## PAGE 340


၂၈၄

ဓမ္မာစရိယ ဦးဌေးလှိုင်

ထင်စရာရှိ၏၊ မခံချင်စိတ်ကို နှိုးဆွပေးသောအားဖြင့် နှိပ်၍ ချီးမြှောက်သည်ဟုလည်း
တွက်နိုင်သည်။ သို့သော် ထိုမျှလောက် ဟုတ်ဟန်မရှိ။ အကြောင်းတရားတို့သည် ဆန်းကြယ်
စွာ။ ဤမျှ အမြတ်တနိုး လုပ်ထားသော အလုပ်၊ ဉာဏ်မီးတောက်စ ပညာရှိလောကသို့
တိုးစမ်း၍ ဝင်ခါစ၊ သာသနာတော်တွင် အထွတ်အထိပ်ဆုံး ပုဂ္ဂိုလ်၏ အပြင်းထန်ဆုံးသော
ရှုတ်ချမှု။ ထို့ကြောင့် အသိရခက်၏။ ဦးဉာဏသည် ယခုဘဝမှာပင် တရားထူးရ၍
တစ်ကမ္ဘာလုံး သာသနာပြုမည့် အာဇာနည်တည်း။ ထိုအချက်ကို မျက်စိရှိသူတို့ မြင်ကြကုန်၏။

စာရေးခြင်း အလုပ်ဖြင့် တစ်ဘဝတာ ငုပ်လျှိုးသွားမည် စိုး၍လော။ “ပါရမီ ဒီပနီ၊
ဥတ္တမပုရိသ ဒီပနီ” ကျမ်းမျိုးကို ရေးသားခြင်း၊ ကိုယ်တိုင် အလောင်းတော်များကဲ့သို့ လုပ်
ဆောင်လေ့ ရှိခြင်းများကို ထောက်၍ ဘုရားလောင်း စိတ်ဝင်ကာ ဘုရားဆုကြီး ပန်လျက်
အချိန်ဖင့်သွားမည်ကို စိုး၍လော။ ဤကား အကောင်း၊ သို့မဟုတ် ထူးချွန်မည့် အနတ္တ
အာဇာနည်ကို တွန့်ဆုတ်သွားအောင် ဗွေဆော်ဦး နှိမ်လိုက်ခြင်းလော။ မပြောနိုင်။ တရား
သဘောကား နက်ရှိုင်းစွာ။ ထို ဖြစ်ရပ်သည် ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ပါရမီ
ကံရှိသူအတွက်ကား အကောင်း၊ ပို၍ အကောင်းသာ ဖြစ်ရပေမည်။

၁၂၄၄-ခုနှစ်တွင် ဦးဉာဏသည် မန္တလေး နေပြည်တော်မှ ထွက်ခွာရန် အကြောင်းများ
တိုက်ဆိုင်လာခဲ့၏။ အကြောင်းမှာ သီပေါမင်း နန်းတက်၍ လေးနှစ်အရ နန်းတွင်းရေး၊
တိုင်းရေးပြည်ရေးမှာ မငြိမ်မသက် ရှိနေသည်။ ထိုအတွင်း အာဏာစိုးတန်းရပ်မှစ၍ လောင်
လိုက်သော မီးသည် တရားရုံးနှင့်တကွ ဝန်ကြီး၊ မှူးကြီးအိမ်များပါ လောင်ကျွမ်းခဲ့သည်။
ကျောင်းရံပေါင်း ၄၆-ကျောင်း ရှိသော စံကျောင်းတိုက်ကြီးလည်း ပြာအတိ ပြီးခဲ့၏။ ဆရာ
တော် သံဃာတော်များလည်း မိမိတို့ အရပ်ဒေသသို့ အသီးသီး ပြောင်းရွှေ့သွားကြသည်။
ဦးဉာဏ၏ စာချဆရာတော် ဦးပဏ္ဍိစ္စလည်း နောက်ပါတပည့်များကို ခေါ်၍ စလင်းမြို့သို့လှေဖြင့်
စုန်ဆင်းသွား၏။ (လယ်တီဆရာတော် ဝါ ၃၀-ခန့် ဦးပဏ္ဍိစ္စ ပျံလွန်ရာ ကိုယ်တိုင် ထမ်း၍
မီးသင်္ဂြိုဟ်သည်။)

ဦးဉာဏ အနှမြောဆုံးကား တစ်ဆယ့်ခြောက်ဝါအထိ စုဆောင်းမှတ်သားထားသော
နိကာယ်ငါးရပ်မှ ပိဋကတ်မှတ်စု ပုရပိုက်များအားလုံး မီးထဲပါသွားခြင်းပင်တည်း။ သဒ္ဒါဘက်,
အဘိဓမ္မာဘက် ဋီကာကျမ်းကြီးများ ရေးသားရန် အကြံကြီးပါ မီးသင့်ခြင်း ဖြစ်တော့သည်။
သို ့သော် ဦးဉာဏ၏ ပါရမီကား မီးရှို့၍ မရချေ။

မုံရွာပြန်၍ တောဝင်ခြင်း

ထိုအတောအတွင်း မုံရွာမြို့ ရွှေစည်းခုံဘုရားကြီး အရှေ့ဘက် ပြာသာဒ်ကျောင်းတိုက်
ဘုန်းကြီး ဦးဉာဏဝံသ ( ဦးစံချိန် )သည် မိမိ၏ ဆရာ ဦးဉာဏဓဇအား ပင့်ဆောင်ရန်
မန္တ လေးသို့ ရောက်လာခဲ့၏။ ဦးဉာဏကလည်း စံကျောင်းဆရာတော်ကြီးကို ကန်တော့၍
နောက်ပါသံဃာ တစ်ကျိပ်ကျော်နှင့်အတူ ထိုနှစ် တပို့တွဲ လဆန်း ၁၄-ရက်နေ့တွင် ပြာပုံ


## PAGE 341


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

အတိ ပြီးသော စံကျောင်းတိုက်ကြီးအား ဝမ်းနည်းကြေကွဲစွာ ကျောပေးခဲ့ရသည်။

၂၈၅

စာသင်စာချ ၁၆-နှစ်ကာလအတွင်း အရပ်သို့ တစ်ခေါက်မျှ မပြန်စဖူးပေ။ ၁၆-
နှစ်လုံးလုံး၊ သံဃာတော်များအတွက် ကုဋီရေခပ်ခြင်း၊ ကနုတံ ဆေးခြင်း၊ မျက်နှာသစ်ရေ၊
ခြေဆေးရေ၊ သောက်ရေ၊ သုံးရေတည်ခြင်း စသော ပါရမီ ကုသိုလ်ကြီးကား စံကျောင်းတိုက်ကြီးမှ
ရရှိခဲ့သော ရာသက်ပန် မေ့ပျောက်မရသည့် လာဘ်ကြီး ဖြစ်ပေတော့၏။

ဦးဉာဏဝံသ လှူသော ပြာသာဒ်ကျောင်းတွင် ခေတ္တမျှ သီတင်းသုံး၍ စိုင်ပြင်ရွာသို့
ကြွရောက်ကာ ဆရာသမား မိဘဆွေမျိုးသားချင်းများနှင့် တွေ့ဆုံ၏။ ရက်အနည်းငယ်
နေပြီးနောက် မုံရွာမြို့သို့ ပြန်ခဲ့သည်။ ဦးဉာဏသည် ရွာကျောင်းတွင် နေရန် ငြီးငွေ့လှသဖြင့်
မုံရွာမြို့ မြောက်ဘက် တာငါးရာ ဝေးကွာသော တောစပ်၌ ဝါးထရံ ကျောင်းကလေးဆောက်ကာ
၁၂၄၅-ခုနှစ် ဝါကပ်တော်မူ၏။

ဝါကျွတ်လျှင် ညောင်တပင်ရပ်မှ သင်္ဂြိုဟ် ပရမတ်တတ်သော ပွဲစားကြီး ဦးဝိုင်းက
လှေကူးရပ် တောင်ပိုင်းတွင် ကျောင်းဆောက်၍ ပင့်လှူ၏။ စာသင်သား လေးဆယ်တို့ကလည်း
ဦးဉာဏ၏ နောက်မှ ထက်ကြပ်မကွာ လိုက်ပါနေကြသည်။ စာပေပရိယတ္တိများ သင်ကြား
ပေးခြင်း၊ စာရေးခြင်းဖြင့်သာ အချိန်ကုန်စေသည်။ ခမည်းတော်ကြီး ဦးထွန်းသာလည်း
သီတင်းသည်အဖြစ် လာရောက်၍ အတူနေ၏။

၁၂၄၇-ခုနှစ်ကား မြန်မာတစ်ပြည်လုံး ကြိမ်မီးအုံးသို့ ကိုယ့်မင်းကိုယ့်ချင်း ဘဝကြီး
ဆုံးရှုံး၍ အရပ်တိုင်း မငြိမ်မသက်ရှိနေစဉ် ခမည်းတော်ကြီးမှာ ရုတ်တရက် ကွယ်လွန်သွားသည်။
တောထွက်လိုသော ဆန္ဒမှာ ပို၍ပင် တက်ကြွနှိုးဆော်လာ၏။ ရောက်လေရာတွင် သံဃာတော်များ
ချမ်းသာစွာ သာသနာဝန်ဆောင်နိုင်ကြစေရန် ကုဋီသန့်ရှင်းခြင်း၊ တံမြက်လှည်းခြင်း ရေခပ်ခြင်း
ဝတ်များကိုမူ ဆောင်မြဲဆောင်တော်မူ၏။ ရွှေစည်းခုံစေတီတော်၊ ဆုတောင်းပြည့် စေတီ
တော်ကြီးများ၏ ရင်ပြင်သွားလမ်းတို့၌ ချောက်ကြီး ချိုင့်ကြီးများကို နေ့စဉ်ဝတ်ထား၍
မြေဖို့ခြင်း၊ တံမြက်ဝတ်ဆောင်ခြင်းဖြင့်လည်း စေတိယင်္ဂဏဝတ် မလစ်ဟင်းစေခဲ့။

အင်္ဂလိပ်များ အုပ်ချုပ်သောအခါတွင် အနောက်နိုင်ငံသားတို့၏ … ထုံးစံအတိုင်း
မြို့ကြီးပြကြီးများ၌ သားသတ်ရုံများ ဖွင့်၍ အတိအလင်း သတ်ဖြတ်လာကြသောအခါ
ဦးဉာဏသည် တရားဟော စာချ နိဗဒ္ဓ ဝတ်များကို ဆောင်ရွက်သည့်ကြားက ကျောင်းနေ
ဦးပဉ္စင်းများက အစပြု၍ “နွားသား ရှောင်ကြဉ်ရေး' ကို စတင်ဆောင်ရွက်တော်မူ၏။
“နွားမေတ္တာစာ” များရေးကာ မြန်မာတစ်ပြည်လုံးသို့ နှိုးဆော်လိုက်သည်။

၁၂၄၈-ခု၊ တပို့တွဲ လပြည့်ကျော် ရှစ်ရက်။ အနှစ်နှစ်အလလက ကြံစည် ကြိုးစား
ခဲ့သော ဦးဉာဏ၏ ဆန္ဒသည် ဤယနေ့ အကောင်အထည် ပေါ်ခဲ့၏။ ဦးဉာဏသည်
ထိုနေ့ညနေတွင် ဥပုသ်သည် သုံးလေးယောက်အား အလည်အပတ် သွားရန်ဟု ဆိုကာ
မုံရွာမြို့၏ အရှေ့မြောက်ဘက် တောစပ်သို့ လမ်းလျှောက်ထွက်ခဲ့သည်။ ထိုတောကား
လယ်ယာလုပ်ကိုင်မရ၊ ဖုန်းဆိုးတောဖြစ်၏။ ဇောင်ချမ်း၊ မိုးနံ၊ ဇီး၊ ခံ၊ ထနောင်း၊
တဇောင်းပင် အမျိုးမျိုးတို့သာ ပေါက်ရောက်သည့် လယ်ပျက် ကျတ်တီးကုန်းမြေ ဖြစ်၏။


## PAGE 342

၂၈၆


ဓမ္မာစရိယ ဦးဌေးလှိုင်

ကျားလျှာစသော ဆူးပင်နှင့် မြွေဆိုးများ ပေါလှသည်။ လယ်တီတောဟု ခေါ်၏။ လယ်တီ
တော၏ အရှေ့တောင်ဘက်တွင် အိုးတစ်လုံးတောဟူ၍ ရှိသည်။ ထွက်ရပ်ပေါက် ဦးဝါယမိန္ဒ
နေထိုင်ခဲ့ဖူးသော တောဖြစ်၏။

.

ဦးဉာဏသည် လယ်တီတောတစ်ခွင် လှည့်ပတ်ကြည့်ရှုရာ တောရလောက်သော
ဒေသလည်း ဖြစ်၍ တောရဆောက်တည်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ အကိုင်းအခက်
ဝေဆာလျက်ရှိသော တဇောင်းပင်ကြီးအောက်ခြေ၌ ပါလာသော ဒကာများအား အရှင်းခိုင်းပြီး
အမောဖြေလျက်......

“ကဲ..... မင်းတို့ ပြန်ကြပေရော့၊ ယခုငါလာတာ လမ်းလျှောက်ရုံမဟုတ်။ တောထွက်
လာခြင်း ဖြစ်သည်။ ကျောင်းဒကာနဲ့ မောင်ပဉ္စင်းများကိုလဲ ပြောလိုက်ကြပေရော့” ဟု
မိန့်တော်မူရာ ဒကာများ အံ့အားသင့်ကုန်ကြ၏။

..

66

“ဘုန်းကြီးဘုရား၊ ဒီတောဟာ လူသတ်ကုန်း၊ နွားသတ်ကုန်း ဖြစ်ပါတယ်၊ တစ္ဆေသရဲနဲ့
သားရဲတိရစ္ဆာန်များ အလွန်ပေါပြီး တောကြမ်းလို့ မည်သူမျှ လယ်ယာ မလုပ်ဝံ့တဲ့တော
ဖြစ်ပါတယ်။ ဘုန်းကြီးတစ်ပါးထဲနေလို့ မသင့်တော်ပါဘုရား” ဟု လျှောက်ကြရာ...
'အေး-အေး.. ကိစ္စမရှိပါဘူး၊ ငါ့မှာလက်နက်ရှိပါတယ်။ နေဝင်တော့မယ်။ မင်းတို့
သာ ပြန်ကြပါ” ဟု နှင်သော်လည်း ဒကာများမှာ ခွဲခွာ၍ မထားရက် ဖြစ်နေကြ၏။
တောထွက်ရန် နှစ်ပေါင်းများစွာ ကြိုးစားရကြောင်း၊ မတားမြစ်ထိုက်ကြောင်း
မိန့်တော်မူပြီးနောက်-

66

အေး-အေး...

ခုလို ကာလပျက်ကြီးထဲမှာ လောဘသက္ကာယ မများကြနဲ့၊ တရား
အားထုတ်ရမယ့် အခါကြီးကွယ့်၊ မသေရုံစားရ တော်ပြီ။ ဒီနေ့လို သီလကိုသာ ကြိုးစား
ဆောက်တည်ကြ။ တကယ်တော့ သီလသာစင်ကြယ်ရင် အလိုရှိရာ အားလုံးပြီးတယ်။
ရဟန်းတော်များ ပစ္စည်းလေးပါးပေါများချင်ရင်၊လူများလဲ စီးပွားဥစ္စာများချင်ရင် ဒီသီလကိုပဲ
ဖြည့်ကြဖို့ ဘုရား တိုက်ရိုက်ဟောတော်မူတာ။ ဒါတင် မကဘူး။ ဘေးအန္တ ရာယ် ကာကွယ်
တာက အစ နိဗ္ဗာန်အထိ ပို့နိုင်တာဟာ သီလပဲရှိတယ်။ စရိယာပိဋကမှာ စိန္တာမဏိ
ပတ္တမြားနဲ့ ပဒေသာပင်ထက်တောင် သီလကပိုပြီး လိုတာရစေနိုင်တယ်လို့ ဖွင့်ဆိုထားတယ်။
ဒါ့ကြောင့် အကျိုးကိုသိရင် နည်းနည်းကလေး ဒုက္ခခံရုံနဲ့ ရလိုက်တဲ့ အကျိုးတွေ မနည်း
ပါကလား။ ဘဝပဒေသာပင်ကြီးဟေ့၊ ကြိုးစားကြကွယ့်။ ကဲ..........သွား သွားကြ”
ဥပုသ်သည် ဒကာများမှာ သက်ပြင်းချ၍ ပြန်ခဲ့ကြရသည်။

တောနေဘုန်းကြီးတို့ အတုယူဖွယ်

ဦးဉာဏကား တဇောင်းပင်အောက်တွင် သားရေနွယ်ကို ခင်း၍ တစ်ပါးတည်း
ကျေနပ်မှုအပြည့်ဖြင့် နေတော်မူခဲ့၏။ နေလည်း စုပ်စုပ်ဝင်လေပြီ။

တပို့တွဲလဖြစ်၍ မြောက်ပြန်လေသည် မြူမှုန်နှင်းမှုန်များကို ဝှေ ့ယမ်းသယ်ဆောင်

