး၏။
လှည်းကုန်သည်တို့သည် ရေကို အလွယ်တကူ သောက်သုံးနေကြရသော်လည်း ရသေ့ကြီး၏
ကျေးဇူးကို မသိမြင်နိုင်ကြ၊ လူပြိန်းတို့လည်း ထိုသို့သော ယောဂီသူတော်ကောင်းတို့အား
အချိန်ဖြုန်းသည်, ကိုယ်လွတ်ရုန်းသည်ဟု ထင်မှားကြလေ၏။ ဆိတ်ဆိတ်နေ၍ အသံမမြည်သော
စွမ်းအား များကိုကား မမြင်ရချေ။

သက်ရှိသက်မဲ့တို့ကို မိမိသို့ ညွတ်ကိုင်းအောင် လိုရာ ဆွဲဆောင်နိုင်သော အလင်းရောင်၏
ဆွဲအား၊ သက်မဲ့ချောင်းမြောင်း စသော ရေအလျဉ်များကို (ငါးပိရေအိုးပါမကျန်) တက်စေ
ကျစေအောင် အသံတိတ် ဆွဲဆောင်နိုင်သော လ၏ ဆွဲအား၊ ထိန်းချုပ်အား၊ လေထု၏
ဖိအား၊ တွန်းအား ထိန်းချုပ်အားတို့ကား မကြားရ မမြင်ရသော်လည်း သဘာဝအားများအဖြစ်
ထာဝရ တည်ရှိ၍ ထိန်းချုပ်ပဲ့ကိုင် နေကြပေသည်။

သိပ္ပံဆရာတို့ တွေ့သော အားထက်ပင် သူတော်ကောင်းတို ့၏ အားသည် အဆ
ရာထောင်မက ကြီးမားလှပေ၏။ ထို့ကြောင့်လည်း-

“ယတ္ထ အရဟန္တော.ဝိဟရန္တိ။ တံဘူမိ ရာမဏီယကံ=အရိယာ သူမြတ်တို ့ နေရာ
အရပ်သည် မွေ့လျော်ဖွယ် ရှိ၏။ ဘေးရန်ကင်းကွာ ငြိမ်းချမ်းသာယာ၏” ဟု ဟောတော်
မူလေသည်။

ထွဋ်ခေါင်ဆရာတော်ကဲ့သို့သော အရညဝါသီ ပုဂ္ဂိုလ်သူမြတ်ကြီးများကို မဆိုထားဘိ၊
ဂါမဝါသီ ဘုန်းကြီးတစ်ပါး တည်ရှိနေလျှင်ပင် အိမ်ခြေသုံးလေးရာကို သာမန်အရှိန်အဝါမျှဖြင့်ပင်


## PAGE 222


၁၉၆

ဓမ္မာစရိယ ဦးဌေးလှိုင်

ထိန်းထားနိုင်သည်ကို ထောက်ဆလျှင်လည်း သိသာလှပေသည်။ ထိုကဲ့သို့သော ဘုန်းတော်ကြီး
သာ မရှိပါလျှင် ထိုနေရာ၌ ထို့ထက် ကုန်ကျစရိတ် များစွာ၊ လူဦးရေများစွာ အသုံးပြု၍
လုံခြုံရေး ငြိမ်ဝပ်ပိပြားရေး အတွက် လုပ်ကြရပေလိမ့်မည်။ သို့သော်လည်း ထိုမျှလောက်
ငြိမ်ဝပ်ပိပြားကြမည်မဟုတ်။ ငြိမ်းချမ်းသာယာမှု ရကြမည်မဟုတ်။

သို့ရာတွင် “ဝိဒျု သာကီသတ်စဉ်က၊ စောမြတ်စွာ ကိုယ်တော်တိုင်ပ၊ မကယ်နိုင်
သည်စဉ်တုန်းကရယ်၊ ဘုန်းအရှိသား” ဟူသကဲ့သို့ ဘုရားအဆူဆူပင် ကယ်တင်ထိန်းချုပ်၍
မရစကောင်းသော ကံဟောင်း ဝဋ်ကြွေးတို့ကိုကား ခြွင်းချက် မြင်မြော်ကြရာ၏။ သူတော်ကောင်း
တို့၏ မမြင်ရသော တန်ခိုးနှင့် သတ္တဝါတို့၏ ကံအကျိုးကား သိနိုင်ခက်သော အစိန္တေယျ
တို့ပင်တည်း။

ထွဋ်ခေါင်ဆရာတော်သည် ဆင်မချောင်၌ပင် သီတင်းသုံးတော်မူခဲ့ရာ ၃၄-ဝါ အရ
၁၂၁၄-ခုနှစ်တွင် နောင်တော်ပုဂံမင်းကို နန်းချ၍ မင်းတုန်းမင်းသား နန်းတက်သည်၊
ညီတော် ကနောင်မင်းသားကား အိမ်ရှေ့ ဥပရာဇာတည်း။

ညီနောင် နှစ်ပါး အထွတ်အထိပ် ရောက်ကြသောအခါ ဆင်မချောင်၌ နောင်တော်က
ဘုံသုံးဆင့်ရှိ ကျောင်းမကိုလည်းကောင်း၊ ညီတော်က စင်္ကြံကျောင်းကို လည်းကောင်း ကိုယ်
တိုင် လုပ်အားပေးကာ ဆောက်လှူကြသည်။ ဆင်မချောင်ကိုလည်း “ဓမ္မိကချောင်” ဟု
ကျောက်စာကမ္ပည်း ထိုးလှူကြ၏။

ထိုမျှနှင့် အားမရ၍ ဆရာတော်အား နန်းတော်သို့ ပင့်ကြ၏။ နန်းတော်သို့
ရောက်လျှင် (ရာဇဂုရု=မင်းဆရာ) ဘွဲ့တံဆိပ်တုံးကြီးကို မင်းပရိသတ် အလယ်၌ ဆက်ကပ်
လှူဒါန်းခဲ့ကြရာ-

“ဤတံဆိပ်တုံးကြီး ဘာအသုံးကျလဲ၊ ငါသေလျှင် တံဆိပ်တုံးကြီးကို ခေါင်းအုံးဘေး
ချထားမည်ကို ငါရှက်လှတယ်၊ ကြည်ညိုလျှင် ငါ့တရားအတိုင်း လိုက်နာကြ” ဟု မိန့်ကာ
စစ်ကိုင်းတောင်သို့ ပြန်ကြွလေ၏။

ဗန်းမော်ဆရာတော် စာမျိုး ခနိုးခနဲ့

ထွဋ်ခေါင် ဆရာတော်သည် တောထဲမှာနေရင်းက မင်းဆရာ ဖြစ်တော်မူခဲ့၏။
ပစ္စည်းလေးပါး အလို ့ငှာ ဝတ်မိုးဝတ်မြေများကိုလည်း အလှူခံယူခဲ့ရသည်။ ဘုရင်မင်းမြတ်က
‘ဂဏဝိမုတ်’ လည်း သမုတ်ခွင့် ပြုတော်မူ၏။ ‘ဂဏဝိမုတ်’ ဟူသည် ရှင်ဘုရင်က
ခန့်ထားသော သာသနာပိုင် အမှူးရှိသည့် သုဓမ္မာဝင် ဆရာတော်များ အဖွဲ့က မည်သည့်ကိစ္စနှင့်မျှ
ဆင့်ဆို ခေါ်ယူနိုင်ခြင်း မရှိစေရ။ ဂိုဏ်းလွတ်အဖြစ် သီးခြားရပ်တည်ခွင့် ပြုခြင်းပင်တည်း။

စံကျောင်းတိုက်မှ ရဟန္တာဟု ရူးသွပ် ပြောဆိုမိသော ရှင်နာဂသေနအား မိမိနှင်ထုတ်
သည်ကို လက်ခံရကောင်းလားဟု စံကျောင်းဆရာတော်က ထွဋ်ခေါင်ဆရာတော်အား
မကျေနပ်။ သာသနာပိုင် ဦးဉေယျဓမ္မအား တိုင်တန်း၏။ မင်းတုန်းမင်းကြီး ကြားသိ၍

