## PAGE 310


၂၅၄

ဓမ္မာစရိယ ဦးဌေးလှိုင်

ညအခါ မြို့တွင်းမဝင်နိုင်၍ မြို့ပြင်မှာပင် အိပ်မောကျနေခိုက် ဘီလူးက ကိုက်စားရန်
ဆွဲကိုင်ရာ ကလေးက “နမော ဗုဒ္ဓဿ=ဘုရားကို ရှိခိုးပါ၏” ဟု ယောင်ရမ်း နှုတ်ထွက်
မိကာမျှဖြင့် ဘီလူးကြောက်လန့် ထွက်ပြေးရသည်ဆိုသော (ဓမ္မပဒဝတ္ထုတော်လာ) ဖြစ်ရပ်သည်
မယုံကြည်နိုင်ရန် အကြောင်းရှိပါသေး၏လော။ တရားကို ကျင့်ကြံရာ၌ ယခင်နှင့် ယခု
မည်သို့သော ကွာခြားမှု ရှိပါသေးအံ့နည်း။

ဆင်းရဲနှင့်ရင်းမှ ချမ်းသာရ

ဤပြဆိုပြီး အကြောင်းတို့ကား အများသိ ဖြစ်ရပ်များသာ ရှိပေသေး၏။ နှစ်ပေါင်း .
လေးဆယ်ကျော် တောရဝင်တော်မူခဲ့ရာ အခြားအန္တ ရာယ်မျိုးစုံနှင့် ယုံနိုင်ခက်သော အံ့ဖွယ်တို့ကား
များစွာ ရှိပေလိမ့်ဦးမည်။ ထိုဒုက္ခ၊ ထိုအန္တရာယ်နှင့် ထိုအံ့ဖွယ်တို့ကား အရညဝါသီ
တောပျော်ယောဂီတို့အတွက် အဆန်းမဟုတ်တော့ချေ။ ဘဝဟူသည် ဒုက္ခအပြည့်ဖြစ်၏။
အဆန်လမ်းကားအချို့သူများ ပို၍ဒုက္ခများ ဆက်တိုက်တွေ့ တတ်သည်။ သို့သော် အစုန်လမ်းမှ
ဒုက္ခသည် ဒုက္ခကိုသာ ဆက်လက် ဖြစ်ပွားစေ၍ အပါယ်တိုင်အောင် ဒုက္ခအလျဉ်မဆုံး။
အဆန်လမ်း ဒုက္ခကား သုခကိုသာ ဆင့်ပွား ဖြစ်ပေါ်စေ၏။

“ဆင်းရဲကြီးကိုမြင်က ဆင်း ရဲလေးကို ကြိတ်မှိတ်ခံ၊သုခကြီး မြင်နေမှ သုခကလေးတွေကို
ပြတ်ပြတ်စွန်”။ (စစ်ကိုင်း မဟာဂန္ဓာရုံ ဆရာတော်။)

အနာခံမှ အသာစံရ၏။ ဒုက္ခမှ သုခသို့ ပေါင်းကူးရာ၌ ချောမောပြေပြစ်ရန်
တံတားတစ်ခု ရှိမှဖြစ်သည်။ တံတားကား “မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ
ကောင်းသည်ဖြစ်စေ။ ငါ့ထိုက်နဲ့ငါ့ကံ၊ ဘယ်သူမပြု မိမိမှု။ ပြုသူအသစ် ဖြစ်သူအဟောင်း၊
ကျသမျှ ငါခေါင်းထိုး၍ ခံမည်” ဟူသော မိမိတို့၏ “အဓိဝါသနခန္တီ” ပင်တည်း။

ထို့ကြောင့် တိဗက် မဟာယာန လောကီဆရာတို့ပင် “ရုပ်ဘဝနာမှ အသိဉာဏ်
နာမ်တရား တိုးတက်သည်” ဟု ယူဆကြ၏။ ယနေ့ တိဗက် တန်ခိုးရှင် ဒေါက်တာ ရမ်ပ
ခေါ်သော လာမာဘုန်းကြီးသည် အက်ကပ်စဟစ် မှတ်တမ်းကို ကြည့်နိုင်သူ (ပုဗ္ဗေနိဝါသ
အဘိညာဉ်မျိုး)၊ တတိယ မျက်လုံးရသူ (ဒိဗ္ဗစက္ခုမျိုး)၊ ကောင်းကင် ပျံသကဲ့သို့ ဝိညာဉ်ခရီး
သွားနိုင်သူ စသည်ဖြင့် ကျော်ကြားလျက်ရှိ၏။ သူ့ဘဝကား ထုသားတေသား .. ရ၍
သေတွင်းဝသို့ အကြိမ်ကြိမ် ရောက်ခဲ့ရသည်။ မီးများများရသော ဓာတ်လုံး၊ အလှော်များသော
ရွှေ၊ ပွတ်တိုက်ခံ များသော ကျောက်တုံးကဲ့သို့ ဖြစ်၏။

တစ်ဖန် ခရစ်နှစ် ၁၉၄၃-ခုနှစ်က နယ်သာလင်ပြည် ဟိဂ်မြို့၌ “ပီတာဟားကိုးစ်”
ဆိုသူသည် ခေါင်း၌ ပြင်းထန်စွာဒဏ်ရာရပြီး မေ့မြောသွားရာမှ သတိရလာသောအခါ
တစ်စုံတစ်ခုကို စူးစူးစိုက်စိုက် အာရုံယူ စဉ်းစားလိုက်လျှင် အတိတ်အနာဂတ်များကို မြင်နေ
ရသည်ဟု ဆို၏။ ကမ္ဘာ့စုံထောက်အဖွဲ့ကြီးနှင့်ပင် ပူးတွဲ၍ ပြစ်မှုမျိုးစုံ ဖော်ထုတ်ပေးနိုင်ခဲ့သည်။
သက်ဆိုင်ရာ ပစ္စည်းတစ်ခုကို ကြည့်ရုံမျှဖြင့် ထိုပစ္စည်းရှင်၏သွားလာလုပ်ကိုင်ပုံ အတိတ်

## PAGE 311

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၅၅

အနာဂတ်တို့ကို အတပ်ဟောနိုင်၏။ လောကီပညာရှင်တို့ပင်လျှင် ဒုက္ခ၏တန်ဖိုးကို သိမြင်၍
အထိုက်အလျောက် တန်ခိုးပြနိုင်ပေသေး၏။

“နယိဒံ သိထိလ” မာရဗ္ဘ။” (နိဒါနဝဂ်၊ နဝသုတ် ပါဠိတော်အရ) ဒုက္ခအားလုံး
တို့၏ လွတ်မြောက်ရာ ထာဝရချမ်းသာကြီးကို လျော့လျော့လျဲလျဲ နည်းနည်းပါးပါး
ကြိုးစားရုံဖြင့် ရနိုင်သည် မဟုတ်ချေ။

ယခုအခါ ကမ္ဘာနှင့်ချီ၍ ရင်ဆိုင်နေကြရသော စီးပွားပျက်ကပ်ကြီးသည် တစ်ခုတည်း
သော ပဋိပတ်လမ်း ချမ်းသာအတိပြီးသော နိဗ္ဗာန်တံခါးကို နာနာကြီး ရိုက်ဖွင့်ပို့ပေးနေ၏။

ယခုဘဝ မဂ်ဖိုလ်ရမည့် ပါရမီအခံရှိလျက် မေ့လျော့ ပျော်နေသူများ ဖြစ်လျှင် ခေမာ
မိဖုရားကဲ့သို့ ချော့မော့ချေချွတ်မည့်သူများ မရှိပါက ကိသာဂေါတမီ၊ ပဋာစာရာတို့ ဇာတ်
မျိုး ကပြရန် လောကဓံက ခပ်နာနာ ရိုက်ပို ့တတ်ပေ၏။ အခြေခံ ဉာဏ်ရှိလျက် စာကျက်
ပျင်းသော ကျောင်းသားများ ကျောင်းဆရာအရိုက်ခံရသကဲ့သို့တည်း။ ယင်းသို့ လောကဓံ၏
ရိုက်ပို့ခြင်း ခံရသော် တော်ပေသေး၏။ ထိုသို့မဟုတ်လျှင်ကား မဆုံးနိုင်သောဘဝ ဒုက္ခမှ
ဒုက္ခသို့သာ လှည့်လည်ရပေတော့မည်။

ရိုးရိုးလော ဆန်းဆန်းလော

ထို့ကြောင့် ယောဂီစခန်းတွင် ဒုက္ခတစ်ထစ်တွေ့ က သုခတစ်ရစ် တက်ရတော့မည်ဟု
မှတ်ယူရာ၏။

မသင့်သော အစာမှန်းသိ၍ ချုပ်တည်းထား ရသဖြင့် ဆာလောင်လွန်းသော ဖြစ်ရိုး
ဖြစ်စဉ်ဒုက္ခ၊ မသင့်မှန်းမသိ၍ စားမိခြင်း၊ ကြောင့်ကြမစိုက်ရဘဲ အလိုလို `မတည့်စာများ
ဆက်ကာ ဆက်ကာ တစ်ဦးဦးက ပေးနေသကဲ့သို့ လွယ်လွယ်ကူကူရ၍ စားမိခြင်းဟူသော
အကုသိုလ်ကံဟောင်း၏ ဖန်တီးမှုဒုက္ခ၊ (ဝါ) အနှောင့်အယှက် ဟု သတိပြုလျှင် သိသာသော
ဒုက္ခ၊ ယင်းဥပမာအတိုင်း အနှောင့်အယှက်သဘောကို လက်တွေ့ အလုပ်ကသာ ခွဲခြားသိစေ
လိမ့်မည်။ မည်သည့်ဒုက္ခ အန္တ ရာယ် ဖြစ်စေ၊ အပါယ်ဒုက္ခလောက် မကြီး။ သည်းခံခြင်းဖြင့်
ကျော်လွန်နိုင်သည်သာ။

မာရ်ဆယ်တပ်လုံးတွင် ရိုးရိုးနှင့် ဆန်းဆန်း နှစ်မျိုးစီ ရှိသည်ဟု ဆိုသင့်၏။ ဥပမာ
လာဘ်လာဘနှင့် ဝိသဘာဂ (မိန်းမ) အာရုံကို မြင်၍ အရိုးခံလိုချင်မှုသည် အနမတဂ္ဂ
သံသရာက ပါခဲ့သော သတ္တဝါတို့၏ ပင်ကိုစိတ်ပင်တည်း။ ထိုကာမမှလည်း လွန်မြောက်အောင်
ကြိုးစားရသည်။ ရံခါ ထိုအာရုံများ ရိုးရိုးစင်းစင်း မဟုတ်၊ လက်မခံ၊ ခံချင်အောင် အဆင့်ဆင့်
အကွက်ဆင်၍ တမင်ထိုးသွင်းသော ဖြစ်ရပ်လည်း ရှိတတ်သည်။ ရှိသည်။ သိခဲ၊ ရှောင်ခဲစွာ၊
ထိုနှစ်မျိုးလုံးပင် မာရ်၏ ပထမဆုံး တပ် ‘ကာမ' ပင်တည်း။

အခြား ပျင်းရိမှု၊ အိပ်ချင်မှု၊ အထင်ကြီးမှု၊ ကျော်စောလိုမှုစသော မာရ်တပ်များနှင့်
ကမ္မဋ္ဌာန်းခွင်သို့ မဝင်နိုင်အောင် အလုပ်များမှု၊ နေမကောင်းမှု စသည်တို့လည်း နှစ်မျိုးစီပင်


## PAGE 312

၂၅၆


ဓမ္မာစရိယ ဦးဌေးလှိုင်

ရှိသည်၊ ရိုးရိုးလော ဆန်းဆန်းလော။ ခွဲခြားသိရှိရန် လိုအပ်၏။ သိမ်မွေ့စွာ၊ မည်သို့ဖြစ်စေ၊
ကျော်လွန်အောင် ရှုပွားနိုင်သည်သာ ပဓာနတည်း။ သို့သော် အသိမှန်ရှိထားမှသာ လွယ်လွယ်
နှင့် လွန်မြောက်နိုင်လေသည်။

ဆရာတော် ဦးကြည်လည်း ဤသို့သောဒုက္ခမျိုးစုံကို ဗုဒ္ဓလက်ထက်က သာဝကကြီးများ
ကဲ့သို့ သန္ဒိဋ္ဌိက တွေ့ကြုံကျော်လွန်တော် မူနိုင်၍-

(သော'မံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ=) လမင်းသည်
မိုးတိမ်အန္တ ရာယ် အမှောင်ထုများနှင့် ရုန်းကန်လုံးထွေးနေရာမှ လွတ်လွတ်ကျွတ်ကျွတ်ကြီး
ထွက်မြောက်လာသောအခါ တစ်လောကလုံးကိုပင် အလင်းရောင်ပေးနိုင်သကဲ့သို့ ငြိမ်းအေးသော
တရားရောင်ခြည်တို့ဖြင့် အမှောင်ခွင်း၍ အလင်းဆောင်တော် မူခဲ့လေပြီ။

လာဘ်လာဘကို အောင်နိုင်ပုံ

ဆရာတော်ဦးကြည်သည် ရဟန္တာဟု ကျော်ကြားလာသည်နှင့်အမျှ လှူဒါန်းလိုသူများ
ကြိတ်ကြိတ်တိုးနေ၏။ ပံ့သုကူဆောင်သဖြင့် ပံ့သုကူသင်္ကန်းပစ်သူများလည်း များပြားလှသည်။
ဆရာတော်ကား ကောက်ယူလဲလှယ်၍ မဝတ်နိုင်အောင် များပြားလှသဖြင့် လာရောက်ဖူးမြော်
သည့် ရဟန်းသာမဏေများကိုသာ ကောက်ယူစေရသည်။ အဆောက်အအုံများကိုလည်း လို
သလောက်သာ ဆောက်လှူခွင့်ပြု၏။ အပို လက်မခံ။

သူတော်ကောင်းတို့သည် အလွန် အလိုဆန္ဒ နည်းပါးကြကုန်၏။ အလိုဆန္ဒနည်း
သောကြောင့်လည်း သူတော်ကောင်း ဖြစ်လာကြရ၏။

ထို့ကြောင့် သဲပုံစေတီတောင်၌ ဘုရားတစ်ဆူ၊ သိမ်ငယ်အုတ်တိုက်တစ်ခု၊
ရေကန်တစ်ကန်နှင့် ဆရာတော် တရားဝင်သည့် ဂူတစ်ခုသာ ရှိလေသည်။ သဲပုံစေတီတောင်မှ
ကြည့်လိုက်လျှင် အရှေ့ဘက်၌ မှန်စီတောင်နှင့် ဧရာဝတီ၊ အရှေ့တောင်ဘက်၌ ပခုက္ကူမြို့နှင့်
ပုဂံညောင်ဦး၊ ပုပ္ပားတောင်၊ တန့်ကြည့်တောင် စသည်တို့ဖြင့် ကြည်နူးဖွယ် ကောင်းလှသည်။
သဲပုံစေတီတောင် ပတ်ဝန်းကျင်ကား ပင်လယ်တိမ်၊ မြစ်တိမ်ဒေသဖြစ်၍ မြေတစ်ကြောလုံး
နိမ့်မြင့်မညီ၊ လှိုင်းထနေ၏။

မြို့အဝင် သွားရာလမ်း၌ သုသာန်ကြီး တစ်ခုရှိရာ ဆရာတော့်အတွက် နေရာကောင်း
တစ်ခုပင်ဖြစ်ခဲ့သည်။ ပုထိုးတိုက်မှာ နေစဉ်ကပင် ယင်းသုသာန်၌ ညအခါလာ၍ နေလေ့ရှိရာ
“ဦးကေဝလ” ခေါ် အဖော်တစ်ပါးလည်း လိုက်ပါခဲ့သည်။ ဦးကေဝလမှာ မိုးမလင်းမီ
ထွက်ပြေးလေ၏။

ဆွမ်းခံကြွသောအခါ လောင်းလှူလိုသူ များပြားလှသဖြင့် ရပ်ကွက်အလှည့်ကျ
ခံတော်မူရ၏။ သို့ရာတွင်လည်း သယ်၍မနိုင်။ တောင်းကြီးတောင်းငယ်ဖြင့် လိုက်ပါကြရသည်။
တစ်ပါးစာချန်၍ ရသမျှ လှူပစ်၏။ ပစ္စည်းလေးပါးနှင့်စပ်၍ အတုယူဖွယ်ပင်၊ လိုအပ်သည်ထက်
ပိုလျှံနေသော ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ပစ္စည်းလေးပါးတို့သည် သူတော်ကောင်းများအား

