## PAGE 319


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

လေတော့၏။

"

၂၆၃

မြတ်စွာဘုရား ဟောတော်မူလိုသည်ကား “ဘုရားသားတော်များ ဘုရားသားတော်လို
မနေနိုင်ခြင်းသည် … သာသနာသံချေးတက်ခြင်း ဖြစ်၍ သာသနာကွယ်ပကြောင်း” ဟု
သိစေလိုပေသည်။ သို့သော် ဤအကြောင်းသည် လိုရင်း မဟုတ်ချေ။ တရားစစ် တရားမှန်များ
ရှိနေသေးလျှင် (ဝါ) တရားတု မပေါ်သေးလျှင် သာသနာ တည်လျက်ပင် ရှိနေ၏။
အဆိုးရွားဆုံးကား တရားအတုအယောင်များသာ ဖြစ်သည်။

ပရိယတ် မှတ်ကျောက် မကောင်း၍၊ မရှိ၍၊ မတင်ကြည့်၍ လက်ဝတ်ရတနာ
အတုများကိုပင် အစစ်ဟု ထင်ကာ ဝင့်ဝါ ဝတ်စားကြကုန်၏။ ပွဲလမ်းသဘင်၌ အပြိုင်အဆိုင်
ဝတ်စားတုပ ကြေးဖြတ်ကြကုန်၏။ မှတ်ကျောက် မရှိသော်လည်း အထိုက်အလျောက်
အလုပ်ကျွမ်းကျင်၍ လူသာမန်တို့ အံ့သြလောက်အောင် အစွမ်းလည်း ရှိနေကြသော
ပန်းထိမ်ဆရာကြီးများကလည်း လက်ဝတ်ရတနာ အတုများကို နောက်ပိုင်းက တွင်တွင်ကြီး
ထုတ်လုပ်ပေးနေကြသည်။ အတုတွေများလာသောအခါ မှတ်ကျောက်၏ အဆုံးအဖြတ်ကိုပင်
မခံယူလိုကြ၊ မှန်သည်ဟု မထင်လာကြတော့ပေ။ ဆရာကြီးများ ကိုယ်တိုင်ပင် “ငါကိုယ်တိုင်
ခဲခဲယဉ်းယဉ်း ကျင်ယူခဲ့ရတာ။ ဒါ ရွှေအစစ်ပဲ” ဟု အတိအလင်း ကြေညာတော့သည်။
ထိုတရားတု တရားယောင်တို့တွင် ပိတိပဿဒ္ဓိ စသော ဝိပဿနုပတ္တိလေသ တရား
တုများသာ ဖြစ်ပါလျှင်မူကား တော်ပေသေး၏။ ဗုဒ္ဓဘာသာ အမည်ခံသော်လည်း
။
မဟာယာနဝဇိရယာဉ် ဂိုဏ်းလမ်းစဉ်မျိုးကား ကွဲလွဲလွန်းသောအတုများသာ။ (ဝါ) ရွှေရည်စိမ်
မဟုတ်သော ကြေးဝါသာလျှင် ဖြစ်ပေတော့၏။

ပိုးလောက်ပျော်ရာ ကိုယ်ခန္ဓာ

တစ်နေ့သောအခါ ဆရာတော်ဦးကြည်သည် ဆွမ်းခံကြွရာ ရပ်ကွက်၌ ဆွမ်းခံပြီး
အပြန်တွင် ကုမ္ပဏီကျောင်း၌ အလှူတစ်ခုရှိရာ ထိုအလှူပွဲတွင် ဆရာတော်အား ရေစက်ချ
ပင့်လျှောက်ရန် စီစဉ်ထားသည့်အတိုင်း လမ်းမှ ဆီးကြို၍ ပင့်သဖြင့် အလှူသို့ ကြွရသည်...

ရေစက်ချ အမျှဝေပြီးနောက် ဆရာတော် ပြန်ကြွရာ ဆရာတော် ထိုင်တော်မူသော
နေရာ၌ ပိုးလောက်များ တစ်လှုပ်လှုပ် တစ်ရွရွ ပြေးနေသည်ကို တွေ့ကြရာမှ “ဆရာတော်မှာ
အနာရှိပုံရတယ်” ဟု ယူဆကြရသည်။ အကျိုးအကြောင်းလျှောက်ရာ ဆရာတော်၏
တင်ပါးရွက်၌ အဘယ်အချိန်က ဖြစ်နေသည်မသိ၊ ပိုးလောက်များ စုခဲနေသည်ကို တွေ့ကြ
ရသည်။ ဆေးကုသရန် လျှောက်ကြသော်လည်း လက်မခံချေ။

“ခန္ဓာကိုယ်ဆိုတာ ပိုးတွေ လောက်တွေနေတဲ့ အိမ်ကြီးပဲ” ဟူ၍သာ မိန် ့တော်မူ၏
သည်းခံရင်းနှင့်ပင် ပျောက်ကင်းဟန် ရှိသည်။


## PAGE 320


၂၆၄

ထိုင်လျက်ချုပ်ငြိမ်း တစ်ဓာတ်သိမ်း

ဓမ္မာစရိယဦးဌေးလှိုင်

ဆရာတော် ဦးကြည်သည် သက်တော် ၇၈-နှစ်တိုင်အောင် တစ်ပါးတည်း တောရ
ဆောက်တည်၍ ဆွမ်းခံစားသော ရှေးသူမြတ်တို့၏ လမ်းစဉ်ကိုမဖျက်ပေ။ မိုးရွာနေပူမရှောင်
ဆွမ်းခံစားရသော အလေ့ကို ဂုဏ်ယူတော် မူလေသည်။ ၇၈-နှစ် ရှိသောအခါ သက်ရွယ်
တော်လည်းကြီး၊ ရောဂါလည်း ဖိစီးလာသဖြင့် တောထဲ၌ တစ်ပါးတည်း သီတင်းသုံးရန်
မသင့်တော်တော့၍ ဆရာတော်၏ တပည့်ဖြစ်သူ ဦးနန္ဒိယ (ယခု ပုထိုးတိုက် ဆရာတော်)
က ပုထိုးကျောင်းသို့ ပင့်ထားရသည်၊ တိစီဝရိက်နှင့် နိသဇ်ဓုတင်တို့ကို အမြဲဆောင်တော်မူ၏။
တစ်နေ့ထက်တစ်နေ့ ဇရာဗျာဓိ ဖိစီးလာသဖြင့် ၈၄-နှစ် အရွယ်တွင် အရိုးပေါ်
အရေတင်၍ အကြောပင် ပြိုင်းပြိုင်းထလျက် နေတော့၏။ ဆေးဝါးမျိုးစုံဖြင့် ကုသော်လည်း
ရောဂါမှာ သက်သာရိပ်မထင်။ ရောဂါမည်မျှ ပြင်းထန်သော်လည်း မအိပ်စက်။ ခုတင်
ညောင်စောင်း၌ အမြဲတမ်း ငုတ်တုတ်ထိုင်လျက်သား နေတော်မူ၏။ မြင်ရသူ တပည့်အချို့က
ကိုယ်ချင်းစာစိတ်ဖြင့် အိပ်စက်လဲလျောင်းနေလျှင် သက်သာမည်ထင်၍ အိပ်စက်လဲလျောင်းနေရန်
တောင်းပန်ကြ၏။ ဆရာတော်က ခေါင်းခါ၍ မြစ်ပယ်တော် မူသည်။

ဝေဒနာ နုပဿနာအရ သုခဝေဒနာ၊ ဒုက္ခဝေဒနာ အပေါ်၌ သည်းခံနိုင်သော ရှေးသူ
တော်ကောင်းကြီးတို့၏ အကြောင်းကိုသာ အထပ်ထပ် ဟောတော်မူခဲ့၏။ နိသဇ်ဓုတင်ဖြင့်
ငုတ်တုတ်နေရ၍ မဆင်းရဲသည့်အပြင် ပို၍ပင် ချမ်းသာပုံ၊ ဆင်းရဲခံနိုင်ပုံတို့ကို မိန့်တော်မူသည်။
ငါးရက်တာမျှ အာဟာရကို မသုံးဆောင်နိုင်သောအခါ မိမိနေသော ခုတင်ကို ကျောင်းရိပ်
လွတ်ရာ၌ အရွှေ့ခိုင်းလေတော့သည်။ ဝိနည်းတော်အရ ကျောင်းအပေါ်၌ သံသယ မဖြစ်စေလို၍
ဖြစ်၏။ အမ္ဘောကာသိက ဓုတင် (လွင်တီးခေါင်နေခြင်းအကျင့်) အတွက်လည်း ဖြစ်နိုင်၏။
ထိုရက်ပိုင်းတွင် လုံးဝ စကားမပြောတော့ပေ။ ခုတင်ပေါ် ငုတ်တုတ်ထိုင်လျက် ကမ္မဋ္ဌာန်း
အာရုံ၌သာ ဝင်စားတော်မူ၏။

မြတ်စွာဘုရားရှင်သည် ဒေဝဒတ် လက်ချက်ကြောင့် ခြေမတော်၌ ကျောက်ချပ်ထိမှန်သော
ဝေဒနာကို သမာပတ်ဖြင့် သည်းခံတော်မူရာ၌ သိမြင်သော နတ်ဗြဟ္မာအားလုံးသည်
အာဇာနည်ကြီးအဖြစ် အသီးသီး ချီးကျူးလာသကဲ့သို့ ဆရာတော် ဝေဒနာသည်းခံပုံကို
ဖူးမြင် ကြားသိရသူများအားလုံး မအံ့သြဘဲ မနေနိုင်ကြပေ။

လူသာမန်တို့ကား ပြင်းထန်သော- ဝေဒနာ တစ်စုံတစ်ခု ခံစားရသောအခါ “အနီး
အနားတွင် အဖော်ရှိနေမှ အားရှိသည်၊ ညည်းတွားရမှ သက်သာသည်။ လဲလျောင်းပြီး
အနားယူနေမှ၊ အစာဝင်မှ ခံသာသည်” စသည်ဖြင့် ထင်ရာ မြင်ရာ ပြောဆို ကျင့်သုံးကြကုန်၏။
ဘုရားရှင်၏ တရားတော်နှင့်ကား ဖြောင့်ဖြောင့် ဆန့်ကျင်နေတော့သည်။

ဘုရား အလိုတော်ကား နေမကောင်းလေ၊ တရားရှုမှတ်ရလေ ဖြစ်သည်။ ထို့ကြောင့်
မြတ်စွာဘုရား ဝေသာလီ ဆင်ခြေဖုံး၊ ဝေဠုဝရွာငယ်၌ နေတော်မူစဉ် သေဝနီးပါး ရောဂါ
ဖိစီးသည်ကို ဆယ်လလုံးလုံး ဝိပဿနာ ရှုပွား၍ သမာပတ်တရားဖြင့် ပယ်ဖျောက်တော်မူ၏။


## PAGE 321


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၆၅

တရားရှုမှတ်မှုသည် သေခြင်းကိုပင် တားဆီးနိုင်၏။ အသက်ရာထောင် ရှည်စေနိုင်ကြောင်း
(မဟာဝဂ္ဂ၊ စေတိယသုတ်၌) ဟောတော်မူသည်။

ရောဂါဝေဒနာကို တရားဖြင့်သည်းမခံ မဖြေဖျောက်နိုင်ပါက စိတ်ဆင်းရဲခြင်း
(ပဋိဃာနုသယ) ဖြစ်ရ၏။ ထိုဆင်းရဲမှ လွတ်မြောက်စေရန် ရူပါရုံ သဒ္ဒါရုံ စသည်တို့ဖြင့်
အစားထိုး ဖြေဖျောက်ရာ “ကာမရာဂါနုသယ” ထပ်၍ ဖြစ်ရပြန်၏။ ပထမ ဆူးငြောင့် စူးဝင်
သည်ကို ဆူးတစ်ချောင်းဖြင့် နုတ်ထွင်ရာ နောက်ထပ် ဆူးတစ်ချောင်း ထပ်၍ စူးဝင်ရသည်ဟု
(ဝေဒနာသံယုတ်၊ သလ္လသုတ်၌) ဆုံးမတော်မူခဲ့၏။

ဆရာတော် ဦးကြည်သည် တစ်နေ့တခြား ရောဂါဆိုးရွားလာသော်လည်း ထိုင်လျက်သာ
ဝေဒနာကို ရှုမှတ်နေရာ ငါးရက်လုံးလုံး အာဟာရမဝင်၊ တရားကိုသာ တွင်တွင် ရှုတော်မူ၏။
၁၂၈၈-ခုနှစ် ပထမဝါဆိုလဆုတ် ၆-ရက်နေ့ ညနှစ်နာရီ အချိန်တွင် ရှင်မဟာကဿပ၊
ရှင်ဗာကုလ မထေရ်ကြီးတို့ကဲ့သို့ ညောင်စောင်းပေါ်၌ ထိုင်လျက် ငုတ်တုတ် ကမ္မဇရုပ်
ချုပ်တော်မူသည်။ ရထားပြာသာဒ်ပေါင်း တစ်ရာဖြင့် ခမ်းနားစွာ သင်္ဂြိုဟ်ကြ၏။ (လက်ရှိ
ပုထိုးဆရာတော် ဦးနန္ဒိယရေး “ဆရာတော် ဦးကြည် ထေရုပ္ပတ္တိ”၊ ပခုက္ကူ အရှင်ကေလာသ
ဘီ-အေ၏ “ပခုက္ကူသာသနာဝင် နှင့် ပခုက္ကူမြို့ ဓမ္မမိတ်ဆွေများထံမှ ဖတ်ရှုသိမှတ်ရသမျှ
ဖော်ပြပါသည်။)

အထင်နှင့်အမြင်

ပုထုဇဉ် သာမန် လူသားတို့က ဒုက္ခဟု ထင်မြင်ကြသော အရာကို သူတော်သူမြတ်
တို့သည် သုခဟုလည်းကောင်း၊ သုခဟု ယူဆကြသော အရာကို ဒုက္ခဟုလည်းကောင်း
သိမြင်တော် မူကြကုန်၏။

တစ်လောကလုံးက ယူဆ သတ်မှတ်ထားသော သုခ ဒုက္ခအထင်သည် သူမြတ်တို့
အမြင်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင် လှပေ၏။ (သဠာယတန သံယုတ်၊ ရူပါရာမသုတ်။)

