## PAGE 262

၂၀၆

ဆောက်လုပ်လှူဒါန်း၏။


ဓမ္မာစရိယ ဦးဌေးလှိုင်

အရိယာ သူတော်ကောင်းကြီးများသည် မြတ်စွာဘုရားရှင့် တရားတော်၏ သန္ဒိဋ္ဌိက,
အကာလိကဂုဏ်ကို ကိုယ်နှင့်ရင်းကာ လက်တွေ့ စံပြ ရှေ့ဆောင်ကျင့်ကြံ၍ ပြတော်မူခဲ့ကြ၏။
ကိုယ်တိုင်လည်း ချမ်းသာ၊ အဂ္ဂဒက္ခိဏေယျဖြစ်၍ အများသတ္တဝါတို့ကိုလည်း ပစ္စုပ္ပန်သံသရာ
ချမ်းသာစီးပွား များပြားစေတော်မူခဲ့ကြ၏။

ပုသိမ်မြို့မှ မူလခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသော ဦးအာလစ်-ဒေါ်စိန်နှင့်
သားသမီးများလည်း ဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်ကပင် ဗုဒ္ဓဘာသာဝင်
ဖြစ်လာကြသူများ ဖြစ်ကြ၏။ ဆရာတော်၏ အဆုံးအမအတိုင်း လိုက်နာ၍ သာသနာ
ပြုကြသူများ ဖြစ်ကြ၏။ ဆရာတော်၏ အဆုံးအမအတိုင်း လိုက်နာ၍ သာသနာပြုကြရာ
ဦးရန်စိုက်-ဒေါ်ချင်းမတို့ကဲ့သို့ပင် တစ်နေ့တစ်ခြား စီးပွားဥစ္စာများ သိသိသာသာကြီး
တိုးတက်ကြီးပွားလာကြသည်။ ဆရာတော်ဘုရားကြီး မရှိသည့်နောက် (၁၉၄ဝ) ၌ပင်
နှစ်ထပ်တိုက် ကျောင်းကြီးတစ်ဆောင် ဆောက်လှူခဲ့ကြလေသည်။ (လှူ၍ ကုန်ခန်းမှုမရှိ၊
သိသာထူးခြားစွာ ချမ်းသာကြွယ်ဝလာသော ကျောင်းဒကာများအကြောင်း ကျွန်ုပ်တို့ပြုစုသော
ရတနာသုံးပါး ကျေးဇူး၌ ရှုပါ။)

အလောင်းတော် ဂူသွင်း၍ ၃၅-နှစ်အရ ၁၃၁၈-ခုနှစ် တပို့တွဲလတွင် မိဂဒါရုံ
စတုတ္ထ ဆရာတော် ဦးဇာနေယျသည် အကြောင်းအားလျော်စွာ အလောင်းတော်များကို တူး
ဖော်စေခဲ့သည်။ တူးဖော်သောအခါ ပထမဆရာတော်ဘုရားကြီး၏ အလောင်းတော်မျှ
သာမက ဒုတိယ (ဦးသုဒဿန)၊ တတိယ (ဦးကုသလ) ဆရာတော်နှစ်ပါး၏
အလောင်းများကိုပါ ခေါင်းအသီးသီးဖြင့် တစ်ပေါင်းတည်း မြှုပ်နှံထားသည်ကို တွေ့ ရရာ
ကျန်ခေါင်းနှစ်လုံးမှာ ပျက်စီး ကြေမွနေသဖြင့် မြစ်ရေတွင် မျှောချပစ်ရသည်။ ပထမ
မိဂဒါရုံ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်မှာကား မယုံကြည်နိုင်လောက်အောင်
ထူးခြားအံ့ဖွယ်ရာ ဖူးတွေ့ ရလေသည်။

၂။

၃။

အပြင်ခေါင်း၊ ကျွန်းသားခေါင်းကြီးမှာ ခြစား၍ ကုန်နေပြီးလျှင် ဒုတိယ
ကြေးဝါ ခေါင်းကြီးကိုပင် ဖောက်ထွင်းဝင်ရောက်ကာ ဆရာတော်ဘုရားကြီး၏
ရုပ်ကလာပ် နံဘေး၌ပင် ခြအိမ်ဖွဲ့ထားသည်ကို တွေ့ ရ၏။

၃၅’နှစ်ပင် မြေ၌ ကြာညောင်းသော်လည်း အလောင်းတော်၌ လွှမ်းထားသော
သင်္ကန်းမှာ ဆွေးမြည့်ပျက်စီးခြင်း မရှိ။ ခြလည်းမစား။

အလောင်းတော် နံဘေး၌ ခြအိမ်ဖွဲ့ထားသော်လည်း သင်္ကန်းတော်, ကိုယ်တော်၌
ပျက်စီး ချွတ်ယွင်းမှုမရှိ၊ ကိုယ်အင်္ဂါများ ပကတိပင် ရှိသည်။ ဂူမသွင်းမီက
ချထားသော ရွှေမှာလည်း အရောင်မပျက်။


## PAGE 263

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၀၇

၄။

အလောင်းတော်ကိန်းဝပ်ရာ အုတ်ပြာသာဒ်ကြီးကို တူးဖြိုလိုက်သောအခါ မွှေးကြိုင်
သင်းပျံ့သော အနံ့များ ထွက်ပေါ်လာ၏။

ယင်းသို့လျှင် အလောင်းတော်ကို အနံ့အသက်မရှိ၊ ခြောက်သွေ့ပျက်စီးခြင်းမရှိ
ပကတိ ကျိန်းစက်တော်မူနေသကဲ့သို့ ဖူးတွေ့ ကြရသဖြင့် ပုသိမ်မြို့တွင် “ရဟန္တာ အလောင်း
တော် ပေါ်တော်မူလေပြီ” ဟု ဆိုကာ ယခုတိုင် ဖူးမြော်ကြည်ညိုကြရလေသည်။ (အပြည့်အစုံကို
ပုသိမ်မြို့ သတိပဋ္ဌာန်နည်းပြဆရာတော် ဦးအာစိက္ခဏ အရှင်မြတ် ရေးသားထားသော အတ္ထုပ္ပတ္တိ၌
ပါကုန်။)

## PAGE 264


ဘုန်းတော်ကြီး ဦးသီလ
( ၁၁၉၄ - ၁၂၆၉ )

မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင်တွင် ဘုန်းတော်ကြီး ဦးသိလ၏ အကြောင်း
အတ္ထုပ္ပတ်သည် လွန်စွာထူးမြတ်လှပေ၏။ မိမိတစ်ကိုယ်တည်းသာမက အယူသိုလ ညီမျှသော
အကျင့်ရှိသူ ရဟန်းတော်များအား တောရဆောက်တည်ရန် တိုက်တွန်း၍ အောက်မြန်မာပြည်၌
တောရဂိုဏ်းကြီးကို စတင်တည်ထောင်တော်မူခဲ့၏။ စာသင်တိုက်ကြီးများကိုလည်း တည်ထောင်
ပေးခဲ့လေသည်။ ကိုယ်တော်တိုင်လည်း တောနေ စံပြအဖြစ် ကျင့်သုံးပြတော်မူခဲ့ရာ
“ပါဠိတော် ထေရာပဒါန်ဝင်’ ဗုဒ္ဓခေတ် အရှင်မြတ်ကြီးတို့အလား များစွာအံ့သြဖွယ်၊
အတုယူဖွယ်၊ ကြည်ညိုဖွယ်တို့ဖြင့် ပြည့်နှက်နေပေတော့သည်။

ဘုန်းတော်ကြီး ဦးသီလ၏ အတ္ထုပ္ပတ္တိမှာလည်း အခြားအတ္ထုပ္ပတ္တိများနှင့်မတူ တစ်မူ
ထူးခြားလှပေ၏။ ကျမ်းပြု ပုဂ္ဂိုလ်တစ်ဦး၏ သဘောမျှဖြင့် ရေးသားသော ကျမ်းမျိုးမဟုတ်။
ဘုန်းတော်ကြီးနှင့် သိမှီ တွေ့ကြုံဖူးသူများထံ ကြော်ငြာကမ်းလှမ်း၍ အနယ်နယ် အရပ်ရပ်
ရဟန်းရှင်လူတို့ထံမှ ပေးပို့သမျှတို့ကို စုစည်း၍ ရေးသားထားခြင်းပင် ဖြစ်သည်။ ပေးပို့သူ၏
အမည်လိပ်စာကိုလည်း အကြောင်းအရာနှင့်တွဲ၍ ဖော်ပြပေးထားလေသည်။ ပေးပို့တိုင်းလည်း
ထည့်သွင်းတော်မမူ၊ အထပ်ထပ် စိစစ်၍ ယုတ္တိတန်မှသာ ယူငင်ဖော်ပြထား၏။ ကျမ်းပြု
ဆရာကား အခြားမဟုတ်။ သာသနာတော်၌ လွန်စွာထင်ရှားသော “အဂ္ဂမဟာပဏ္ဍိတ
ညောင်လေးပင် တောရဆရာတော်’(ဦးအရိယ) အရှင်မြတ်ကြီး ဖြစ်ပေသည်။

ရေးသည့်အကြောင်းအရာ၊ ရေးသည့်ပုဂ္ဂိုလ်၊ ရေးပုံရေးနည်းဟူသော ပဓာန ၃-ချက်
လုံးတွင် တောင့်တင်း ခိုင်မာလှသည်။ “ထိုအတ္ထုပ္ပတ္တိမျိုး မြန်မာပြည်တွင် မရှိသေး” ဟုပင်
ဆိုထိုက်လှ၏။

ယခုအခါ မိမိတို့၏ ဂိုဏ်းဂဏ သာသနာဝင်နှင့် မိမိတို့ ဆရာများ၏ အတ္ထုပ္ပတ္တိများကို
ရေးသားကြရာ “ငါတို့ဂိုဏ်း, ငါတို့ ဆရာသာလျှင်’ လုပ်ကြသည်မှာ အလွန်ရှက်ဖွယ်
ကောင်းလေသည်။ ပညာရှိများ အကဲ့ရဲ့လွတ်အောင် ရေးသားထားသော သာသနာဝင်နှင့်
အတ္ထုပ္ပတ္တိများကား ရှားပါးလျက်ပင်။ စင်စစ် အတုမရှိ မြင့်မြတ်သော တစ်ကယ့်သာသနာရေး
တစ်ကယ့် သာသနာအလုပ်တွင် ငါတို့ဂိုဏ်း၊ ငါတို့ဆရာဟူ၍ပင် မရှိသင့်ပါချေ။

သူငယ်တော်ဘဝနှင့် ပရိယတ္တိသင်ချိန်

ဘုန်းတော်ကြီး ဦးသီလကား ပဲခူးမြို့မြောက် နှစ်မိုင်ခန့် ဝေးသော အထက်ဇိုင်းဂနိုင်း
ရွာကြီး၌ ဖွားမြင်တော်မူခဲ့၏။ သက္ကရာဇ်ကား ၁၁၉၄-ခုနှစ် နတ်တော်လဆန်း ရှစ်ရက်
သောကြာနေ့နံနက် ရှစ်နာရီတည်း။ မိဘဦးထွန်းအောင်၊ ဒေါ်ချိုး သားချင်း ဦးရွှေသာ၊

