## PAGE 250


၁၉၄

ဓမ္မာစရိယ ဦးဌေးလှိုင်

ဈာပနပွဲကို ဘုန်းတော်ကြီး၏ ဆန္ဒတော်နှင့်အညီ စီမံကြရ၏။ ဘုန်းတော်ကြီး၏
ငယ်တပည့်ရင်း ဖြစ်သူ မန္တ လေးမြို့ သံတော်ဆင့်မင်း ဦးဆုပန် (အမေ-ကုတ်ကိုစု၊ အဖေ-
ကတိုး) က နိဗ္ဗာန်စံကျောင်းကြီးနှင့်တကွ လာသမျှ ပရိသတ်တို ့အား စတုဒိသာ ကျွေးမွေး
ဧည့်ခံသည်။ ရပ်ရွာဒကာ ဒကာမများ တာဝန် မတက်စေရန် သံတော်ဆင့်မင်းကပင်
အကုန် အကျခံ၍ သင်္ဂြိုဟ်လေ၏။

မီးသင်္ဂြိုဟ်ပြီးသောအခါ ပေါင်ရိုး၊ တင်ပါးဆုံရိုး၊ ခြေသလုံးရိုးများသာ အရိုးပကတိ
ကျန်၍ အခြားအသွေးအသား အရိုးများအားလုံး ဓာတ်တော်များ ဖြစ်ကုန်၏။ အချို့
ဓာတ်တော်များမှာ အရိုးကြီး သုံးခုတွင် အညှာလေးများဖြင့် အဆုပ်ဆုပ် သီး၍ နေကြသည်။
အရိုးကြီး သုံးခုကိုမူ အုတ်အိုင်ရွာ တောင်ကျောင်း အဝင်ရှိ အရိုးအိုး စေတီ၌ ဌာပနာထားကြ၏။

ထိုအရိုးအိုးတွင်လည်း အခြားဘုန်းတော်ကြီး နှစ်ပါး၏ အရိုးများနှင့် ရောစပ်နေပြီဟု
ဆိုသည်။ ဓာတ်တော်များကိုမူ အသီးသီး ခွဲယူပူဇော်ကြရာ အုတ်အိုင်ကျောင်း၌ လည်းကောင်း၊
မောင်းထောင်ယွန်းဆက်တိုက်၌ လည်းကောင်း ဖူးမြော်နိုင်သည်။ ကန္နီဆရာတော်ဘုရားလည်း
ဓာတ်တော်ခုနစ်ဆူ ပင့်ဆောင်၍ ညစဉ် ဆီမီး ပူဇော်လေ့ရှိ၏။

ဤစာရေးသူကိုယ်တိုင် ယွန်းဆက်တိုက် ဆရာတော်ထံမှ ခွဲယူပင့်ဆောင်၍ ပူဇော်
ထားရှိပါသည်။ ယင်းဓာတ်တော်များမှာ အုတ်အိုင်ကျောင်း၌ ဘုန်းတော်ကြီး ပရိနိဗ္ဗာန်
ပြုစဉ်ကထဲက အလုံပိတ်ဆို ့ထားသော ဓာတ်တော်ကြုတ်မှ ပထမဆုံး ခွဲယူပူဇော်ခဲ့သော
ဓာတ်တော်များ ဖြစ်ပါသည်။ (ဓာတ်ပုံတွင် ကြည့်ပါ။)

ဘုန်းတော်ကြီး အလောင်းတော်ကို မီးသင်္ဂြိုဟ်၍ ဓာတ်တော်များ ကျလာသည်ကို
ဖူးတွေ့ကြရသောအခါ ရဟန်းရှင်လူပရိသတ်များ ဝမ်းနည်းဝမ်းသာ နောင်တကြီးစွာ
ဖြစ်ကြရသတတ်။ အချို့က ဘုန်းတော်ကြီးအား “သမသီသီ ရဟန္တာ” ဟု ယူဆကြ၏။
ရဟန္တာဖြစ်လျှင်ဖြစ်ချင်း ပရိနိဗ္ဗာန်ပြုရသော ရဟန္တာမျိုးဟု ဆိုလို၏။

(သမသီသီ ရဟန္တာသုံးမျိုး, လေးမျိုးရှိကြောင်း ပုဂ္ဂလပညတ် ပါဠိတော်-၁၁၆။ အဘိ-ဋ္ဌ-
၃။ ၃၇၊ အံ-ဋ္ဌ-၃၊ ၁၄၉။ သံ-ဋ္ဌ-၁၊ ၁၆၈။ ပဋိသံ-ဋ္ဌ-၁၊ ၃၉-တို့၌ အကျယ်ကြည့်။)
ရဟန္တာအဖြစ်နှင့် ကာလ မကြာမြင့်သော်လည်း သမသီသီ ရဟန္တာမျိုး ဖြစ်လိမ့်မည်
ဟုကား တစ်ထစ်ချ မယူဆသာချေ။

ရဟန္တာတိုင်း ဓာတ်တော်ကျသလော

ဤနေရာ၌ “ရဟန္တာများ ပရိနိဗ္ဗာန် စံဝင်တိုင်း ဓာတ်တော်ကျသလော” ဟူသော
အမေးကို ဗဟုသုတအဖြစ် ဖော်ပြရန် လိုပေလိမ့်မည်။ အကျဉ်းချုပ်၍ ဖော်ပြပါအံ့။
မြတ်စွာဘုရားရှင်များ ပရိနိဗ္ဗာန် စံဝင်သောအခါ ဓာတ်တော်ဖြစ်ကြောင်း အထူးဖော်ပြရန်
မလို။ မဟာပရိနိဗ္ဗာနသုတ်ဖြင့် ထင်ရှားပြီး။ (သုတ် မဟာဝါ အဋ္ဌကထာ-၁၉၆။)
ပစ္စေကဗုဒ္ဓါ အရှင်မြတ်များမှာကား ပရိနိဗ္ဗာန်စံခါနီး အဘိညာဉ် ဝင်စား၍ အဓိဋ္ဌာန်


## PAGE 251

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၉၅

ပြုတော်မူမှသာ· ဓာတ်တော်ကျနိုင်သည်။ (သုတ္တနိပါတ် . အဋ္ဌကထာ-ရတနသုတ်။
ခဂ္ဂဝိသာဏသုတ်-၁၁၇။)

ရဟန္တာအရှင်မြတ်များမှာလည်း အဓိဋ္ဌာန်မှသာလျှင် အဓိဋ္ဌာန်သည့်အတိုင်း ဖြစ်နိုင်လေ
သည်။ (အံ၊ ဌ၊ ၁။ ဝင်္ဂီသဝတ္ထု-၂၀၉။)

အရှင်သာရိ ပုတြာ ဓာတ်တော်များ ပွတ်သစ်စ ခရုသင်းကဲ့သို့ ကြွင်းကျန်၏။
(မဟာဝဂ္ဂသံယုတ် အဋ္ဌကထာ- စုန္ဒသုတ်- ၂၅၄။)

အရှင်ဒဗ္ဗမထေရ်ကား ကောင်းကင်၌ တင်ပျဉ်ခွေ၍ သမာပတ် ဝင်စားပြီး အဓိဋ္ဌာန်တော်
မူသည့်အတိုင်း ပြာမျှမကျန်ရအောင် တေဇောဓာတ် လောင်ကျွမ်းသည်။ (ဥဒါန်း အဋ္ဌကထာ-
ဒဗ္ဗသုတ်-၃၈၉။) ရှင်ဒဗ္ဗကား ရဟန္တာပင် ဖြစ်သော်လည်း အသက်တော် ရှိစဉ်ကပင် စွပ်စွဲ
ခံရခြင်း စသည်ဖြစ်ခဲ့ရာ သူ၏ဓာတ်များ စင်ကြယ်မှု မရှိလှသဖြင့် ဓာတ်တော် မထားခဲ့ခြင်း
ဖြစ်ပေမည်လား မသိ။

သက်တော်ရှည် အရှင် ဗာကုလမထေရ် ကား အခြားသူတို့အား မိမိအတွက် တာဝန်ပို
မတက်စေရန် ထိုင်လျက် တေဇောဓာတ်လောင်၍ ပရိနိဗ္ဗာန်ပြုရာ မြတ်လေးပန်းငုံပမာ
ဓာတ်တော်များ ကျကုန်၏။ (ဥပရိပဏ္ဏာသ အဋ္ဌကထာ ဗာကုလသုတ်-၁၄၀။)

“ထိုမှတစ်ပါး ကိလေသာ အာသဝေါကုန်သော ရဟန္တာ အရှင်မြတ်များ၏
အလောင်းတော် သည်လည်း အပုပ်နံ့ မထွက်ကြောင်း” (သုတ္တနိပါတ်-အာမဂန္ဓသုတ်အဖွင့်-
၃ဝ၃) ၌ ဖွင့်ဆိုထားသည်မှာ မှတ်ဖွယ်တစ်ရပ်ပင်။

(အရိုးကွင်းဆက်, ချိတ်ဆက်, တေ့ဆက်များအကြောင်း မိုးကုတ်ဆရာတော် အခန်းရှု။)
ဤမျှသော စကားအစဉ်ဖြင့် ဓာတ်တော်ကျသော “မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင်”
ဘုန်းတော်ကြီး ဦးသီလနှင့် ဤယခုဘုန်းတော်ကြီး စသည်တို ့ကား ဓာတ်တော်ကျသည်ကို
ထောက်ဆ၍ ခီဏာသဝအစစ် ရဟန္တာပုဂ္ဂိုလ်ကြီးများ ဖြစ်ကြောင်း မမှိတ်မသုန် ယုံကြည်
ဝမ်းမြောက်ထိုက်လှပေစွာ့။


## PAGE 252


ပိန္နဲကွင်းဆရာတော် ဦးကလျာဏ
( ၁၁၈၈

-

၁၂၇၀ )

ပိန္နဲကွင်းဆရာတော် ဦးကလျာဏနှင့်တကွ နောက် ဒုတိယ, တတိယ ဆရာတော်များပါ
ပျံလွန်ကြသောအခါ သုံးပါးလုံးပင် အလောင်းတော်များ မပုပ်မနံ ပကတိအတိုင်း ယခုထိ
ရှိနေကြသည်။

ပထမ ဆရာတော်ဘုရားကြီး ဦးကလျာဏ အတ္ထုပ္ပတ္တိကို မောင်ကျော်ဒင်ဆိုသူက
လွန်ခဲ့သော အနှစ်ရှစ်ဆယ်ခန့် က ရေးသားခဲ့ဖူး၏။ ကာရန်နဘေများဖြင့် ရေးထား၍ အချို့
အဓိပ္ပာယ်များ မသဲမကွဲ ဖြစ်နေ၏။ မျက်နှာဖုံး၌ ဒုတိယဆရာတော် ဦးဝါယမ၏ ပုံတော်
ကို တွေ့ ရသည်။ စုစုပေါင်း တစ်ဆယ့်ရှစ်မျက်နှာမျှသာ။ ကျောင်းဒကာများမှာ ဘိုးပန်းရနှင့်
ဦးပါဟု တွေ့ရ၏။

ဆရာတော်သည် ရွှေတောင်မြို့၌ မိခင် ဒေါ်ရစ်မှ ၁၁၈၈-ခုနှစ် ဒုတိယဝါဆိုလဆန်း
၁၃-ရက် တနင်းလာနေ့ဖွား၊ ငယ်မည် မောင်ချိန်။ စာပေကျမ်းဂန်များ တတ်မြောက်ပြီးနောက်
ရွှေတောင်မြို့မှ ပိန္နဲကွင်းရွာသို့ ကြွရောက် သီတင်းသုံးသည်။ မိခင်ကြီးကိုပါ ပြုစုလုပ်ကျွေး၏။

ပိန္နဲကွင်းဟူသည် အုတ်ဖို (အင်္ဂပူ) မြို့နယ်အပိုင် အနောက်ရိုးမအနီးရှိ ကွင်းကောက်ခြောက်
ရွာတိုက် အပါအဝင် ဖြစ်၏။ ရွာကျောင်း၌ ခုနစ်ဝါမျှ နေပြီးလျှင် ၁၂-ဝါအရ အနောက်
ရိုးမတွင် အမြင့်ဆုံးဖြစ်သော သစ်စေးတောင်၊ ကဗျို့ (ကမ်းပြို) တောင်၊ ရန်ကင်းတောင်၊
ကျွဲမသနားတောင်၊ ကိုးကွယ်တောင်၊ ကိုးမောင်းတောင်၊ စိုင်တောင် စသည်ဖြင့် ၁၅-ဌာန
တောရစခန်းတို့၌ လှည့်လည် သီတင်းသုံးသည်။ ၁၅-ဌာနလုံး၌ အထိမ်းအမှတ် စေတီများ
တည်ထားခဲ့၏။

တရားအစွမ်း ထူးဆန်းအံ့ဖွယ် အသွယ်သွယ်

ဆရာတော်သည် အလွန် လူသူဝေးခေါင်သော တောတောင်အရပ်၌ နေတော်မူသည့်
အလျောက် ဆင်ရိုင်း၊ ကျားရိုင်းနှင့် ကျွဲနွားများကိုပင် ကိုက်သတ် မျိုနိုင်သော မြွေဆိုးကြီးများ၊
အမျိုးမျိုးသော ဝေမာနိကများ၊ ပေတများနှင့်လည်း ကြိမ်ဖန်များစွာ တွေ့ကြုံရင်ဆိုင်ရလေသည်။
ထိုသို့ တွေ့ရှိရပုံများကို ကာရန် နဘေလင်္ကာသွားများဖြင့် တစ်ခုစီ တစ်ခုစီ ရေးသားထားသည်ကို
အတ္ထုပ္ပတ္တိ စာတန်း၌ ဖတ်ရှုရသည်။

မေတ္တာတန်ခိုးသည် မြေလျှိုး မိုးပျံနိုင်သော တန်ခိုးထက် အားကိုးရသည်ကို သာဓက
မူသင့်ကြပေ၏။

ဦးလူလှ (ဆရာတော်ကို သိမီသူ) ၏ သား ဦးအုန်းမြင့် စသူတို့ထံမှ တစ်ဆင့်
မှတ်သားရသော အံ့ဖွယ်များလည်း မနည်းချေ။

