## PAGE 298


၂၄၂

ဓမ္မာစရိယ ဦးဌေးလှိုင်

ဓာတ်တော်စစ်များ ဌာပနာ၍ သဲပုံစေတီ တည်ပေးကြရပြန်၏။ ထိုစေတီမှလည်း မီးလုံးကြီးများ
ပျံကြွ ကွန့်မြူးသည်ကို တွေ့ကြရပြန်သည်။ သဲပုံစေတီအနီးမှ သဲများကို ရေ၌ထည့်လျှင်
သင်္ဘောစေ့ခန့် ပုလဲရောင် အလုံးကံလေးများ ပုလင်းထဲတွင် ငုပ်ချည်ပေါ်ချည် ဖြစ်သည်ကိုလည်း
တွေ့ကြရပြန်၏။ သို့နှင့် အလှူအတန်း အကျွေးအမွေးဖြင့် ဓာတ်တော်ကောက်သူများ
ကဆုန်နယုန် လှည်းလမ်းပိတ်၍ လယ်လုပ်ငန်းစမှသာ လူစဲပေတော့သည်။

ထိုနေရာ၌ ဉာဏ်တော် သံတောင် ၃၀-ရှိ အရိုးဓာတ်စေတီကို တည်ထားကိုးကွယ်

ကြလေ၏။

(၁၉၅၉-ခုနှစ် ဒုတိယအကြိမ် ဟံသာဝတီတိုက်ရိုက် ဘုန်းတော်ကြီးဦးသီလ ထေရုပ္ပတ္တိ၌
အကျယ်ရှုပါကုန်။)

မျက်ရည်နှင့်ပြောသော ဘုန်းတော်ကြီးအကြောင်း

ဘုန်းတော်ကြီး ဦးသီလနှင့် စပ်၍ ၁၉၇၇-ခုနှစ် ဇန်နဝါရီလ ၁၇-ရက် နေ့က
ဘုန်းတော်ကြီး၏ မြေးတော်သူ (ဒေါ်အိုခေါ် ဘုန်းတော်ကြီး၏ နှမ ဒေါ်လှသူ၏ မြေး)
အသက် ၆၈-နှစ်ရှိ ဒေါ်လှသင်၏ ပြောပြချက်များကို အောက်ပါအတိုင်း မှတ်သားရပါသည်။
ဒေါ်လှသင်မှာ ကျောက်ဆည်မြို့ ဈေးအနောက်ဘက်၌ နေထိုင်၏။

ဘုန်းတော်ကြီး၏ နှမ ဖွားသူဇာ၏ ခင်ပွန်း ဦးရွှေလန်း၊ ဒေါ်အိုခေါ် ဖွားလှသူ၏
ခင်ပွန်း ဦးရွှေနု၊ ဘုန်းတော်ကြီး အတ္ထုပ္ပတ္တိလာ ‘ဆရာဖိုးကလေး” ဆိုသည်မှာ ဒေါ်လှသင်၏
အမေ့ဦးလေး ဦးရွှေဖူးပင်ဖြစ်၏။ ဦးရွှေဖူးမှာ ဆေးဆရာလုပ်၏။ အသက်လည်း ကိုးဆယ်
နေရ၏။ မြေးများက “ဆရာအဖိုးကလေး” ဟု ခေါ်ကြသည်။

ဒေါ်လှသင်မှာ ငယ်ငယ်ကပင် အဖွား ဒေါ်လှသူ (ဒေါ်အို) နှင့် အတူနေရသူ ဖြစ်၍
ဘွားလှသူသည် စပ်မိတိုင်း အစ်ကိုဘုန်းကြီး အကြောင်း ပြောကာ ပြောတိုင်း မျက်ရည်ကျရရှာ၏။

ဘုန်းတော်ကြီး ကိုယ်ဝန်ရှိသောအခါ မိခင်ကြီး ဒေါ်ချို၌ ငှက်ပျောသီးနှင့် ထန်းလျက်
ကိုသာ စား၍ ကိုယ်ဝန်ကိုစောင့်ရှောက်ခဲ့ရ၏။ ဘုန်းတော်ကြီးကား ကလေးဘဝကပင်
တစ်ဘက်သားအား ငဲ့ညှာလေ့ရှိ၏။ အကုသိုလ်ကိုလည်း ကြောက်ရွံ့တတ်သည်။ တောရပ်
ကလေးသူငယ်တို ့ ဘာဝအလျောက် နွားကျောင်းရင်း၊ ကောက်ရိုးစုရင်း ငရံ့ခေါင်းတိုကို
နှိုက်လေ့ရှိကြရာ မောင်ရွှေသာခေါ် ဘုန်းတော်ကြီး လောင်းလျာမှာ အကုသိုလ်ကို မလုပ်ရဲသဖြင့်
အဖော်များကိုယ်စား နွားကျောင်း၊ ကောက်ရိုးစုလျက်သာ နေရစ်ခဲ့သည်။ နှမများ ဖြစ်ကြသော
မသူဇာ,မလှသူနှင့် မလှအောင်တို့ ကြံစုပ်၍ နေသည်ကို မြင်၍ တောင်းလျှင်-

“ခေါင်းကို ကြံနဲ့အရိုက်ခံရင် ပေးမယ်” ဟု နှမများက ဆိုကြသဖြင့် နှမငယ်များလည်း
စိတ်ကျေနပ်စေရန် ခေါင်းထိုးပေးပြီး အရိုက်ခံလေသည်။

မောင်ရွှေသာသည် အကြီးဆုံးသားဖြစ်၍ မိခင်ကြီး ဒေါ်ချိုအား ထမင်းချက်ရေခပ်၊
မောင်းထောင်းမှအစ ကူညီရ၏။ တစ်နေ့သောအခါ မောင်ရွှေသာ မောင်းထောင်းနေခိုက်


## PAGE 299


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၄၃

နှမဖြစ်သူ မလှသူကလေးက သူ့ကိုချိရမည်ပူဆာ၍ နှမကို ချီပိုးရင်း မောင်းထောင်းရရှာ၏။
ဖွားလှသူမှာ အသက်ကြီးသောအခါ ငယ်စဉ်က အစ်ကိုကြီးအပေါ် နွဲ့ဆိုး ဆိုးခဲ့သည်များကို
ပြောရင်း ငိုရရှာ၏။ မပြောဘဲလည်း မနေနိုင်ချေ။

နှမအကြီး မသူဇာမှာ ဘုန်းတော်ကြီး တောထွက်သွားခါစ တောအနှံ ့ လိုက်ရှာ၍
ထန်းလျက်နှင့် ဖယောင်းတိုင်ကို အလှူသွားရာ “နင်တို့ နောက် ငါ့ဆီလိုက်မလာကြနှင့်”
ဟု ဆို၍ မသူဇာ ငိုလျက် ပြန်ခဲ့ရသည်။ ဘုရားကလေး အုတ်ကန်ရွာ ကုသိနာရုံ ဘုရားဝင်း
အတွင်း နေစဉ် မလှသူ ဆွမ်းပို့သွားရာ ဘုန်းတော်ကြီးမှာ တစ်ပါးတည်း စကားပြောနေသည်ကို
ကြား၍ ချောင်းမြောင်း ကြည့်ရာ ဘုန်းတော်ကြီးရှေ့၌ မြွေကြီး တစ်ကောင် စင်းနေသည်ကို
တွေ့ရ၏ ။

“ဒကာရှေ၊ ရန်သူများ လွတ်ရာသွားတော့” ဟု ဆိုလျှင် လှည့်ပြီး ထွက်သွားသည်ကို
မြင်ခဲ့ရသည်ဟု ဆိုလေသည်။

မီးရထားရှေ့၌ ဘုန်းတော်ကြီး ဖြတ်သွားစဉ် ရထားရပ်သွားသော နေရာမှာ ဘုရား
ကလေးနှင့် ဝမ်းဘဲအင်းကြားဟု ဆို၏။

မယ်တော်ကြီး ဒေါ်ချို ဓားပြများ သတ်သွားသော အမှုနှင့်စပ်၍ ဖိုးပါတူနှင့် ဖိုးရွှေနု
တို့ကို အမှုဆင်၍ ဖမ်းရာ တုံကင်းဖြင့် ရန်ကုန်သို့သွား၍ အစစ်ခံရသည်။ ဖိုးရွှေနုမှာ
ငှက်ဖျား ဖျားလျက်က မကြာခဏ အစစ်ခံသွားရ၏။ တရားသူကြီးက မလှသူကလေးအာ--

“ဒေါ်ချိုကိုသတ်တာ နင့်အဖေနှင့်နင့်အစ်ကို(ဘုန်းတော်ကြီး) မဟုတ်လား” ဟု
သွားတိုင်း ပေးကျွေး ချော့မော့၍ မေးလေသည်. မလှသူကလေးကား မေးတိုင်း “မဟုတ်’
ဟုသာ ဖြေ၏။ နောက်ဆုံး အမှုကို ရုပ်သိမ်းလိုက်ရသည်။ သို့ရာတွင် မယ်တော်ကြီးအား
ရိုက်သတ်သူများမှာ ဝမ်းဘဲအင်းသား တစ်ဦးပါဝင်၍ ထိုသူများအားလုံး ဥပစ္ဆေဒကကံ
(အသေဆိုး) ဖြင့် သေကြရရှာသတတ်။

မယ်တော်ကြီး ကွယ်လွန်သောအခါ မသူဇာ စသော သမီးများက ဟစ်အော်ငိုကြွေးကြရာ
ဘုန်းတော်ကြီးက-

“ဒကာမကြီးက လူဆိုးကြီး၊ နင်တို ့ ခွေးအူသလို အူမနေကြနှင့်” ဟု နှမများကို
ပြောဆို၏။ သံသရာက ဝဋ်ကြွေးဟု ဆိုလိုဟန် ရှိပေသည်။

ဘုန်းတော်ကြီး ပရိနိဗ္ဗာန်စံသောအခါ ဈာပနပွဲမှာ ပထမတွင် မစည်ကားဘဲ ရှိနေရာ
တရုတ်လူမျိုး ကိုယ်ပျက်သူတစ်ဦး သွားရောက်ကန်တော့ရာ ထူးခြားစွာ ရောဂါပျောက်ကင်း
သွားသည်မှအစ တစ်နေ့တစ်ခြား စည်ကားလာသည်။ ဇလွန်မြို့ပေါ်ရှိ တရုတ်သူဌေး
တစ်ဦးကလည်း အိပ်မက်မက်သည့်အတိုင်း အလောင်းတော်ကို မီးရှို့သင်္ဂြိုဟ်ရန် မြေကွက်
တစ်ကွက် လှူရာ ထိုမြေကွက်မှာပင် ရွှေအိုးများ တူးဖော်ရရှိသည်ဟု ဆိုလေသည်။

ဤကား အသက်ကိုးဆယ်ရှိ ဖွားလှသူခေါ် ဒေါ်အိုက မျက်ရည်နှင့် ပြောပြသော
ဘုန်းတော်ကြီးအကြောင်း မှတ်သားမိသမျှ ဖြစ်ပါကြောင်း။

(ဤစာအုပ်၌ ဖော်ပြထားသော ဘုန်းတော်ကြီး ဦးသီလ၏ ဓာတ်ပုံမှာ ကျောက်ဆည်


1

## PAGE 300

၂၄၄


ဓမ္မာစရိယ ဦးဌေးလှိုင်

ဒေါ်လှသင်ထံမှ ကူးယူရရှိပါသည်။ ကျိုက္ကစံကျောင်းမှ ရသည်ဆို၍ သက်တော်ခြောက်ဆယ်

ကျော်ဟု ယူဆရ၏။)

ဒုတိယပိုင်းပြီး၏။

အချိန်...တစ်ခု
အလုပ်....နှစ်မျိုး
အကျိုး များစွာ

...

ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီး ရှောင်လို့ တိမ်းလို့များ ရပါ့မလား။ ထွက်လေဝင်လေ
နှစ်ရပ်ဟာ မွေးကတည်းက သေတဲ့အထိ ရှိနေတာ။ ဘုရားဆုံးမတဲ့အတိုင်း ရုပ်ပေါ်နာမ်ပေါ်
ထားရတာ ပင်ပန်းသလား၊ ပိုက်ဆံကော ကုန်သလား၊ ငှားရ ချေးရသေးသလား။
အချိန်ကော ကုန်သလား၊ တစ်ပါးသူကော သိသလား။ ထားတာက ဝီရိယ၊ ထားတဲ့အတိုင်း
နေတာက ဝီရိယိဒ္ဓိပါဒ်၊ အခုထား အခုနေ အခုပစ္စုပ္ပန်ချမ်းသာ။ ဒီချမ်းသာ ဆိုက်လာတော့
ဝီရိယ-အရှင်သခင်သိတယ်။ သူများသွားမေးစရာမလိုဘူး။ တစ်နေ့ထက် တစ်နေ့ မတိုးတက်ဘဲ
နေပါ့မလား။ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာကမှ တားဆီးပိတ်ပင်လို့ မရဘူး။
ဒီသူတော်ကောင်းထံမှ ချမ်းသာကိုယူမယ်ဆိုပြီး အနိုင်အထက်လုယူလို့ ကော ရနိုင်ပါ့
မလား။ မြင့်မြတ်လိုက်တာဗျာ။

ဘယ်ဣရိယာပုတ်နဲ့မှ ဖြစ်တာ၊ ဘယ်ဣရိယာပုတ်နဲ့တော့ မဖြစ်ဘူးလို ့ကော
ရှိရဲ့လား။ နေရာကော ရွေးရဦးမှာလား၊ ကိုယ်တစ်ယောက်တည်း နေရင်းကော၊ စေတီရင်ပြင်
ဗောဓိရင်ပြင်မှာ နေရင်းကော၊ သားတွေ သမီးတွေ မြေးတွေ မြစ်တွေနဲ့ နေရင်းကော၊
ရပါသဗျာ။

အဲ.....ခန္ဓာဝန်ကြီးက ရှိနေလေတော့ မိမိတို့ ရည်ရွယ်မှန်းထားတဲ့ အလုပ်လဲ
လုပ်နေရမှာပဲ။ ဒါပေမယ့်ဘုရားက အဲဒါ အလုပ်မခေါ်ဘူး။ ဒါမှအလုပ်တဲ့။ အဲသလိုလုပ်ရင်းကော
ဆောင်လို့ မရဘူးလား။ တစ်ချိန်တည်းမှာ အလုပ်နှစ်ခု ပြီးပါသဗျာ။ ဒီဟာကို ဆောင်ရင်းနဲ့
`လုပ်တော့ ပိုပြီး အလုပ်ပြီးလွယ်တယ်၊ အကျိုးပိုများတယ် မဟုတ်လား။

ဒီချမ်းသာကို သိပြီလားဆိုမှဖြင့်. အားချိန် နားချိန်မျှမထားဘဲ တစ်ဆက်ထဲ
ဆောင်ထားကြတော့တာပဲ။

ကျေးဇူးရှင် ဝေဘူဆရာတော်ဘုရားကြီး
(ဆုံးမတော်မူလေ့ရှိသော သြဝါဒတရား မှတ်စု)

