## PAGE 238

i


:

အသက်တစ်ရာရှည်သော
ရဟန္တာဦးသာရွှန်း(ဦးကဝိန္ဒ)
( ၁၁၈၂ - ၁၂၈၂ )

မောင်းထောင်၊ ညောင်ကန်တစ်ဝိုက် အရညဝါသီ တောရမှီ ပုဂ္ဂိုလ်များ တစ်ခေတ်က
အလွန်များပြားခဲ့ဟန် ရှိ၏။ ထိုဒေသသည် ဟိမဝန္တာနှင့် တစ်စပ်တည်း ဖြစ်၍ တောတောင်လည်း
ထူထပ်သည်။ ကြောင်ပန်း၊ လယ်တီ၊ ကန္နီစသော ဆရာတော်များလည်း ထိုဒေသ၌
တောရခိုတော်မူကြဖူး၏။ ယောဂီအဖြစ်ဖြင့် လေ့လာစုံစမ်းသောအခါမှ ယောဂီတို့အတွက်
ဒေသကောင်းတစ်ခု ဖြစ်ကြောင်း တွေ့ရှိရသည်။ မောင်းထောင်ကြီးရွာ၏ မြောက်ဘက်
ခြောက်မိုင်ခန့်၌ ဝက်ရဲတောခေါ်သော အရပ်သည် ပို၍ တောမြိုင် ထူထပ်သဖြင့်
သူတော်ကောင်းကြီးများ ခိုအောင်းရာ ဖြစ်ခဲ့၏။ မဟာမြိုင်တောကြီး၏ တောင်ဘက်ပိုင်း
ဖြစ်သည်။

နာမည်ကျော် တောရစခန်းများ

သထုံခေတ်နှောင်း ပုဂံခေတ်ဦးလောက်ကပင် ခင်ကြီးမိုးခေါ်သော သူတော်စင်ကြီးတစ်ပါး
ထိုတော၌ပင် ခေါင်းချခဲ့သည်။ ထိုအချိန်တွင် တောကြီးမျက်မည်း အတွင်း၌ တရား
ရွတ်ဖတ်သံများနှင့် ကြေးစည် ခေါင်းလောင်းသံများ ညတိုင်းလိုလို ရွာသားများအားလုံး
ကြားကြရ၏။ ဆွမ်းခံကြွနေကျ ဘုန်းတော်ကြီး ခင်ကြီးမိုးလည်း မကြွလာသဖြင့် ဝက်ရဲ
ရွာသားတို့ သွားရောက် ကြည့်ကြရာ ခင်းကြီးမိုး ပျံလွန်တော်မူနေသည်ကို တွေ့ကြရသည်။
အလောင်းတော်ကို ရွာသို့ ပင့်ဆောင်ခဲ့ကြ၏။

မောင်းထောင် ရွာသားတို့ ထိုအကြောင်းကို ကြား၍ ခင်ကြီးမိုး ဇာတိ မောင်းထောင်သို့
ပင့်ယူ ပူဇော်လိုကြောင်း တောင်းဆိုကြသည်။ မရသည့်အဆုံး ညအခါ သွားရောက်
ခိုးယူကြ၏။ အလောင်းတော်ကို ထမ်း၍ ပြန်လာကြရာ မိုးမှောင်တောလယ် လကွယ်နေ့ည
ဖြစ်လျက် တစ်လမ်းလုံး လရောင်ထိန်ထိန်လင်းနေသည်။ မောင်းထောင်သို့ ရောက်မှပင်
အလင်းရောင် ပျောက်၍ လကွယ်နေ့ ဖြစ်ကြောင်း သတိပြုမိကြလေတော့၏။ (ထိုအကြောင်း
“မောင်းထောင် ရုပ်လုံးဖော် ဋီကာ ၌ ဖတ်ရှုရသည်။)

ညောင်ကန်ရွာအနောက်· ရှစ်မိုင်ခန့် တွင် တောတောင်ထူထပ်၍ လျှိုမြောင် ချောက်
ကမ်းပါးလည်း ပေါများသော တောရကျောင်းတစ်ခု ရှိ၏။ ပေတစ်ရာ ပေ ငါးဆယ်
စောက်နက်၍ ချောင်း၏ အောက်ခြေတွင် ပေတစ်ရာခန့် ရှိသော မြေပြန့်များ
သဘာဝအလျောက် ဖြစ်ပေါ်နေ၏။ ကမ်းပါး နံရံတွင် ဂူများလည်းရှိရာ ကမ္မဋ္ဌာန်းဘာဝနာ
အတွက် ထူးခြားကောင်းမွန်သော ဒေသဖြစ်ပေသည်။ ခိုချောင်း ချပ်ကလေး စသော


## PAGE 239

ရဟန္တသင့် ပုဂ္ဂိုလ်ထူးများ


၁၈၃

ရွာများကို ဂေါစရဂါမ် ပြုနိုင်၏။ ရှေးအခါက ထိုချောက်တွင် ဦးကာ ခေါ်သော
ဘုန်းတော်ကြီးတစ်ပါး နေဖူး၏။ ရဟန္တာဟု ကျော်ကြားသည်။ ကျားသစ်များနှင့်အတူ
မီးလှုံတတ်၏။ ပိုးလောက် အစားခံ၍ ပျံလွန်တော်မူသည်။

ထိုကျောက်ဂူတောရ ခေါ် ဦးကာချောက်ကို ၁၂၉၈-ခုနှစ်မှ ၁၃၁၁-ခုနှစ်အထိ
ဆက်လက်စောင့်ရှောက်၍ တောရ ဆောက်တည်သော ပုဂ္ဂိုလ်မှာ ဦးဥက္ကံသ ခေါ်
နိုင်ငံတော် သြဝါဒါစရိယ ဆရာတော်ကြီးဖြစ်၏။ ၁၂၃၉-ခု၊ ပင်းမြို့ စခန်းမ အလယ်ရွာဖွား၊
မန်လည်၊ တလိုင်းကုန်း၊ ဝတ်ချက်မင်းကျောင်းဆရာတော်တို ့၏ တပည့်ဖြစ်သည်။

၁၂၉၃-ခုနှစ်တွင် မောင်းထောင်ကြီး ရွာဦး၌ စေတီလှ ခေါ် စာသင်တိုက်
တစ်တိုက်ကိုလည်း တည်ထောင်ခဲ့၏။ “ဂမ္ဘီရတ္ထပကာသနီ၊ စတုက္ကဝိနိစ္ဆယ၊ဗုဒ္ဓသရဏတ္ထ
ဒီပက' ကျမ်းများကိုလည်း ပြု၏။

စစ်ကိုင်း ကျိုက်ပတိုင်ကျောင်း စာချဘုန်းကြီးဘဝမှ တစ်တောထွက်ဝင် တောရ
ဆောက်တည်၏။ လုံ့လဝီရိယ သဒ္ဓါတရား ကြီးမားသည်။ ဘုတလင်မြို့ အရှေ့မြောက်
-ရှစ်မိုင်ခန့်ရှိ ညောင်နီတောရ၌ နေစဉ် တစ္ဆေသရဲများ ညအခါတွင် အကြိမ်ကြိမ်
နှောင့်ယှက်ရာ နည်းအမျိုးမျိုးဖြင့် ကာကွယ်၍ မရ။ မေတ္တာပို့မှသာ နိုင်သဖြင့် မေတ္တာလက်နက်
တန်ခိုးထုံးကြောင်း မကြာခဏတိုက်တွန်းတော်မူသည်။

မောင်းထောင်ကြီးရွာ အရှေ့မြောက်ဘက်ရှိ အင်ကြင်းစမ်း တောရ၌ နေစဉ်
တောလိုက်မုဆိုးများ တောကျောင်းပတ်ဝန်းကျင်သို့ ရောက်တိုင်း မိုးမှောင်ကြီး ကျလာ၍
အကြိမ်ကြိမ် တောလိုက်မရသဖြင့် အသည်းစွဲ ကြည်ညိုလေးစားကြသည်။ ထိုဆရာတော်
ဦးကာချောက်၌ နေစဉ် တပည့်ရဟန်းတစ်ပါးအား အတောင်ခြောက်ဆယ်ရှိ စင်္ကြံကျောင်းကြီး၌
ကမ္မဋ္ဌာန်းပေးရာ ထိုရဟန်း စင်္ကြံထိပ်၌ တရားထိုင်နေရာမှ တစ်ဖက် `စင်္ကြံထိပ်သို
ခန္ဓာကိုယ်ကြီး မြှောက်ပျံ ပြောင်းရွှေ့သွားသည်ကို ကြုံရဖူး၏။

ဆရာတော် ကျောက်ဂူတောရ၌သာ ပျံလွန်တော်မူသည်အထိ အချိန်ကြာမြင့်စွာ
နေသွား၏။ တစ်နေ့သ၌ ငရေဝင်ရွာမှ ဦးဖိုးခင်ဆိုသူသည် ဆရာတော်နှင့် မလှမ်းမကမ်း
ကျောင်းငယ်တစ်ခု၌ တရားထိုင်လျက်ရှိစဉ် ညသန်းခေါင်ကျော်တွင် ဆရာတော်ကျောင်းဆီသို
လှမ်းကြည့်လိုက်ရာ တစ်ကျောင်းလုံး ရွှေရောင်တောက်၍ လင်းထိန်နေသည်ကို တွေ့ ရ၏။
သွား၍ ကြည့်ရာ ဆရာတော်ကို မတွေ့ခဲ့ရ။ နံနက်လင်း၍ ဆရာတော်အား “ညက
မတွေ့ရကြောင်း” လျှောက်ရာ“ဆိတ်ငြိမ်တဲ့အခါ သည်လိုပဲ တရားရှုပွားကြရတာပေါ့”
ဟုပင် ဖြေတော်မူ၏။ သူ့စိတ်ထဲတွင် ကြည်ညိုရသည်မှအပ မည်သို့မျှ မဝေဖန်တတ်ရှိနေ၏။

ဆရာတော်ကား ဇွဲ၊ လုံ့လ ကြီးမားလှပေ၏။ ဆရာတော်သည် အကြောင်းကိစ္စရှိလျှင်
တောရကျောင်းမှ ငါးမိုင်၊ ရှစ်မိုင်ရွာများသို ့ နံနက်အစောကြီး ကြွလာတော်မူလေ့ရှိ၏။
ဆောင်းကာလတွင် နှင်းများ ရွှဲစိုနေသော လက်ခုပ်တစ်ဖေါင်ခန့် ပြောင်းခင်းများထဲမှ
ဖြတ်၍ ကြွလာရသည်မှာ အလွန် ကျောချမ်းဖွယ်ရာကောင်းလှသည်။ လမ်းမှာတွေ့သမျှ


## PAGE 240

၁၈၄


ဓမ္မာစရိယ ဦးဌေးလှိုင်

လူများအား ထိုင်၍ ဝတ်မပြုလျှင် တောင်ဝှေးနှင့် ရွယ်၍ ရှိခိုးခိုင်းလေ့ရှိ၏။ ကုသိုလ်
ပေးခြင်းပေတည်း။

တစ်နေ့တွင် ကူတော်ရွာမှ ထန်းရေမူးနေသော လူတစ်ယောက် လမ်းကျဉ်းတစ်ခု၌
ဆရာတော်နှင့် တွေ့ ရာ တောင်ဝှေးနှင့် ခေါင်းကို အသာဖိ၍ ထိုင်ရှိခိုးစေ၏။ ဆုံးမစကား
ပြောကြားပြီး ထန်းရေ အလှူခံရာ “တစ်လ မသောက်ပါ” ဟု လှူရသည်။ “အေး-
ဟု
မင်းနိုင်သလောက် လှုတာနော်၊ မင်းကတိပျက်ကွက်ရင် မင်းပဲဒုက္ခဖြစ်လိမ့်မယ်၊ အေး-
ခုဘဝလဲရူး၊ နောက်ဘဝလဲရူးတတ်သကွယ့်၊ မသောက်ချင်ပါနဲ့ကွယ်” ဟု ပြောရင်း
ကြွတော်မူ၏။ သုံးရက်ခန့် ရှိလျှင် ထိုထန်းရေသမားသည် ငှက်ပျောရေတင်ရွာသို့ သွားရာ
အဖော်အပေါင်း ကောင်း၍,ထန်းရေသောက်မိ၏။ အဖော်များကလည်း “အို-ကတိပေးပြီး
လူတာ လှူတာပေါ့။ သောက်တာ မင်းဆရာတော် သိတာလိုက်လို ့” ဟု ဝိုင်းတွန်းကြသဖြင့်
ထန်းရေသောက်ပြီး ပြန်လာရာ လမ်းခုလတ်တွင် မြွေကိုက်၍ သေဆုံးရရှာ၏။

ဆရာတော်သည် ထိုဒေသတစ်ဝိုက်၌ လူတန်းစား အလိုက် အသိအလိမ္မာ ပေးတော်မူ၏။
သို့သော် တကယ့်ကျေးဇူးဂုဏ်ကို သိသူကား နည်းပါးလှသည်။ တောရမြေ၌ သားလိုက်၊
ထင်းခုတ်၊ ယာလုပ်လိုသူများကမူ ရန်သူအဖြစ် ယှဉ်ပြိုင်မိကြရှာလေ၏။

၁၃၁၁-ခုနှစ်၊ သက်တော် ၇၅-နှစ်အရ ဖောရောင်သော ရောဂါဖြင့် အမောဆို့
နေသည့်ကြားမှ တပည့်များအား တရားဟော မရပ်ဘဲ ရှိနေ၍ အမောပိုပြင်းထန်လာ၏။
ထိုနှစ် နတ်တော်လဆုတ် ၈-ရက်နေ့ ညတွင် ကောင်းကင်မှ သင်္ဘောကြယ်ကို အကြည့်ခိုင်း
ပြီးလျှင်-

“အင်း......ငါပြောတာကိုသာ ကြိုးစားမှတ်ကြ၊ မောတာ မောပါစေ၊ သင်္ဘောကြယ်
မွန်းတိမ်းရင် အမောသက်သာ သွားမှာပါ” ဟု မိန့် တော်မူသည်။ ဆရာတော်၏ တရားသံ
များမှာ ချွဲများနှင့် လုံးထွေး၍ မပီမသဖြစ်ရာမှ လုံးဝ ရပ်သွား၏။ အမောမှာ အနည်းငယ်
သက်သာသွား၍ ဦးမြအေးနှင့်တကွ သူနာပြုအချို့ တောကျောင်းကလေး အပြင်သို့
ထွက်ကာ မေတ္တာပို့ကြ၏။ ပုဏ္ဏဖုသျှုခေါ် သင်္ဘောကြယ်ကို ကြည့်လိုက်သောအခါ
မွန်းယိမ်းနေသည်ကို တွေ့ ရသဖြင့် ဆရာတော် ပြောစကားမှန်ကြောင်း ပြောဆိုနေကြသည်။
စင်စစ် ဆရာတော်ကား သင်္ဘောကြယ်နှင့်အတူ မွန်းတိမ်းရလေပြီ။

ယခု ထိုတောရ၌ ဝါးတောမ ဦးကလျာဏ ဆရာတော်က ဆက်လက်စောင့်ရှောက်၍
တောရဆောက်တည်ကာ ကမ္မဋ္ဌာန်း ပေးတော်မူလျက် ရှိသည်။

တစ်ဖန် ဘုတလင်မြောက်ဘက် ငါးမိုင် ကွာတွင် တောင်ကလပ်တောရဟု ယခုတိုင်ရှိ၏။
တစ်ချိန်က ထိုတောရ၌ ဘုန်းကြီးဦးဒွေးနှောင်း၊ ဘွဲ့-ဦးအရိယဉာဏ ခေါ်သော
ဘုန်းတော်ကြီးတစ်ပါး ရှိသည်။ ကျားသစ်များနှင့်အတူ နေထိုင်၏။ “ရွှေတိဂုံဘုရား အနီး
ကလေးပါ ဟယ်” ဟု မကြာခဏ ပြောလေ့ရှိရာ နေ ့စဉ် ဘုရားဖူး ကြွသည်ဟု ယူဆ
ပြောဆိုကြသည်။ ဘိုးတော် မင်းတရားကြီးက ဆရာတော်အား နေပြည်တော်သို့ အပူဇော်ခံ
ပင့်လျှောက်ရာ သုံးကြိမ်တိုင်တိုင် ပင့်လျှောက်မှ ကြွသည်။

