## PAGE 304


ဆရာတော်ဦးကြည်

(ပခုက္ကူ သဲပုံစေတီတောရ ဦးကိတ္တိ)

(

.

၁၂၀၄ - ၁၂၈၈ )

တစ်ချိန်က ပခုက္ကူနယ်၌ ‘ရဟန္တာ' ဟု ကျော်ကြားတော်မူခဲ့သော အရညဝါသီ
ဆရာတော်ဦးကြည်ဟူ၍ ရှိ၏။ ဘွဲ့တော်ကား ဦးကိတ္တိဖြစ်သည်။ သဲပုံစေတီတောရ
ဆရာတော်ဟုလည်း ခေါ်ကြ၏။ ပခုက္ကူနယ်၌ ဆရာတော်၏ အံ့ဖွယ်နှင့် ကျေးဇူးဂုဏ်ကား
ယခုတိုင် ပျံ့လွင့်လျက်ရှိသည်။

ဆရာတော် သီတင်းသုံးသည့် သဲပုံစေတီတောရမှာ ပခုက္ကူမြို့ မြစ်ကိုင်းရွာ၏
မြောက်ဘက်တွင် ရှိ၏။ ထိုတောတန်းခင်ငူများတွင် မြစိမ်းတောင်၊ မှန်စီတောင် စသည်ဖြင့်
တောရကျောင်းဌာနများကို တောင်အမည်တပ်၍ခေါ်ဆိုကြသည်။ စစ်ကိုင်းတောင်ရိုး ချောင်များ
ကဲ့သို့ ဖြစ်၏။ ဆရာတော်၏ သဲပုံစေတီ တောရတောင်မှာ ဘာဝနာနုယောဂီပုဂ္ဂိုလ်တို့အတွက်
နှစ်လိုဖွယ် ဆိတ်ငြိမ်အေးချမ်းလှပေ၏။ တောရဆိုသော်လည်း အခါကြီး ရက်ကြီးများ၌မူ
မြို့ပေါ်မှ သီလယူ တရားနာ ဘာဝနာပွားသော ပရိသတ်များဖြင့် စည်ကားနေတတ်ပေသည်။

ဆရာတော်၏ ဇာတိဌာနကား, ညောင်ဦးမြို့၊ အဖ လှေသူကြီး ဦးပေခွေး၊ အမိ
ဒေါ်မင်းဘူး။ ၁၂ဝ၄-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ငါးရက်နေ့ည နှစ်နာရီကျော်အချိန်
ဖွားမြင်၏။ မွေးချင်းငါးယောက်တွင် အကြီးဆုံး၊ ငယ်မည် မောင်ကြည်၊ ဆရာတော်ကြီး
ဖြစ်သည့်တိုင် ထိုအမည်အတိုင်းပင် ခေါ်ကြ၏။ “ပညတ်သွားရာ ဓာတ်သက်ပါ ဟူ၏ သို့
မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင်တွင် ထွန်းတောက်ခဲ့သော သောက်ရှူးကြည် (ကြယ်)
တစ်လုံးပင်တည်း။

တစ်ဆယ့်နှစ်နှစ်သား အရွယ်တွင် ပခုက္ကူမြို့ ပုထိုးကျောင်းတိုက် ခင်ကြီးတိုးခေါ်
ဆရာတော် ဦးသုမနထံ ရောက်လာ၏။ ပုထိုးကျောင်းကား နာမည်ကျော် သီဟိုဠ်ရှင်ဘုရားကြီး၏
အနောက်တောင်ဘက်၌ တည်ရှိသည်။ တစ်ဆယ့်ငါးနှစ်သားတွင် ရှင်ဖြစ်၏။ ဘွဲ့ရှင်ကိတ္တိ
ဖြစ်သည်။ ၁၂၂၃-ခုနှစ် နယုန်လဆန်း ၁၀-ရက်နေ့တွင် ထိုတိုက်ရှိ ခဏ္ဍသိမ်၌ ထိုဆရာတော်
ဦးသုမနကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်၏။ ကျောင်းသားဘဝမှ
ရဟန်းနှစ်ဝါရသည့်တိုင် ထိုဆရာ့ ခြေတော်ရင်း၌ ပရိယတ္တိသင်ကြား၏။ သုံးဝါအရတွင်
မန္တလေးသို့ ကြွရောက်စာသင်သည်။ ဦးကိတ္တိစာပေသင်ယူသော ကျောင်းတိုက်ကား ထိုခေတ်က
သံဃာတစ်ထောင်ရှိ မန္တ လေးမြောက်ပြင် နာမည်ကျော်စံကျောင်းတိုက်ကြီး ဖြစ်၏။ ရာဇဂုရု
တံဆိပ်တော် နှစ်ထပ်ရ ဆရာတော် ဦးသုဒဿနက အုပ်ချုပ်တော်မူ၏။ လယ်တီဆရာတော်
လောင်းလျာ ဦးဉာဏနှင့် ရင်းနှီးသော စာသင်ဖက် မိတ်ဆွေဖြစ်ခဲ့သည်။


## PAGE 305

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၄၉

မအိပ်မစက် သက်ရှည်ကျန်းမာ

မန္တ လေး၌ စာပေ ပရိယတ္တိ သင်ယူပြီးနောက် ပုထိုးတိုက်၌ ပြန်လည် သီတင်းသုံး၍
ပိဋကကျမ်းစာများ ပို့ချနေ၏၊ ကိုးဝါရသည့်တိုင်အောင် ပုထိုးတိုက်တွင် စာပေပို့ချလျက်
တစ်ဘက်က ဝိပဿနာအားထုတ်တော်မူသည်။ ဆယ်ဝါရသောအခါ … အထက်ဖော်ပြပါ
သဲပုံစေတီတောရသို့ ဝင်တော်မူ၏။ ဆရာတော်သည် ၇၈-နှစ် တိုင်တိုင် တောရဆောက်တည်၍
အမြဲတမ်း ဆွမ်းခံတော်မူသည်။ ဆရာတော်၏ အထူးခြားဆုံးမှာ နိသဇ်ဓုတင်ကို ရာသက်ပန်
ဆောင်တော်မူခြင်းဖြစ်၏။ အတူနေတပည့်ကြီးများပင် “ဆရာတော် တစ်ခါမျှ လဲလျောင်း
သည်ကို မမြင်ဖူး”ဟု ဆိုကြ၏။ အခြားဓုတင်များကိုလည်း အခါအားလျော်စွာ ဆောင်တော်
မူသည်။

ဓုတင် တစ်ဆယ့်သုံးမျိုးတွင် နိသဇ်ဓုတင်ဟူသည် ဝီရိယကို အစွမ်းကုန် စိုက်ထုတ်ခြင်း
ဖြစ်၏။ ကျန်တစ်ဆယ့်နှစ်မျိုးကား ကျောင်း၊ သင်္ကန်း၊ ဆွမ်းကိစ္စတို့နှင့်သာ ဆိုင်သည်။
ဝီရိယကို အစွမ်းကုန်ထုတ်၍ မောဟ၊ ထိန၊ မိဒ္ဓကို ပြတ်ပြတ်သတ်သတ် နှင်ထုတ်ခြင်း
ဖြစ်သည်။ ထိုင်လျက် အိပ်ပျော်သွားလျှင်လည်း နိသဇ်ဓုတင်မပျက်ပေ။ တစ်တောင်ထက်
မမြင့်သော အမှီနှင့်လည်း ထိုင်ကောင်း၏။ နိသဇ်အညံ့စား ခေါ်သည်။ လမ်းလျှောက်ခြင်း၊
ရပ်ခြင်း၊ ထိုင်ခြင်း သုံးမျိုးကို လဲလှယ်၍သာ နေရ၏။ အိပ်မပျော်သော်လည်း မည်သည့်အခါမျှ
မလျောင်းရ။

ဣရိယာပုတ်လေးမျိုးတွင် ထိုင်ခြင်းသည်သာ တရားဘာဝနာအလုပ်၌ ခွင်အကျဆုံး
ဖြစ်၏။ အသင့်လျော်ဆုံးဖြစ်၏။ ခန္ဓာကိုယ်ကိုညှဉ်းဆဲခြင်းမဟုတ်။ ကိလေသာကို ညှဉ်းဆဲခြင်း
သာ ဖြစ်သည်။ အကျင့်ရလျှင် ဘာမျှမခက်။ သင်လျှင် တတ်၏။ ကျင့်လျှင်မြတ်၏။

စင်စစ် အိပ်စက်ခြင်းကား ထိန၊ မိဒ္ဓ၊ မောဟကို လက်ယပ်ခေါ်သည်နှင့် တူ၏။
ထိနမိဒ္ဓသည် နီဝရဏတစ်ပါးဖြစ်၍ နိဗ္ဗာန်ရွှေပြည်၏ တံတိုင်းကြီး တစ်ထပ်ပင်တည်း။
မောဟလည်း ထို့အတူပင်။

“သေယျသုခံ၊ ပဿသုခံ၊ မိဒ္ဓသုခံ” ဟု ဟောတော်မူသည့်အတိုင်း အိပ်စက်ငိုက်မျဉ်း
ရခြင်းသည် ပုထုဇဉ်တို့အား ယစ်မူးတွေဝေ၍ အရသာဟု ထင်စေသော မာရ၏ မှိုင်းတိုက်ခြင်း
တစ်မျိုးသာတည်း။ အိပ်ရမှ အားရှိသည်၊ ကျန်းမာသည်ဟုပင် ထပ်ကွန်၍ ခုခံကာကွယ်
ကြသေး၏။ တစ်ဖန် အိပ်ရာ၌ ကျောစန့်အိပ်ခြင်းသည် ကာမဂုဏ် အာရုံငါးဖြာတွင်
ဖောဋ္ဌဗ္ဗအာရုံပင်ဖြစ်၍ သိမ်မွေ့သော ဖောဋ္ဌဗ္ဗခံစားခြင်း (ဇိမ်ခံခြင်း) ပင် ဖြစ်ကြောင်း
(သက္ကပဥသုတ်) ၌ ဖွင့်ဆိုထားသည်။

ထို့ကြောင့် အိပ်ခြင်းသည် အလွန်အင်အားပြည့်တိုး အကျိုးရှိသောအလုပ်ဟု ထင်ရ
သော်လည်း ယောဂီတို့အတွက်ကား ကောင်းကျိုး တစ်စုံတစ်ရာမပြု။ အဘက်ဘက်၌
အပြစ်ချည်းဖြစ်သည်။ ‘အိပ်စက်မှ ကျန်းမာမည်' ဟု ဆိုပါလျှင်လည်း ယုတ္တိမတန်း၊
နှစ်ပေါင်းများစွာ မအိပ်စက်ဘဲလျက်(ဝါ) မပျော်သော်လည်း ကျောခင်း၍ပင် မလျောင်း


## PAGE 306


၂၅ဝ

ဓမ္မာစရိယ ဦးဌေးလှိုင်

ပါဘဲလျက် အသက်တစ်ရာတမ်းတွင် တစ်ရာ့နှစ်ဆယ်၊ တစ်ရာ့ခြောက်ဆယ် အသက်ရှည်စွာ
ကျန်းမာပကတိ ပရိနိဗ္ဗာန် စံဝင်တော်မူသွားကြသော ရှင်မဟာကဿပ၊ ရှင်ဗာကုလ
စသော ရဟန္တာအရှင်မြတ်ကြီးများက ထောက်ပြတော်မူခဲ့ကြ၏။ (သက္ကပဉ္စသုတ် အဋ္ဌကထာ။)

ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန်တို့သည် အနှစ်သုံးဆယ်လုံးလုံး ကျောခင်းတော်
မမူကြ။ နိသဇ်ဓုတင် ဆောင်တော်မူကြ၏။ ထို့အတူ ရှင်မဟာကဿပ ရဟန်းဖြစ်သည်မှ
စ၍ အသက် တစ်ရာ့နှစ်ဆယ် တိုင်အောင်၊ အနုရုဒ္ဓါ နှစ်ငါးဆယ်၊ ဘဒ္ဒိယ နှစ်သုံးဆယ်၊
သောဏ တစ်ဆယ့်ရှစ်နှစ်၊ ရဌပါလ တစ်ဆယ့်နှစ်နှစ်၊ အာနန္ဒာ တစ်ဆယ့်ငါးနှစ်၊ ရာဟုလာ
တစ်ဆယ့်နှစ်နှစ်၊ ဗာကုလ အသက်ရှစ်ဆယ်မှ တစ်ရာ့ခြောက်ဆယ်ထိ၊ နာဠက ပရိနိဗ္ဗာန်
စံသည့်တိုင် ကျောခင်းတော်မမူခဲ့ကြ။ ထိုမထေရ်များ ကျန်းမာစွာဖြင့် ပို၍ပင် အသက်ရှည်တော်
မူခဲ့ကြပါ၏။

နိသဇ်ဓုတင်အကျင့်သည် ယောဂီတို့အတွက် အကောင်းဆုံး မိတ်ဆွေဖြစ်၏။ မာရနှင့်
စစ်တိုက်ရာ၌ အကောင်းဆုံးသော လက်နက်ကြီးပင်တည်း။ သည်းခံ၍ နိဗ္ဗာန်ရတော်
မူကြပေကုန်ပြီ။

မြွေဆိုး ဆင်ကြမ်းနှင့် မဆန်းသောတရား

ဆရာတော်သည် နိသဇ်ဓုတင်ကို အမြဲဆောင်တော် မူသကဲ့သို့ သီလအခြေခိုင်ရန်နှင့်
ခန္တီ မေတ္တာတရားကို အထူးဟောကြားတော်မူလေ့ရှိ၏။ ဟောပြောရာ၌ ပြတ်သား၏။
နားဝင်လွယ်၏။ စိတ်ရှည်၍ တရား၌အလေးပြုသည်။ တစ်ခါက အများသိ ကျော်ကြားနေသော
ဆရာတော်၏ အံ့ဖွယ်များနှင့် စပ်၍ ရင်းနှီးသူများက လျှောက်ထား မေးမြန်းကြ၏။

အကြောင်းကား ဆရာတော်သည် သဲပုံစေတီတောင်မှ ပုထိုးတိုက်သို့ အကာလ
ညအခါတွင် မကြာခဏ ကြွလာတော်မူလေ့ရှိသည်။ ထိုနယ်ဒေသသည် အဆိပ်ပြင်းထန်သော
မြွေပွေး၊ မြွေဟောက်များ ပေါများသည့် ဒေသဖြစ်၍ မြွေဆိုးများနှင့် မကြာခဏ တွေ့တော်
မူရသည်။ နွေနှောင်း မိုးဦးတွင် ပို၍ပေါ၏။ မြွေဆိုးများကို အခွေပေါ်တက်၍ နင်းသည့်အခါ
နင်းမိသည်။ မိတ်လိုက်သည့် အခါမျိုးတွင် ရန်သူရှောင်မရအောင် ကင်းချထားသကဲ့သို့
ရှိသည်။ ဟိုမှသည်မှ ဝိုင်းအုံလာကာ အများအပြား ရှောင်မလွတ်အောင် တွေ့ ရတတ်၏။

တစ်ခါကသော် ဘုံဘေဘားမားကုမ္ပဏီမှ မုန်ယိုနေသော ဆင်ကြမ်းကြီး တစ်ကောင်နှင့်
ခရီးရင်ဆိုင် တွေ့တော်မူရရာ နင်းသတ်မည့်အဟန်ဖြင့် ရှေးရှုရင်ဆိုင် ပြေး၍လာသော်လည်း
ဆရာတော့် အနီးသို့ရောက်လျှင် ဆရာတော်က မည်သို့မျှ အမူအရာ မပြရဘဲလျက် အလိုလို
ရှောင်ဖယ်ထွက်ပြေးသွားဖူးသည်၊ ထိုအကြောင်းကို လျှောက်ထားကြလေ၏။ အထူးသဖြင့်
မြွေကင်းပေါများသော ဒေသဖြစ်၍ မြွေမှော်၊ မြွေအင်း၊ မြွေဂါထာများကို ရလိုရငြားဟု
ဆရာတော်အား စုံစမ်းသကဲ့သို့ ဖြစ်လေသည်။

“အေး၊ ဂါထာပေး တေးဖြစ်တယ်ဆို မဟုတ်လား၊ ဂါထာက လွယ်လွယ်လေးပါ။

