## PAGE 292

၂၃၆


ဓမ္မာစရိယဦးဌေးလှိုင်

ညောင်လေးပင်တောရ .. တိုက်ကြီးသည် ရှင်များအတွက်သာမက “ပဋိစ္စသမုပ္ပါဒ်
မောင်မယ်များ ကိုပင် မွေးထုတ်ပေးခဲ့ရာ လူအများအတွက်ပါ သာသနာမျိုးစေ့ ချပေးသော
သာသနာပြု ဌာနကြီးတစ်ခု ဖြစ်လာခဲ့၏။

ကျိုက္ကစံ ကျောင်းတိုက်

ရန်ကုန် ကျိုက္ကစံကျောင်းတိုက်ကို ၁၂၆၂-ခုနှစ်တွင် တည်၏။ ကျိုက္ကဆံဘုရား
လူကြီး ဦးသာရှိက ပြည်ကြီးမဏ္ဍိုင်တိုက်ရှင် ဦးဘိုးငြိမ်း စက်ဆန်း ဦးဘိုးဆင်တို့နှင့်
တိုင်ပင်ကာ ကျောင်းမြေရာဝယ်၍ တိုက်ကျောင်းဆောက်လုပ်ပြီး စာသင်တိုက်လုပ်ရန်
ဘုန်းတော်ကြီးအား တင်လှူ၏။ ဘုန်းတော်ကြီးက အလှူခံပြီး မန္တ လေးဝိသုဒ္ဓါရာမ ဆရာတော်
အား လွှဲအပ်ရာ တစ်ဝါဆိုပြီးလျှင် တစ်ဆင့် ကျိုက်ပတိုင်သိမ်ကုန်း ဘုန်းကြီး ဦးဥတ္တမအား
ဘုန်းတော်ကြီး၏ ဆန္ဒနှင့်အညီ အုပ်ချုပ်စေ၏။ သံဃာ တစ်ရာကိုးဆယ်ရှိ၏။ ဦးဥတ္တမ
ဆရာတော်သည် သံဃာများနှင့်ကြွ၍ ပဲခူးဝိနည်းစာပြန်ပွဲကြီးကို အုပ်ချုပ်ရသည်။ ဂိုဏ်းတွင်း
မှုခင်းများကိုလည်း စီရင်ဆုံးဖြတ်ပေးရ၏။

ညောင်တုံး ရွှေဟင်္သာတောရ

၁၂၆၂-ခုနှစ်တွင် ဘုန်းတော်ကြီးအား ညောင်တုံးဒကာများကပင့်ရာ “သာသနာ
အရှည်အကျိုးရှိမှ သင့်မည်” မိန့်တော်မူသဖြင့် စာသင်တိုက်တည်ရန် မြေနှင့် သိမ်သမုတ်ရန်
မြေနေရာတို့ကို စီစဉ်ကြသည်။ နောင်အခါ “ရွှေဟင်္သာတောရ' ခေါ်သော စာသင်တိုက်ကြီး
ဖြစ်လာ၏။ ကျောင်းတော်ရာဆရာတော် ဦးသာသနအား ဦးစွာလွှဲအပ်သည်။ ပထမ တဲ
ကျောင်းကလေးများ ဆောက်၍ သီတင်းသုံးကြရ၏။ သိမ်သမုတ်သောအခါ အဆင်သင့်
ကြုံကြိုက်လျက်ရှိသဖြင့် မဟာဝိသုဒ္ဓါရာမ ဆရာတော်စသော သာသနာ့ဦးကိုင် ဆရာတော်ကြီး
များ ပါဝင်သဖြင့် ဝိနည်းကံတို့၏ အချက်အချာ၊ သာသနာတော်၏ အသက်ပမာ ဖြစ်သော
ထိုသိမ်သည် အရတော်ခဲ့ပေ၏။ ဝိနည်း စာပြန်ပွဲများလည်း ကျင်းပကြ၏။ သံဃာတစ်ရာကျော်
နှစ်ရာဖြင့် မြန်မာနိုင်ငံ ပရိယတ္တိသာသနာဝင်တွင် ယနေ့ထိပ်တန်း စာသင်တိုက်ကြီးအဖြစ်
ရပ်တည်လျက် ရှိပေပြီ။

ဖြူးမြို့တွင်လည်း ရွှေကျင်တောင်ကျောင်း မြောက်ကျောင်း နှစ်ကျောင်းကို ဘုန်းတော်ကြီး
၏ သြဝါဒကို ခံယူ၍ တိုက်သစ်တည်ကြလေ၏။ ဘုန်းတော်ကြီးကို အကြောင်းပြု၍ သိမ်
နှင့် တောရကျောင်းတို့၏ အရေအတွက်ကား များပြားလှတော့သည်။

ဤပြဆိုပြီး စကားရပ်ဖြင့် ထိုခေတ် အောက်မြန်မာနိုင်ငံအတွက် စတင် အခြေပျိုးခဲ့သော
ပရိယတ္တိသာသနာ၏ ပမာဏကိုလည်း နှိုင်းဆနိုင်ရာ၏။


## PAGE 293

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၃၇

လာဘ်လာဘ များပြားခြင်း

ဘုန်းတော်ကြီး ဦးသီလ ကြွလေရာတိုင်း၌ ပစ္စည်းလေးပါး ဆွမ်းကွမ်းများ လှည်းဖြင့်
တိုက်ရအောင်ပင် များပြား၏။ ပိုလျှံသော ပစ္စည်းအားလုံး သံဃာတော်များကိုသာ လှူဒါန်း
လေ့ရှိသည်။ ဘုန်းတော်ကြီး ကြွမည့်အရပ်၌ သူ့ထက်ငါဦးအောင် ဆွမ်းလှူလိုကြသဖြင့်
ကျိတ်ကျိတ်တိုးနေကြ၏။ တစ်ခါက တောင်ငူမြို့ထောင့်ကျောင်းသို့ ကြွစဉ် သူကအရင်
ငါကအရင် ငြင်းခုန်နေကြသဖြင့်-

“ကုသိုလ်များများ ရချင်ရင် ငါ့စကားနားထောင်ကြ၊ သံဃာများကိုလှူ” ဟုမိန့် တော်
မူကာ ဘုရားရင်ပြင်၌ တန်းစီစေ၍ သံဃာအများနှင့် ကြွရောက်ဆွမ်းခံရသည်။

အခါတစ်ပါး ကွမ်းရိုက်ဆရာတော်၊ မဟာမြိုင်ဆရာတော်၊ သက်ငယ်တောင် ဆရာတော်
များနှင့်အတူ ကျုံဒိုးသို့ လှေကြီးဖြင့်ကြွ၏။ ညအခါ ကျုံဒိုးသို့ရောက်ရန်လည်း ဝေးသေးသဖြင့်
လမ်းခုလတ်၌ လှေဆိုက်၍ ရပ်နားရန် မိန့်တော်မူ၏။ လှေသမားတို့မှာ ဘုန်းတော်ကြီး
အမိန့်ရှိ၍သာ နားကြရသည်။ လူသူမနီး တောကြီးထဲဖြစ်၍ နံနက်ဆွမ်း ဒုက္ခရောက်မည်ကို
တစ်ညလုံး ပူပန်နေကြ၏။ နံနက်အရုဏ်လင်းလျှင် ဟိုတစ်တဲ သည်တစ်တဲ လယ်လုပ်တဲများမှ
ဆူဆူညံညံဖြင့် ဆွမ်းလာပို့ကြ၍ အံ့အားသင့်ကြရ၏။

ကျိုက်ထီးရိုးလမ်းတွင် ဆင်ကြော့မှူးကို တွေ့ပြီးနောက် ခရီးဆက်တော်မူရာ နောက်
တစ်နေ့ နံနက်တွင် တောအုပ်ကြီး တစ်ခုအတွင်းသို့ ရောက်တော်မူ၏။ သက်ငယ်တောင်လည်း
ဝေးသေး၏။ တောင်ယာတဲများလည်း မတွေ့ရ၊ ကပ္ပိယ ဆရာဖိုးလေးကား ဆွမ်းအချိန်
နီးကပ်နေပြီ ဖြစ်၍ ဆွမ်းရရန်လည်း မျှော်လင့်ချက် မရှိသဖြင့် ဆွမ်းတစ်နပ်အတွက် စိတ်ပူ
နေ၏။ မကြာမီ လမ်းခုလတ် သစ်ငုတ်တို တစ်ခု၌ အငွေ့ တစ်ခြောင်းခြောင်း ထနေသော
ဆွမ်းထုပ်ကို ပံ့သုကူရလေ၏။ ငှက်ပျောသီး၊ အုန်းဆံ၊ မုန့်တို့ဖြင့် သက်သတ်လွတ် ကပ်ရ၍
ဝမ်းမြောက် အံ့သြမဆုံး ဖြစ်ရလေသည်။

ဘုန်းတော်ကြီး ရွှေကျင်တောရ၌ နေစဉ် ကျိုက်ထိုမှ ဦးရွှေနှစ်တို့သည် ဘုန်းတော်ကြီးအား
ခတ်လှေကြီးဖြင့် ပင့်ခဲ့ရာ နှစ်ရက်ခန့် စုန်ပြီး စစ်တောင်းအထက် လူသူမနီး တောကြီးတစ်နေရာ၌
ရောက်လေ၏။ အချိန်မှာလည်း နံနက်သုံးနာရီခန့် ရှိလေပြီ။ ဘုန်းတော်ကြီးက လှေကို
အရပ်ခိုင်းပြီး ဇရပ်ဟောင်းကြီး တစ်ခုပေါ်သို့ကြွ၍ စင်္ကြံလျှောက်နေ၏။ မကြာမီ မှောင်
နှင့်မည်းမည်းတွင် လူတစ်ယောက် ရောက်လာပြီး “ဘယ်သူလဲ” ဟု မေးရာ “ဘုန်းတော်ကြီး”
ဟု ပြောလိုက်လျှင် ချက်ချင်း ပြန်ထွက်သွား၏။

မကြာမီ စစ်တောင်း တစ်မြို့လုံး မီးထိန်ထိန်လင်းကာ လူပေါင်းများစွာ ဆွမ်းလာပို့ကြ၏။
လှေကြီးတစ်စင်း ပြည့်လုမတတ် ကျိုက်ထိုသို့ပင် တင်ယူခဲ့ရလေသည်။ လာဘ်များခြင်းသည်
ရဟန္တာကိုပင် အနှောင့်အယှက် ပေး၏။ လာဘ်လာဘကြောင့် တရားလုပ်ချိန် လျော့သွား
တတ်ပေသည်။ (လာဘသက္ကာရ သံယုတ်။) လာဘ်တိုက်ခြင်းသည် ကပ်တိုက်ခြင်းနှင့်
အတူတူပင်။


## PAGE 294

၂၃၈


ဓမ္မာစရိယ ဦးဌေးလှိုင်

လူမသိနိုင်သော အကျင့်စွမ်းရည်

ဤသည်ကား လူသူမသိသော အ,ကာလ လူခြေမဲ့သော ဒေသတွင် တွေ့ကြုံရသမျှ
တစ်စိတ်တစ်ဒေသ မျှသာတည်း။ အထင်ကရ ကြွရသော ဌာနများတွင်ကား လှည်းအစီးများစွာ
နှင့် တိုက်ရအောင်ပင် များပြားလှ၏။ ဆွမ်းကြီးလောင်းပွဲကြီးများ ဖြစ်နေပေတော့သည်၊
ရသမျှ သံဃာများကိုသာ လှူတော်မူ၏။ ထိုသဘောကို မသိသူအချို့ကား လာဘ်များစွာရခြင်း
ခမ်းနားကြီးကျယ်သော အသုံးအဆောင်များကို (လူတို့၏ စေတနာ့ကို ငဲ့၍ ချီးမြှောက်သော
အားဖြင့်) သုံးဆောင်တော်မူရခြင်းကို မြင်သောအခါ ဣဿာ, မစ္ဆေရစိတ်ဖြင့် ပြစ်မှား
တတ်ကြကုန်၏။ ကြပ်ကြပ် သတိပြုကြပါလေ သူတော်ကောင်းတွေတို့၊ လာဘ်လာဘ
ဟူသည် နှစ်ဘက်သွားရှိသော ဓားပင်တည်း။

အခါတစ်ပါး ဒကာတစ်ဦးသည် မိမိခြံထွက် အုန်းရည်ကပ်ရာ “ဟိုနားမှာ ခဏ
ချထားဦး” မိန့်သည်ကို “ကြာလျှင် ပေါ့သွားမည်” လျှောက်၍ ဇွတ်ကပ်သဖြင့် ဘုဉ်းပေး
ရ၏၊ ဒကာကား မိမိအုန်းရည် ကပ်ရ၍ ဝမ်းမြောက်နေ၏။ မွန်းလွဲလျှင် ထိုဒကာ စိတ်
မကောင်း ဖြစ်ရသည်။

အကြောင်းကား ဘုန်းတော်ကြီးသည် တစ်နေ့လျှင် မည်သည့်အစာကိုမဆို တစ်ထိုင်တည်း
တစ်ကြိမ်တည်းသာဘုဉ်းပေးတော်မူမြဲဖြစ်၏။ “ဧကာသနိက်ဓုတင်'ဟုခေါ်သည်။ လူတို
မသိသော ကျင့်ဝတ်တို့ကား များပြားလှပေကုန်၏။

မြတ်စွာဘုရား ဝေရဉ္ဇာပြည်၌ မာရ်နတ်၏ မှိုင်းတိုက်မှု(အာဝဋနီမာယာ) ကြောင်
တစ်ဝါတွင်းလုံး ပင့်ဖိတ်ထားသည်ကို မေ့လျော့နေသဖြင့် မြင်းစားဂျုံများကိုသာ ဘုဉ်း
ပေးတော်မူရ၏။ ဘုန်းတော်ကြီးနှင့်တကွ ထိုသို့သော သူတော်သူမြတ်တို့သည်လည်း
သုံးလေးရက်ပင် ဆွမ်းမရ၍ ရေဖြင့်သာ ရောင့်ရဲတော်မူကြရသည့် အခါမျိုးလည်း မနည်းချေ.
သူတော်ကောင်းတို့၏ အကျင့်ပဋိပတ်ဂုဏ်ကား လူသာမန်တို့ သိခဲမြင်ခဲပေ၏။ လာဘ်လာဘ
များစွာ၊ ကောင်းမွန် မြိန်မြတ်စွာ ရလျှင်သော်လည်းကောင်း၊ လုံးဝမရလျှင်သော် လည်းကောင်း
ထူးခြားသော ခံစားမှု ရှိတော်မမူကြကုန်။

“ဣဋ္ဌာနိဋ္ဌေသု တာဒိနော=ကောင်းဆိုးနှစ်တန်၌ တစ်ချောင်းတည်းသော စိတ်
ရှိတော်မူကြကုန်၏”။ (တာဒိ=ဒီအတိုင်း)

ထို့ကြောင့် ရံခါလူတို့၏ သဒ္ဓါတရားကို ချီးမြှောက်သောအားဖြင့် များမြတ်ကောင်းမွန်၍
တခမ်းတနား အဆန်းတကြယ် အပူဇော်ခံတော်မူရခြင်းမျိုးကို ကြည့်၍ ငရဲမကြီးကြကုန်ရာ
သီလ, သမာဓိ, ပညာတန်ခိုးတို့ကား ယုတ္တိမတန် လူ့ဉာဏ်မမီနိုင်သော ရုပ်လွန် စွမ်းရည်
ထူးတို့ ဖြစ်ပေကုန်၏။

