## PAGE 274

၂၁၈


ဓမ္မာစရိယဦးဌေးလှိုင်

ဆရာဖိုးကလေးလည်း သပိတ်လွယ်၍ နောက်ပါ ကပ္ပိယအဖြစ် လိုက်သွားခဲ့၏။ လမ်းခုလတ်တွင်
ဘုရားဖူးပြန်များနှင့် အနီးအနားရှိ ရွာသားများက-

“ဘုန်းတော်ကြီးဘုရား၊ ဒီလမ်းက မကြွပါနှင့်၊ ကြော့မှူးခေါ်တဲ့ ဆင်ရိုင်းကြီး
တစ်ကောင် လွတ်နေပါတယ်။ လူမြင်တိုင်း လိုက်ပြီး နင်းသတ်နေပါတယ်။ မကြာမီက
ရှမ်းကြီးလေးယောက် နင်းသတ်လို့ သရဲဖြစ်ပြီး ကြော့မှူးကြီးကို စီးနေပါတယ်။ ကြွတော်
မမူပါနှင် ့” ဟု ဝိုင်း၍ တားကြ၏။ ပန်ချာပီ သုံးယောက်နှင့် အင်္ဂလိပ်စစ်ဗိုလ် တစ်ယောက်
လည်း သေနတ်ကိုယ်စီကိုင်လျက် တွေ့ ရပြန်ရာ ထိုနည်းပြောဆို တားမြစ်ကြ၏။ ဘုန်းတော်ကြီး
ကား ကြွမြဲကြွလေ၏။ မကြာမီ ဆင်ကြော့မှူးကြီးနှင့် ပက်ပင်းတိုးလေတော့သည်။ ဆရာ
ဖိုးကလေးကား ဘုန်းတော်ကြီးအား ယုံကြည်သိရှိထားသူဖြစ်၍ များစွာ ထိတ်လန့်ခြင်းမဖြစ်၊
ဘုန်းတော်ကြီးကိုသာ အကဲခတ်နေ၏။ ဘုန်းတော်ကြီးကား ဘာမျှ အမူအရာ မထူးခြား၊
ရှေ့သို့ ကြွမြဲကြွ၏။

အကြမ်းပြေးလာသော ဆင်ကြီးသည် ဘုန်းတော်ကြီးအနီးသို့ ရောက်လျှင်ပင် ဦးခေါင်း
ငိုက်စိုက် မြေ၌ လက်မောင်းချကာ အော်ဟစ်နေ၏။ ထိုအခါ ခမောက်နီနီ ကိုယ်စီနှင့် လူ
လိုလို သဏ္ဌာန်ကြီး လေးခု ဆင်ပေါ်မှ ဆင်းပြေးသွားသည်ကို မြင်လိုက်ရသည်။ ပြီးလျှင်
ဆင်ကြီးမှာ လမ်းရှောင်ပေး၍ တောထဲသို့ ဝင်သွားလေတော့၏။ “ဘုန်းတော်ကြီး၏
သီလနှင့် မေတ္တာသည် အစွမ်းထက်လေစွာ့” ဟု ပြောဆိုချီးကျူး၍ မဆုံးကြတော့။

နွား၊ မြွေ၊ ခြင်၊ ပုရွက်၊ ပျား

ဘုန်းတော်ကြီး ကျိုက်ထို ဆိပ်ဖူးတောင်၌ နေစဉ် တစ်နေ့ မြို့တွင်းရှိမယ်ဇယ်ကျောင်းသို့
ကိစ္စရှိ၍ လာပြီး ပြန်အကြွ လမ်းခုလတ် အုတ်တံတား လမ်းကျဉ်းအရောက် နွားသိုးရိုင်း
တစ်ကောင်လည်း ခုန်ပေါက်ပြေးလာသည်နှင့် ရင်ဆိုင်တိုး၏။ လိုက်ပို့သော မယ်ဇယ်
ဆရာတော်မှာ လွန်စွာ စိုးရိမ်နေ၏။ ဘုန်းတော်ကြီးကား ဣန္ဒြေမပျက် ကြွမြဲကြွသည်။
အနီးသို့ ရောက်လျှင် နွားသိုးရိုင်းကြီးသည် ရှောင်ထွက်ပြေးလေ၏။

ကျိုက်ပတိုင်ကုန်းတန်း၌ နေစဉ်အခါကမူ ဂူအတွင်း၌ ၁၅-တောင်၊ လုံးပတ်
သုံးထွာခန့်ရှိ မြွေကြီးတစ်ကောင် ဝင်နေ၍ ဘုန်းတော်ကြီးက “အနှောင့်အယှက် မပြုကောင်းဘူး”
စသည်ဖြင့် ပြောရာ စကားနားလည်သကဲ့သို့ အေးဆေးစွာ ထွက်သွား၏။

ကျိုက်ထိုနယ် ကျိုက်ကသာရွာ ကော့စံတောရ၌ နေစဉ်ကလည်း ဇရပ်မီးဖိုသို့ ၁၂-
တောင်ခန့်ရှည်၍ နားကိုးပေါက်ရှိ မြွေကြီးတက်လာ၍ ဒကာ, ဒကာမများသည် ထိတ်လန့်
နေကြစဉ် ဘုန်းတော်ကြီး ကြွလာပြီး “ဤနေရာသည် သူတော်ကောင်းများ ကုသိုလ်လုပ်ရာဌာန
ဖြစ်သည်။ မနှောင့်ယှက်သင့်” ဟု ပြောလိုက်မှ ထိုမြွေကြီး ဆင်းသွားသဖြင့် လူအများ
အံ့သြကြ၏။

ထို့ပြင် ရွှေကျင်တောရကျောင်းသည် မှက်၊ ခြင်၊ ပုရွက်ဆိတ်၊ ကရင်နီများ အလွန်


## PAGE 275


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၁၉

ပေါ၏။ ဘုန်းတော်ကြီး တစ်နာရီ နှစ်နာရီ စသည် ကြာအောင် ထိုင်၍ ဝတ်ပြုခြင်း၊ တရား
ရှုခြင်း ပြုသော်လည်း တစ်ချက်မျှ မလှုပ်သဖြင့် ညအိပ်ဥပုသ်သည်များက “ခြင်မကိုက်”ဟု
လည်းကောင်း၊ “ကိုက်မှာပါပဲ၊ သမာဓိကြောင့် နေမှာပါ”ဟု လည်းကောင်း ခြင်များကို
တဘက်နှင့် ရမ်းလျက် ပြောဆိုနေခဲ့ကြဖူး၏။ အလားတူပင် ဖျာပုံနယ်၌ ကျောင်းတိုက်တည်၍
သိမ်သမုတ်ရန်အတွက် ကြွရဖူးရာ ကျောင်းမြေတစ်ကွက်မှာ ပိုင်ရှင်နှင့် မသင့်မြတ်ဖြစ်၍
အလှူခံမရ၊ ဝယ်မရရှိနေစဉ် ဘုန်းတော်ကြီး ကြွလာလျှင် မြေရှင်က အလိုလိုလာလှူကြောင်း၊
သိမ်သမုတ် ပြီးသောအခါ ပုရွက်၊ ခါချဉ်၊ ကရင်နီများ အလွန်ပေါသော ထိုမြေကွက်တွင်
တိရစ္ဆာန်များ ထွက်ခွာသွားကြသည်ဟု တအံ့တသြ ပြောစမှတ်ပြုကြ၏။

ကျိုက်ထို ဆိပ်ဖူးတောင် တောကျောင်းတွင် ပျားကြီးများ အုံလုပ်နေရာမှ တရုန်းရုန်း
ပျံဝဲလှုပ်ရှားနေသဖြင့် ဒကာ, ဒကာမများ မသွားဝံ့ ရှိနေကြ၏။

“အဖူးမြော်လာသူတို့အား သင်တို့ မနှောင့်ယှက်ကောင်း” ဟု ဆိုလိုက်လျှင်ပင်
အအုံသို့ သွားရောက်ငြိမ်သက် နေကြသည်ဟု ပြောဆိုကြ၏။

ဂူပြိုကျခြင်း

ဘုန်းတော်ကြီးသည် ကျိုက်ပတိုင် သိမ်ကုန်းဂူကြီးတစ်ခု၌ နေရာ တစ်နေ့သ၌ နွား
ကျောင်းသား တစ်ဦးက ရုတ်တရက် ဂူကြီးပြိုကျသွားသည်ကို မြင်ရ၍ ရွာတွင်းသို့
ချက်ချင်းပြေးသွားပြီး ပြောကြား၏။ တစ်ရွာလုံး အထိတ်တလန့် ဖြစ်သွားသည်။
“ဘုန်းတော်ကြီးတော့ ပျံလွန်တော်မူရပါပြီ” ဟု ရွာသားများ ဝမ်းနည်းပက်လက် ပြေးလာကြ၏။
ရွာသားများ ရောက်သောအခါ ဘုန်းတော်ကြီးမှာ ဂူအနီး သစ်ပင်တစ်ပင်အောက်၌
အေးဆေးစွာ ထိုင်နေသည်ကို ဖူးတွေ့ကြရမှ ရင်ထဲမှာ အေးသွားကြရတော့သည်။
အကျိုးအကြောင်း လျှောက်ထားကြသောအခါ-

“အိမ်း.....ဂူတော့ပြိုသွားပြီ ၊ မင်းတို့မြင်တဲ့အတိုင်းပဲ၊ တို့လဲဂူထဲမှာ ဆိုင်နေတုန်း
ကယ်တော်မူပါဘုရား၊ ကယ်တော်မူပါဘုရားလို့ အပြင်ဘက်က အကြိမ်ကြိမ် အော်သံကြားလို့
ထွက်ပြီး ဂူကိုလှည့်ပတ်ကြည့်တယ်၊ ဘာမှလဲ မတွေ့ဘူး။ ကြည့်နေတုန်းပဲ ဂူကြီးပြိုသွားတယ်”
ဟု အမိန့်ရှိလေသည်။

နာနာဘာဝနှင့် နတ်များ

ဘုန်းတော်ကြီး ဦးသီလ၏ တောရအတွေ့အကြုံ အထူးအဆန်းတို့ကား ပြော၍
မကုန်နိုင်အောင် ရှိပေလိမ့်မည်။ သိမီသော ပုဂ္ဂိုလ်အသီးသီးတို့ တစ်စွန်းတစ်စ သိရသမျှ
မှတ်သားထားချက်များပင် လွန်စွာ များနေပေသည်။ အံ့သြလောက်အောင်လည်း ထူးခြား၏။
သူတော်စင် အရှင်မြတ်တို့အဖို့ကား ထူးဆန်းသည်ဟု လူသာမန်တို့ သတ်မှတ်ထားသော


## PAGE 276

၂၂ဝ


ဓမ္မာစရိယ ဦးဌေးလှိုင်

အရာအားလုံး ဘာမျှ အဆန်းတကြယ် မရှိ။ အသိလည်း မပေးလိုကြ။ အလုပ်ပိုပင်ဖြစ်၍
စကားအဖြစ်ပင် ပြောလိုတော်မမူ ကြကုန်။

သီလ၊ မေတ္တာ၊ သစ္စာနှင့် ခန္တီတရားတော်၏ အစွမ်းသတ္တိကို မမြင်ရသော်လည်း
လူသားတို့၏ အမြင်၌ မဖြစ်နိုင်ဟု ထင်ရသော အရာအားလုံးသည် လွယ်လွယ်နှင့်
ဖြစ်နိုင်သည်ကို သတိပြုကြရန်ပင်။ တရားရှိသူ၏စိတ်ဆန္ဒကား ဘာမဆိုလိုတိုင်းရ၊ တ,တိုင်း
ပြီးစေသည်ချည်း။ ယင်းသည်ပင် တန်ခိုး ဖြစ်ပေတော့၏။

တိရစ္ဆာန်များနှင့် တွေ့ဆုံရရာ၌ လူ့စကား နားလည်သကဲ့သို့ ပြောစကားကို
နားထောင်ကြောင်း သိကြရပေပြီ။ ဝေဿန္တရာ၊ သုဝဏ္ဏသျှံ စသော ဇာတ်တော်များ၌
လူသားနှင့်တိရစ္ဆာန်တို့ ယဉ်ပါးပုံ၊ အချင်းချင်းမေတ္တာဖြင့် ကူညီစောင့်ရှောက်ကြပုံ၊ နောက်ဆုံး
လူသားနှင့် တိရစ္ဆာန်တို့ စကားပြောပုံများကိုလည်း ကြားဖူး၊ ဖတ်ဖူးကြပေပြီ။

ယခုခေတ်တွင် “စိတ်ချင်း စကားပြောနည်း” ခေါ် တယ်လီပယ်သီ ပညာရပ် တစ်ခုကို
ရုပ်ဝါဒီနိုင်ငံများကပင် လေ့ကျင့်သုံးစွဲလျက် ရှိနေပြီ။ တိရစ္ဆာန် အချင်းချင်းလည်း တယ်လီပယ်သီ.
နည်းဖြင့် ဆက်သွယ်ကြ၏။ လူ,လူချင်းလည်း မိုင်ပေါင်းများစွာ ဝေးကွာစေကာမူ ပြော၍
ရ၏။ လောက၌ ထိုအတတ်တို့သည် အမြဲရှိနေ၏။ (ဗာဝရီပုဏ္ဏားကြီး၏ စိတ်ချင်း
စကားပြောနည်းကို သုတ္တနိပါတ်၌ ရှုပါ။) သိစရာတွေကား များပြားလှသည်။ မိမိတို့မြင်သည်၊
သိသည်ကား မဆိုစလောက်၊ ထို့ကြောင့်လည်း သူတော်ကောင်းတို့ အကျင့်စခန်းနှင့် စပ်၍
မိမိတို့ဉာဏ်မမီသဖြင့် မသိသေး။ မသိသေး၍ လက်မခံနိုင်။ လက်မခံနိုင်သော် ရှိစေဦး။
နှုတ်ကျူးနှုတ်လွန် စကားမကျွံအောင်ကား သတိပြုအပ်စွာ။ နှုတ်ကြောင့် မသေစေသင့်။

ဘုန်းတော်ကြီး၏ အတွေ့အကြုံ၌ အထူးအဆန်း အနှောင့်အယှက် အခက်အခဲ
တို့ကား သားရဲတိရစ္ဆာန်မျှမက သရဲတစ္ဆေ၊ ဥစ္စာစောင့်၊ ရုက္ခစိုး စသည်ခေါ် ပညတ်သော
နာနာဘာဝ ဝေမာနိက ပြိတ္တာ၊ ဘူတနတ်များလည်း ပါဝင်ကြရာ ယခု ထိုအကြောင်းကို
တင်ပြပေအံ့။

ဘုန်းတော်ကြီးသည် ကမ်းမြင့်ရွာ တောရ၌နေစဉ် ညအခါတွင် ပြိတ္တာများ သားသမီး
များကို ချီပိုး၍ မကြာခဏ တရားနာ လာကြသည်ကို တွေ့ ရကြောင်း ကမ်းမြင့်ရွာသားတို့
အသိအမြင်ပင် ဖြစ်၏။ သူတော်သူမြတ်များလည်း လူတို့၏ အကျိုးကိုသာမက လူနှင့်
ဆက်စပ်နေသော နာနာဘာဝများ၊ နတ်များကိုလည်း ဟောကြားပြသ ဆုံးမနေရသည်ကို
နားလည်အပ်ပေသည်။

ယခင်နှင့် ယခု

ဤနေရာ၌ ယက္ခသံယုတ် ပါဠိတော်နှင့် ပေတဝတ္ထု ပါဠိတော်တို့အပေါ်၌ ယုံကြည်ခြင်း
(သဒ္ဓါဓာတ်) အားများ ပို၍ ကြီးမားစေလေသည်။ ဘုန်းတော်ကြီးသည် ယနေ့ လူသာမန်တို့
ယုတ္တိ.. ခု လက်မခံနိုင်သော ဗုဒ္ဓခေတ် အဖြစ်ဆန်းများကို တကယ့်အစစ်အမှန်များဖြစ်ကြောင်း

