## PAGE 289


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၃၃

ဘုန်းတော်ကြီးသည် ပရိယတ်စာသင်တိုက်ကြီးများ မဖြစ်မနေ ဖွင့်လှစ်တည်ထောင်
ပေးတော်မူခဲ့၏။ သိမ်ပေါင်းများစွာကိုလည်း သမုတ်ပေးတော်မူခဲ့၏။ သိမ်သမုတ်ရင်းပင်လည်း
စုတိကမ္မဇရုပ် ချုပ်တော်မူခဲ့ရလေပြီ၊ ရဟန်းငယ်များအား စာသင်ရန် ဟောပြောတိုက်တွန်း၍
ရဟန်းကြီးများအား တရားရှုရန် အမြဲတိုက်တွန်း ချီးမြှောက်တော်မူခဲ့လေသည်။

“စာတတ်ဖို့ မလို၊ စာတတ်လျှင် တရားရခဲသည်’ ဟု ဆိုရဲကြသော ခုကာလ
ကမ္မဋ္ဌာန်းဆရာအချို့, ယောဂီအချို့၏ အပြောအဆိုတို့နှင့်ကား ဘဇဂ်နှင့် အဝီစိ များစွာ
ကွာခြားလှပါဘိ။ ထို့ကြောင့် သီလဗုဒ္ဓိ၊ စဏ္ဍဝဇ္ဇီ၊ ရောဟဏ စသော ရှေးရှေးကာလ
သာသနာပြု မထေရ်ကြီး အဆက်ဆက်တို့သည် မောဂ္ဂလိပုတ္တ၊ နာဂသိန်၊ အရဟံစသော
အလောင်းလျာ ရှင်သာမဏေ ငယ်ကလေးများကို မွေးမြူစောင့်ရှောက်တော် မူခဲ့ကြပေ၏။
အိမ်ရှေ့ဥပရာ နန်းလျာ အမွေခံဖို့ ရင်ခွင်ပိုက်ပြုစုတော်မူ၍ ပရိယတ်ပညာနို့ကို တိုက်ကျွေးတော်
မူခဲ့ကြလေပြီ။

ရဟန္တာပုဂ္ဂိုလ်ကြီးများဟူသည် ရှင်သာမဏေ ငယ်လေးများထဲမှသာ ပေါ်ထွက်ကြရ၏။
အနှစ်လိုလျှင် အပွေးကပင်စောင့်ရ၏။ အသီးစားလိုလျှင် အပင်စိုက်ရသည်ချည်း။

မော်လမြိုင်၌ ကျောင်းတရားဖြစ်ခြင်း

ဘုန်းတော်ကြီး ဦးသီလသည် ၁၂၄၉-ခုနှစ်တွင် မော်လမြိုင်မြို့နယ်သို့ ပထမဆုံး
ရောက်တော်မူ၏။ ဘားအံနယ် . တရုပ်လှရွာ မြောက်ဘက် သုသာန်အနီး တောကြီး၌
နေတော်မူ၏။ နောက် ရွာသားတို့က ဝါးကျောင်းဆောက်လှူကြသည်။ ဘုန်းတော်ကြီး
ဂုဏ်သတင်းကား တစ်နယ်လုံးသို့ပင် သင်းပျံ့၍ ဟိုမှသည်မှ သာသနာရေးကိစ္စ ပင့်လာကြ၏။

မကြာမီ တောင်ဝိုင်းကြီးအရပ် တောကျောင်း၌ သီတင်းသုံးရာ မော်လမြိုင်မြို့
မဟာမြိုင်ကျောင်း ဦးသာဂရထံ မိမိ၏ တပည့်ရဟန်းလောင်းတစ်ပါး ရဟန်းခံပေးရန် ကိစ္စ
အတွက် ကြွရောက်တော်မူ၏။ ဦးသာဂရသည် ဘုန်းတော်ကြီး၏ တောရဂိုဏ်းတွင်
နာယက တစ်ပါး ဖြစ်သူ မက္ခရာဆရာတော်ကြီး၏ တပည့်ဖြစ်ကြောင်း သိတော်မူပြီး
ဖြစ်ဟန် ရှိသည်။ ဦးသာဂရကလည်း ညကပင် “ကျောင်းတောင်ပေါက်မှ ဆင်ဖြူတော်
ဝင်လာသည်” ဟု အိပ်မက်မက်နှင့်၏။ ရဟန်းခံပေးမည့် နေ့တွင် ဆရာတပည့် တောလမ်းမှ
ဆွမ်းခံရင်း ကြွလာကြရာ လူနေအိမ်ခြေ မရှိရာမှ အခါမဲ့ ကြွလာသော ဘုန်းတော်ကြီး
ဆရာတပည့်အား လောင်းလှူကြသည့် ဆွမ်းဟင်းခဲဖွယ်များမှာ မဟာမြိုင်ကျောင်းသို့
အထမ်းကြီး,ငယ်များဖြင့် လိုက်ပို့ကြရ၏။ ရဟန်းခံအတွက် စီစဉ်ထားသော စားသောက်
ဖွယ်များပင် အပိုဖြစ်သွားတော့၏။

ဤကား မော်လမြိုင်ဒေသ၌ တောရဂိုဏ်းမျိုးစေ့ကိုစတင်ချပေးလိုက်ခြင်း ဖြစ်ပေ၏။
တစ်ခါက မော်လမြိုင်မြို့နေ ဦးသာညိုစသော ဒကာများက ဘုန်းတော်ကြီးအား
ပင့်၍ ပန်းဘဲတန်း တိုက်ကျောင်းကြီးကို တင်လှကြ၏။ ရွှေကျောင်းဂိုဏ်း သံဃာတစ်စုက


## PAGE 290

၂၃၄


စန္ဒာဒရိယ ဦးဌေးလှိုင်

တရားစွဲဆိုကြသည်။ “ဘုန်းတော်ကြီး အတင်းတက်နေသည်။ ဘုန်းတော်ကြီး ရောက်ရာ၌
အဓိကရုဏ်း ဖြစ်လေ့ရှိသည်” စသည်ဖြင့် အပြစ်အမျိုးမျိုးပြ၍ စွဲဆိုကြလေသည်။ (အမွှေဓာတ်ကို
သတိပြုရန်။) ပထမတွင် ဝဇီရာ ရာမဆရာတော်၊ မင်းခင်းဆရာတော်များ ကြီးမှူးသော မြို့ခံ
သံဃာများက ဘုန်းတော်ကြီးအား ထုချေရန် ဆင့်ခေါ်ကြသည်။ ဦးသာညိုက “ဘုန်းတော်ကြီး
ကိုယ်စား တပည့်တော် အစစ်ခံသွားပါမည်” ဟု လျှောက်ရာ “နင့်ကို စွဲတာမဟုတ်” ဟု
ပယ်တော်မူသည်။ တစ်ဖက်ဆောင်ရွက်ကြသော ဒကာများမှာ ဦးဇိန ဘုရားဒကာ သူဌေးဦးမိုးတို့
ဖြစ်၏။ တရားဆိုင်မည့်နေ့တွင် ဆူပူမှု ဖြစ်မည်စိုး၍ ဦးမိုးတို့က အင်္ဂလိပ်အရေးပိုင်
“မစ္စတာပရက်” အား စစ်ပုလိပ်များနှင့်အတူ ဖိတ်ခေါ်၍ မဏ္ဍပ်ကြီးထိုးလျက် ဧည့်ခံထားကြသည်။
ဘုန်းတော်ကြီးလည်း ပုဂံတောင်ကျောင်းတိုက်မှ ဆင့်ခေါ်ရာဌာနသို့. ကြွလာ၏။
အင်္ဂလိပ်အရေးပိုင်ကား ကြွလာလျှင်ပင် သိဖူးဟန်ဖြင့် ကုလားထိုင်မှ ထ၍ အရိုအသေပြုရာ
လူအများ အံ့အားသင့်သွားကြ၏။ ဘုန်းတော်ကြီးကား စကား မည်သို့မျှမဆို။ သံဃာ့ပရိသတ်
သို့ ကြွသွားသည်။ ရောက်လျှင်ပင် ဘုရားဝတ်ပြု၏၊ သံဃာ့မထေရ်ကြီးများအား အရိုအသေ
လက်အုပ်ချီ၍ ဆင့်ခေါ်ခြင်း အကြောင်းကို လျှောက်ထားလိုက်သည်။ ဘုန်းတော်ကြီး၏
ကျိုးနွံရိုသေပုံကို မြင်ရသော မြို့ ခံဒကာအချို့က “ဘုန်းတော်ကြီးမှာ ကြောက်ရှာလွန်း၍
ရှိခိုးနေရှာ၏” ဟု သနားနေရှာကြသေးတော့၏။ (စာတတ်ပေတတ် ပရိယတ် အကျော်
ဆရာတော်များနှင့် ထိုဆရာတော်မျိုးကိုသာ ကိုးကွယ်တတ်သော ဒကာများ သတိပြုဖွယ်
ကောင်းပါသည်။)

သံဃာ့ထေရ် - ဤပန်းဘဲတန်း တိုက်ကျောင်းကြီးကို ဒကာများထံမှ ဘုန်းတော်ကြီးဦးသီလ
အလှူခံထားသည်မှာ မသင့်မြတ်ပါ။ ပြန်၍ စွန် ့လွှတ်စေချင်ပါသည်။
ဘုန်းတော်ကြီး - ဤကျောင်းကို အလှူခံသူမှာ တပည့်တော် မဟုတ်ပါ။ မုဒုံဘုန်းကြီး
ဦးမာလာသာ ဖြစ်ပါသည်။

-

ဝဇီရာရာမ … – ဦးသီလသည် မုဒုံဘုန်းကြီးများနှင့် တစ်သဘောတည်း ဖြစ်ပါလျက်
ဤသို့ ရှောင်လွှဲရန် မသင့်ပါ။

“သိင်္ဃပုပ္ဖဇာတ်”တော်လာ မုဆိုးကြီးအား ကြာစွယ် ကြာပွင့်များ
များစွာ ချိုးယူသွားစေကာမူ သူခိုးဟု အပြစ်တင် မခံရ။ လေအောက်မှ
အနံ့ခံသော အလောင်းတော် ရသေ့မြတ်ကိုသာ သစ်ပင်စောင့် နတ်သမီးက
အနံ့ သူခိုးဟု စွဲဆို ခံရဖူးသောထုံး ရှိပါသည်။ ဤကျောင်းကို အခြားသူ
အလှူခံလျှင် အပြစ်တင်ကြမည် မဟုတ်။ ဘုန်းတော်ကြီး ဦးသီလကဲ့သို့
လာဘ်လာဘ အလုံးစုံကို စုပုံ လှူဒါန်းနေသူ ဖြစ်လျက် ဤကျောင်းကို
မစွန့်လွှတ်နိုင်ပါက သင့်တော်မည် မထင်ပါ။

ဘုန်းတော်ကြီး - အရှင်မြတ်များသည် ဤအမှုကို ဆုံးဖြတ်ရမည့် ဝိနည်းဓိုရ်များ ဖြစ်ကြပါလျက်
တရားလိုပင့်ရာကျောင်းသို့ ကြွလာပြီး တရားလို ကျွေးမွေးသော
ဆွမ်းခဲဖွယ်များ ဘုဉ်းပေးတော်မူကြ၍ မမေးမြန်း မစစ်ဆေးမီကပင်


## PAGE 291


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၃၅

“တရားလိုကျောင်း” ဟု ပြောဆို သုံးနှုန်းတော် မူကြပြီ။ ဆက်လက်
စစ်ဆေးကာ ဆုံးဖြတ်တော်မူကြပါလျှင် တရားဓမ္မဂန် ကျပါမည်လား

ဘုရား။

ထိုအခါ သံဃာမထေရ်ကြီးများ မည်သို့မျှ စကားမဆိုသာ ရှိနေကြစဉ် ဘုန်းတော်ကြီး
သည် ဘုရားဝတ်ပြု၍ ထလာတော့၏။ အရေးပိုင် မစ္စတာပရက်လည်း အရိုအသေပေး၍
ပရိသတ်အား “ဘုန်းတော်ကြီးသည် အလွန်ကောင်းသော ဘုန်းတော်ကြီး ဖြစ်သည်” ဟု
ပြောဆိုကာ ကျိုက်ထို၌ ဆင့်ကြော့မှူးနှင့် တွေ့စဉ်က ဖြစ်ပျက်ပုံများကို ပြောဆို၍ ပြန်သွား
၏။ လေး-ငါးရက် ကြာလျှင် အရေးပိုင်ကတော်သည် ဘုန်းတော်ကြီးနှင့်တကွ နောက်ပါ
သံဃာများအား သင်္ကန်းဒွိစုံစီနှင့် ဆွမ်းလောင်းလှူလေသည်။

နောက် မကျေနပ်၍ ရုံးတင်စစ်ဆေးရာတွင် သံဃိကကျောင်းဖြစ်၍ အပြစ်မရှိကြောင်း
ဆုံးဖြတ်ကာ မော်လမြိုင်တောရဂိုဏ်း သာသနာကို ဤကျောင်းကပင် စတင်လေတော့သည်။
သံဃာသုံး-လေးဆယ်ရှိ စာသင်တိုက်ကြီးဖြစ်၍ ဝိနည်း စာပြန်ပွဲကြီးကို နှစ်စဉ် ကျင်းပကြ၏။

ကျိုက်ထို၊ သထုံတို့၌လည်း ထိုအတိုင်းပင် ကျင်းပကြ၏။ (သထုံ၌ စာသင်တိုက်
တည်ပေးပုံကို ပြခဲ့ပြီ။) ဘုန်းတော်ကြီးသည် သာသနာပြုရာ၌ ဝိနည်းအဓိက ပရိယတ္တိ
စာသင်တိုက်ကြီးများကို တည်ဖန်တော် မူခဲ့သည်မှာ လောလောဆယ် ပစ္စက္ခ အခြေမျှကိုသာ
ကြည့်တော်မူ၍ ပြုလုပ်ခြင်း မဟုတ်။ အဓွန့်ရှည်စွာ သာသနာနောင်ရေးကို မြင်တော်မူဟန်
ရှိလေသည်။ အဘယ့်ကြောင့်ဆိုသော် တစ်ခါက ကျိုက်ကော်သိမ်ဆိပ်၌ ကျိုက်ထိုဇာတိ
ဦးဘိုးရင်ဆိုသူသည် ရဟန်းသံဃာများ ချွတ်ယွင်းချက် တွေ့ လျှင် အပြစ်တင်လွယ်သူဖြစ်ရာ
ဘုန်းတော်ကြီးက “ဟဲ့.....ဘိုးရင် လာဦး” ဟု သိမ်ထဲသို့ ခေါ်သွားပြီးနောက်-

"

“ဟဲ့........ဘိုးရင်၊ ငါတို့မရှိသည့်နောက်၊ ငါတို့ပြုထားတဲ့ ဤသာသနာသည် ဤ
အတိုင်း နေမည်မဟုတ်” ဟု ဆုံးမတော်မူသည်မှာ အနာဂတ် သာသနာတော်အတွက်
ဗျာဒိတ်ပင် မဟုတ်လော။

“သင့်စိတ် ပြုပြင်၍ ကြည်ညိုလျှင် လူ၊ မကြည်ညိုလျှင် နေတာပေါ့၊ ဘာဘာညာညာ
မပြောနှင့်” ဟုလည်း ဆုံးမတော်မူခဲ့၏။

ညောင်လေးပင် တောရ

ညောင်လေးပင် တောရတိုက်သည်လည်း ဘုန်းတော်ကြီး၏ အမိန့်အရ ၁၂၅၆-
ခုနှစ်တွင် တည်သည်၊ သံဃာ ၁၁-ပါးနှင့် ခင်ဦးမုံလှရွာဇာတိ ခရွဲတောရ ဆရာတော်
ဦးသောမ စတင်သီတင်းသုံး၏။ ဘုန်းတော်ကြီးပင် သိမ်သမုတ်ပေးခဲ့သည်။ ဝိနည်းစာပြန်ပွဲ
များလည်း ကျင်းပစေ၏။ နောင်အခါတွင် “အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီး ဦးအရိယ’
(ဘုန်းတော်ကြီး ရဟန်းခံပေးသူ) နှင့် “အဂ္ဂမဟာပဏ္ဍိတ မေဒိနီ ဆရာတော် ဦးအာဠာရ’
စသော သာသနာတွင် ထင်ရှားသည့် တပည့်ကြီး အဆက်ဆက်တို့ ထွန်းကားလာ၏။

