## PAGE 337


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၈၁.

သင်မပေးဘူး။ ဗေဒင်သင်ချင်ရင် သင်္ကန်းဝတ်မှဖြစ်မယ်။ နောက်တော့ မင်းသဘောပေါ့”
ဟု ချော့မော့အမိန့်ရှိကာ မောင်တက်ခေါင်အား သာသနာ့ဘောင်သို့ အပိုင်သိမ်းသွင်း
လိုက်လေသည်။

ရှင်ဉာဏသည် ရှစ်လမျှနှင့်ဗေဒင်သင်ရိုးကို ဒိုးလိုမွှေနိုင်၍ ဖျောက်ပင်ကျောင်းသို့
ပြန်လာရာ တစ်စ တစ်စ နားချသဖြင့် “ဗေဒင်သင်ပြီး လူထွက်မည်' ဟူသော အကြံကို
လက်လျှော့လိုက်ရသည်။ သို့ရာတွင် 'သာသနာ၌ နှစ်နှစ်ခြိုက်ခြိုက်ကြီး မပျော်ရွှင်လှသဖြင့်
စိတ်ပြေလက်ပျောက် ဗေဒင်လင်္ကာများ၊ ရတုကဗျာများဖြင့် အချိန်ကို ကုန်လွန်စေခဲ့သည်။
ထီးဟန်နန်းဟန်ပါသော နာမည်ကျော် “မဟော်ကျေးစေခန်း ရှိုးလိုက်ရတု' သည်လည်း
ရှင်ဉာဏအတွက် သာသနာ့ဘောင်၌ အချိန်ဆွဲ သပ်ခုပေးသော ကဗျာတစ်ပုဒ် ဖြစ်ခဲ့ပေ၏။
သို့နှင့် ရှင်ဉာဏသည် ၁၂၂၈-ခုနှစ် ကဆုန်လဆန်း ခုနစ်ရက်နေ့တွင် ရဟန်းဘောင်သို့
ရောက်ခဲ့သည်။

စာသင်စာချ နာမည်ရ

ဦးဉာဏ ဓဇသည် ရဟန်းဖြစ်လျှင် မန္တလေးသို့ စာသင်ကြွမည်ဟု အားခဲထားသော်လည်း
ထိုနှစ်မှာပင် မြင်ကွန်းအရေးတော်ပုံကြီး ဖြစ်နေ၍ မိမိအရပ်၌သာ ဝါကပ်နေရ၏။ ထိုအတွင်း
ကျောင်းရှိ ဗီရိုကြီးငါးလုံးမှ နိဿယ မြန်မာပေထုပ်များနှင့် လက်လှမ်းတမှီ အခြားကျောင်းမှ
ပေစာများပါ မှတ်သားခွင့် ရလေတော့သည်။ ၁၂၂၉-ခုနှစ် နယုန်လဆန်း ငါးရက်နေ့တွင်
မိဘဆရာများထံ ခွင့်ပန်၍ မန္တလေး နေပြည်ဘော်သို့ စာသင်ထွက်လာခဲ့၏။

စာပုလွေဖြင့် ရစ်ပတ်ထားသော ပေထုပ်နှစ်ထုပ်၊ သင်္ကန်းအပိုတစ်စုံကို ထမ်း၍
သပိတ်လွယ်ကာ ကုန်းကြောင်းခရီး ကြွရသည်။ အလုံမုံရွာမှ ချောင်းဦး၊ ထိုမှတစ်ဆင့်
နွယ်ခွေတောင်တန်းကြီးကို ဖြတ်ကျော်လျက် စစ်ကိုင်းတောင်သို့ ခြေလျင်လာရ၏၊ နဝကမ္မ
ပိုက်ဆံကိုလည်း ကိုင်ရိုးမရှိ။ စစ်ကိုင်းမှ မန္တလေးသို့ လှေကြုံစီး၍ လိုက်ပါရသည်။

ယခုကာလ စာသင်သားများနှင့် ကွာခြားလှပါဘိ။ ခက်ခက်ခဲခဲ သင်ယူရသော
ပညာဖြစ်၍လည်း ထိုက်ထိုက်တန်တန်ကြီး ပေါက်ရောက်၏။ အချိန်ရှိသမျှလည်း ကျယ်ကျယ်
ပြန့်ပြန့်ကြီး ဖြန့်ချိတော်မူခဲ့သည်။

ကျောင်းတိုက်ပေါင်း လေးရာကျော်ရှိ မန္တ လေး နေပြည်တော်တွင် မဟာဇောတိကာ
ရာမခေါ် မြောက်ပြင်ရှိ မင်္ဂလာ စံကျောင်းတိုက်ကြီးသို့ ထိုနှစ် ဝါဆိုအမှီ ရောက်တော်မူ၏။
ဒွေမာတိကာ ပြန်ဆိုနိုင်မှ နေခွင့်ရသည်။ ခရေပင် ကျောင်း၌ နေရာရ၏။ ထိုကျောင်း၌လည်း
သံဃာအများ ဝင်ထွက်သွားလာရာ ရေအိုးစင်အနီးတစ်နေရာရ၍ ရေစိုရွှဲပြီး အမြဲ သည်းခံ
နေရသည်။ ဆရာတော်ကြီးက “မင်းဘွဲ့
က မဟာဆန်သကိုးကွယ့်” ဟု ဆို၍ “ဉာဏာဘိဝံသ”
ဟု ပြင်၍ မှည့်ခေါ်ရသည်။ စံကျောင်း ဆရာတော်ကြီးက မိမိထံတွင် လိုက်ဝါနှင့်စာတက်စေ၍
လက်ရုံးတပည့်ကြီးဖြစ်သော စလင်း ဦးပဏ္ဍိစ္စထံတွင် ဆိုဝါ နှင့်စာတက်ရန် အပ်နှံပေးသည်။


## PAGE 338


၂၈၂

ဓမ္မာစရိယ ဦးဌေးလှိုင်

ဦးဉာဏသည် ပဉ္စမသင်္ဂါယနာတင်ချိန်နှင့် ကြုံကြိုက်နေသဖြင့် အရည်အချင်း ပြခွင့်
တိုက်ဆိုင်ခဲ့သည်။ ဗြဲတိုက်တော်တွင် ရဟန်းရှင်လူမင်း မိဖုရား ပရိသတ်ရှေ့၌ အဘိဓမ္မာ
ကထာဝတ္ထုကျမ်းကြီးကို တစ်ပါးတည်း အာဂုံပြန်ဆိုနိုင်ခဲ့သဖြင့် ဦးဉာဏ၏ သတင်းသည်
သင်းပျံ့စပြုလေ၏။ ၁၂၃၉-ခုနှစ် (ဆယ်ဝါအရ) တွင် စာသင်သားဘဝ မဟုတ်တော့ဘဲ
စာချဆရာတော်ကလေး ဖြစ်လာသည်။ စာတော်ချများအား ရှင်ဘုရင်က ပ-ဒု-တ ခွဲခြား၍
ဆွမ်းဆန်တော် ငါးတင်း၊ လေးတင်း၊ သုံးတင်းဟု ခွဲခြားထောက်ပံ့သည်။ ဦးဉာဏကား ဒု-
တ စာချဘဝတွင် မနေရတော့ဘဲ တစ်ရှိန်တည်း ခုန်ကျော်၍ ပထမစာတော်ချ ဖြစ်တော်
မူခဲ့လေသည်။

သက္ကတအပေါ် ဦးဉာဏအမြင်

ဦးဉာဏသည် စာချဘုန်းကြီး လုပ်စတွင် “ယောမင်းကြီး တို့လို သက္ကတတတ်လျှင်
ကောင်းမှာဘဲ” ဟု ဆန္ဒဖြစ်၍ သက္ကတစာအုပ်များကို ရှာဖွေစုဆောင်း၏။ ထိုစာအုပ်များကို
ခေါင်းရင်း၌ထား၍ စဉ်းစားမိသည်မှာ-

“အင်း......သက္ကတဆိုတာ ဗြာဟ္မဏစာပဲ။ ဒီစာတွေ ဖတ်ရင် လောကကြီး
အကြောင်း၊ အတ္တဝါဒ အကြောင်းတွေကိုပဲ တွေ့ရမယ်။ ဘဝသံသရာ အဆက်ဆက်
ဗြာဟ္မဏတပည့် ဖြစ်ပြီး သက္ကတစာတွေ သင်ခဲ့ရလှပြီ။ အတ္တဝါဒကြီးကို လက်ခံပြီး
သံသရာကျင်လည်ခဲ့ရလှပြီ။ ယခုဘဝ ကံကောင်းထောက်မ၍ အနတ္တဝါဒ ပိဋကစာတွေသင်ပြီး
ဘုရားတပည့် ဖြစ်ရတဲ့ အခါ ဘုရားသာသနာမှာနေပြီး ဘုရားစကားကိုပဲ တစ်ထစ်ကျ
လိုက်နာကာ လေ့လာ ကျင့်ကြံတာ အမှန်ဆုံးပဲ” ဟု စိတ်ကို ဒုန်းဒုန်းချကာ ယတိပြတ်
သန္နိဋ္ဌာန်ချလိုက်သည်။ သက္ကတစာအုပ်များကိုလည်း လွှင့်ပစ်လိုက်တော့၏။

(လယ်တီပဏ္ဍိတအား သက္ကတ သင်စေခိုင်းဖူးသည်ကို ထောက်၍ ဤစကားကို မိမိ
မတတ်၍ ဆင်ခြေကန် ဖုံးကွယ်သည်ဟု ယူဆကောင်းယူဆရာ၏၊ မဟုတ်ချေ။ ဆရာတော်သာ
တတ်လိုလျှင် လ,ပိုင်းဖြင့် ဖြန်းဖြန်းကွဲတတ်နိုင်၏။ လယ်တီပဏ္ဍိတ၏ စရိုက်ဝါသနာကိုလည်း
သိတော်မူပြီး ဖြစ်သည်။)

ဘဝသရဖူဆောင်းမည့် ဘုန်းရှင်ကံရှင် ပုဂ္ဂိုလ်ကျော်တို့၏ အကြံအစည်ဖြစ်ရပ်များကို
လူသာမန်တို့ ကိုယ်ချင်းစာ၍ မရစကောင်းချေ။ သက္ကတနှင့် ပါဠိစာပေ ဗုဒ္ဓစာပေသည်
မပြောပလောက်သော အပေါ်ယံ ကျေးဇူးခံ့ကျေးဇူးစား ထောက်ထားနိုင်ရှည့်ဖွယ် အနည်းငယ်
ရှိသော်လည်း စင်စစ် ဖြောင့်ဖြောင့်ဆန့်ကျင်သော လမ်းခွဲကြီးပင်တည်း။ အပေါ်ယံ စာပေ
ဗဟုသုတ မျှလောက်ကိုသာ မကြည့်မူ၍ အတွင်းသား အနှစ်သာရသို့ ထိဆိုက်အောင်
ဆင်ခြင်နိုင်ဘိမူ သံသရာနှင့်ချီ၍ ပြောရပေလိမ့်မည်။ စဉ်းစားရပေလိမ့်မည်။ ထို့ကြောင့်
သက္ကတနှင့်စပ်သော ဦးဉာဏ၏ အကြံသည် “တစ်ကမ္ဘာလုံးကို သာသနာပြုမည့် လယ်တီ
လောင်းလျာဖြစ်၍သာ” ဟုပင် ဆိုရပေလိမ့်မည်။

"


## PAGE 339


1

•

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၈၃

ထိုသို့ စာချခိုက် “ဋီကာကျော်’ ကို အစားထိုးရန် သင်္ဂြိုဟ်ကျမ်းအဖွင့် ဋီကာ
တစ်စောင်နှင့် သဒ္ဒါကျမ်းတစ်ကျမ်း ပြုရန် ဆန္ဒရှိသဖြင့် စာချရင်း မှတ်စုများ ရေးထုတ်လျက်
ရှိခဲ့၏။ ပိဋကတိုက်ရှိ ပေစာများကို တစ်ထုပ်ပြီးတစ်ထုပ် ထုတ်ယူလေ့လာသည်၊ သစ်ဆိမ့်တိုက်
သို့အလည်သွားရင်း စာတိုပေစများကို မွှေနှောက်ရာမှ သဒ္ဒါဘက်ဆိုင်ရာ ပဒရူပသိဒ္ဓိကျမ်းပေကို
ရရှိခဲ့၏။ အထူးနှစ်သက်ကာ အစဉ်အလာ ကစ္စည်းသဒ္ဒါကျမ်းအစား စမ်း၍ ကြိုးစားပို့ချခဲ့သည်။
သဒ္ဒါတတ်လွယ်သဖြင့် ယနေ့တိုင် ဦးဉာဏ၏ ကျေးဇူးကို ခံစားကြရသည်။ ပထမတွင်
ထီး၊ ဖိနပ်၊ သင်္ကန်းပေး၍ ဆွဲဆောင်ပို့ချခဲ့ရ၏။ အားလပ်သော အချိန်၌ ယောအတွင်းဝန်
ဦးဘိုးလှိုင်၊ လူပြန်တော်ပညာရှိ ဦးဖားတို့ထံ စာပေအရေးအသားနှင့် စပ်၍ နည်းယူ
ဆွေးနွေးလေ့ရှိသည်။

ဦးဉာဏသည် ဗဟုသုတပြည့်စုံ၍ စာပေအရေးအသား ဝါသနာထုံသည့် အလျောက်
ဉာဏ်မီးတောက်စ ၁၄-ဝါ အရတွင် ကျမ်းပြုရန် အခြေအနေတစ်ရပ် ပေါ်ပေါက်ခဲ့၏။
အကြောင်းကား စံကျောင်းဆရာတော်သည် ပါရမီဆယ်ပါးနှင့်စပ်၍ ခဲရာခဲဆစ် ပြဿနာ
နှစ်ဆယ်တို့ကို ပါဠိဘာသာဖြင့် ရေးသား၍ “ပညာရှိသူတို့သာ ဖြေကြကုန်” ဟု စာတမ်း
တစ်ခု ထုတ်လိုက်၏။ ဦးဉာဏသည် “ဤပြဿနာများ ငါ့အတွက် ဖြစ်ပေါ်လာချေပြီ” ဟု
ယူဆကာ ကျမ်းဂန်အကိုးအကား အထောက်အထား ပြည့်ပြည့်စုံစုံဖြင့် ပထမဦးဆုံး
ကျမ်းစာအဖြစ် ဝမ်းသာအားရ ပါရမီအဖြေကို ရေးချလိုက်၏။

ရေးပြီးလျှင် မိမိ၏စာချဆရာ စလင်းဦးပဏ္ဍိစ္စ ဆရာတော်အား သွား၍ ပြရာ “မင်း
ဒီအဓိပ္ပာယ်တွေ ဒီလောက် ပြောင်မြောက်အောင် ဘယ်တုန်းကများ သင်ထားသလဲကွာ”
ဟု လက်ဖျားခါ၍ ချီးကျူးခြင်းခံရသည်။ သို့နှင့် မိမိ၏ “ပါရမီဒီပနီ” ကို ပေထက်တင်ပြီး
ရွှေမျဉ်းသတ်ကာ ပုစ္ဆာရှင် စံကျောင်းဆရာတော်ကြီးထံ သွားရောက် ဆက်ကပ်လိုက်၏။
ဆရာတော်ကြီးထံသို့ ရောက်သောအခါ မိမိမျှော်မှန်းချက်နှင့် မကိုက်ဖြစ်ရလေ၏။

“နင့်စာ ဘာအသုံးကျလဲ၊ နင့်လိုလူ ရည်ရွယ်ပြီး ငါမေးတာမဟုတ်၊ လေးပြင်လေးရပ်
စာတတ်အကျော် ဆရာတော်တွေကို ရည်ရွယ်မေးတာ၊ ဒီပုစ္ဆာနှင့် နင့်အရာလား” ဟု
ဆရာတော်ကြီးက ဆီး၍ ငေါက်ငမ်းရာ ဦးဉာဏခမျာ မျက်နှာမရ ဖြစ်ရ၏။

ဆက်ကပ်ထားသော ပါရမီဒီပနီ ပေထုပ်ကို ဖရိုဖရဲ ပြန့်ကြဲအောင် ဆွဲရွဲထိုးပစ်လိုက်
သော်လည်း ဦးဉာဏသည် မည်သို့မျှ စကားမဆိုသာဘဲ ခပ်မဆိတ် ဦးချပြီး ပြန်လာရသည်။
ထိုအချိန်မှစ၍ မိမိကျမ်းစာကို တစ်ခါမျှပင် ပြန်မကြည့်ဘဲ မေ့ပျောက် ထားလိုက်၏။
တန်ဖိုးသိသော အတူနေမိတ်ဆွေ ဦးနာဂ၏ တပည့်တစ်ပါးကအမြတ်တနိုး သိမ်းဆည်းထား
သည်။ (လယ်တီတိုက် တည်ပြီးခါမှ ထိုကျမ်းစာ ပြန်လည်ရောက်လာ၏။) မြန်မာနိုင်ငံ
ပဋိပတ္တိသာသနာအား ကလောင်ဖြင့်နှိုးဆွ ထိုးတင်ပေးမည့် သာသနာ့ အာဇာနည် အရှင်မြတ်အား
ပွဲဦးထွက် အနှိပ်ခံရခြင်းပေတည်း။· ဆရာတော်ကြီး၏ ဆန္ဒတော်မှာ မည်သို့ ရှိမည်မသိ။
ဦးဉာဏအဖို့ကား အချိန်ပိုင်းအားဖြင့် စိတ်ထိခိုက်ရရှာသည်။

ဦးဉာဏ ယခုကဲ့သို့ အပြောအဆိုခံရသည်မှာ ဖြစ်ရိုးဖြစ်စဉ်ဟု သာမန်အားဖြင့်

