## PAGE 343


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၈၇

လာသဖြင့် နေဝင်သည်နှင့် ချမ်းစ ပျိုးလေ၏။ ဦးဉာဏကား သင်္ကန်းသုံးထည်မှ တစ်ပါး
အအေးဒဏ်ကို ကာကွယ်ရန် မပါ။ ကျောင်းသင်္ခမ်းလည်း မရှိ။ တရားပီတိဖြင့် ဥတုဒဏ်ကို
ခုခံနိုင်ပေသည်။ နေဝင်သည်နှင့် တစ်ပြိုင်နက် ဘုရားဝတ်တက်၊ ပရိတ်ရွတ်၊ အမျှဝေ
မေတ္တာပို့သည်။ ညဉ့်နက်သည်ထက် နက်လာရာ တစ်ချီတစ်ချီတွင် ကြက်သီးမွေးညင်း
ထလောက်အောင် မသဲမကွဲအသံများကြားရ၏။ အနံ့ဆိုးများ နံစော်၏။ ထိုအခါ တောစောင့်နတ်
တောင်စောင့်နတ်တို့ကို တိုင်တည်၍ တစ္ဆေ၊ မြေဘုတ်၊ ပြိတ္တာခေါ် အမနုဿတို့ကို
မိတ်ဖွဲ့တော်မူ၏။

ပထမဆုံး အရှေ့အရပ်သို့ မျက်နှာမူလျက်-

“အရှေ့အရပ်ရှိ ပေတယက္ခအပေါင်းတို့၊ ငါသည် ဤတော၌
သင်တို့၏ မိဘအရာ ဆွေမျိုးအရာတည်၍ သာသနာတော်အကျိုး၊
သတ္တဝါအများ၏ အကျိုးကို ဆောင်ရွက်ရန် လာနေခြင်းဖြစ်သည်။
သင်တို့ကလည်း မိဘအရာ ဆွေမျိုးအရာတည်၍ တစ်စုံတစ်ရာ
နှောင့်ယှက်ခြင်း မပြုဘဲ အေးချမ်းစွာ နေကြရမည်” ဟု -

မိတ်ဖွဲ့၍ အမိန့် ဟော် ပြန်လိုက်၏။ ကျန်အရပ် သုံးမျက်နှာလည်း ဤနည်းပင် တိုင်
တည်လိုက်သည်။ ထိုသို့ မိတ်ဖွဲ့ပြီးမှ မေတ္တာနာနာပွား၍ ကမ္မဌာန်းထိုင်သည်။ ကြောက်လန့်
ထိတ်ရွံ့ခြင်း အလျှင်းမရှိတော့ပေ။

နောက်တစ်ရက် နံနက်၊ မိုးလင်းလျှင် ကျောင်းဒကာ ဦးဝိုင်းနှင့် ဒကာသုံးလေးဦး
ပေါက်လာကြ၏။ ဦးဉာဏကား တဇောင်းပင်ကြီး အောက်မှာပင် ချမ်းသာစွာ ထိုင်လျက်ရှိသည်။
ဦးဝိုင်းက-

“ဒီတောဟာ အလွန်ကြမ်းတမ်းပါသည်၊ အဖော် သံဃာနှင့် သီတင်းသုံးရန်သင့်
ပါသည်” စသည်ဖြင့် မိမိကျောင်းသို့ ပြန်ကြွရန် လျှောက်ထားရာ-

“ဟေ့.....မောင်ဝိုင်းရ၊ မင်းတို့လှေကူးတော (မုံရွာမြို့) လောက် မကြမ်းပါဘူးကွာ၊
ဘယ်လောက်ကြမ်းကြမ်း ဘုရားစကား နားထောင်ရင် ရန်သူမရှိပါဘူး။ အဖော်လဲမလိုပါဘူး။
တောနေရဟန်းတို့အတွက် အကောင်းဆုံး လက်နက်ကတော့ သီလစင်ကြယ်အောင်နေပြီး
မေတ္တာပွားရင် နေမှုစားမှုအတွက်ရော ဘေးအန္တ ရာယ် အတွက်ရော မလိုပါဘူး။

“မြတ်စွာဘုရားက သံယုတ်ပါဠိတော်ကြီးမှာ မေတ္တာပွားနေတဲ့ ပုဂ္ဂိုလ်ကို မြည့်နေ
အောင်ထက်တဲ့ နှစ်ဘက်သွားလှံနဲ့ တူတယ်လို့ ဟောထားတယ်။ အဲဒီလှံသွားကို ချိုးမယ်
ခေါက်မယ် လိပ်မယ်ဆိုပြီး လုပ်ရင် လုပ်တဲ့သူသာ ရှမှာပဲ။ ဒါ့ကြောင့် မေတ္တာပွားနေတဲ့
ပုဂ္ဂိုလ်ကို ဘယ်အမနုဿကမှ မထိရဲဘူး။ ထိရင် ထိတဲ့သူပဲ ဒုက္ခရောက်တာ သူတို့သိတယ်ကွယ့်။
စိတ်ဖောက်ပြန် ပြောင်းလဲအောင် လုပ်နိုင်ဖို့ဆိုတာ အဝေးကြီးပဲ၊ အဲဒီ “သတ္တိသုတ်” ကို
ကြည့်ရင် မေတ္တာဟာ အကာအကွယ်တင် မဟုတ်ဘူး၊ တန်ပြန် လက်နက်ကြီးကလား။
မေတ္တာအကျိုး ၁၁-မျိုးဟာ ပြောဟောကောင်းရုံ မဟုတ်ဘူး၊ တကယ်ယုံကြည်ပြီး သုံးရင်
ဘယ်တစ္ဆေ၊ ဘယ်လက်နက် ဘယ်အဆိပ်မှ ကြောက်စရာမလိုပါဘူး။


## PAGE 344


၂၈၈

* ဓမ္မာစရိယ ဦးဌေးလှိုင်

“မောင်ဝိုင်းလဲ စကားဝိုင်းမှာတင် သင်္ဂြိုဟ်သရုပ် မခွဲဘဲ ခုလိုကာလပျက်ကြီးထဲ မိမိ
ဗိုက်ထဲမှာ သရုပ်ခွဲကြည့်ဖို့လိုတယ်။ ကဲ-ကဲဆွမ်းခံဝတ် ရှိသေးတယ်။ ပြန်ကြပေရော့။
အရင်နှစ်က တစ်ခါပင့်ကြရ လှူကြရပြီပဲ။ ခုတစ်ခါပြန်လိုက်ရင် ဘုန်းကြီးအလွန် ဖြစ်တော့
မယ်” ဟု ဆိုကာ နှင်လွှတ်တော်မူ၏။ ဦးဝိုင်းတို့လည်း အကြံလက်လျှော့ကာ ကပ်မိုးကပ်ကာ
တစ်ခန်းကျောင်းငယ်တစ်ဆောင် နေ့ချင်းပြီး ဆောက်လှူရန် လျှောက်ထား စီမံကြလေ၏။

အနှစ်နှစ်ဆယ် နိဗဒ္ဓသံဃဝတ်

လယ်တီတောသည် ထိုခေတ်က ပြောစမှတ်တွင်လောက်အောင် အချောက်အလှန် ထူ
ပြောသဖြင့် ဦးဉာဏဓဇခေါ် လယ်တီဆရာတော်ကိုယ်တိုင် “တောကျွေး” ဝတ်ကို အခါ
အားလျော်စွာ ပြုလုပ်တော်မူခဲ့သည်။ ညအခါမဲ့ ခွေးများ အူလျှင် အမနုဿများ အစား
တောင်းသည်ဟုပင် နောက် ပုဂ္ဂိုလ်တို့က ယူဆကြ၏။ ထိုအခါ တောကျွေးကြသည်။
တောကျွေးဟူသည် အမဲဟင်းလျာနှင့် ထမင်းများကို ငှက်ပျောဖက်သန့်သန့်ဖြင့် ထည့်၍
နေဝင်ရိုးရီတွင် ကျွေးကြရသည်။ အမနုဿများသည် ခွေးတစ်ကောင်ကောင်၌ ပူးဝင်၍
စားကြသည်ဟုလည်း ယူဆကြသည်။

လှေကူးရပ်ရှိ သံဃာငယ်များမှာလည်း ဆရာသံယောဇဉ် မပြတ်ကြသဖြင့် စာသင်လိုခြင်း
တောကြမ်းခြင်းများကို ရမယ်ရှာ၍ သုံးပါးလေးပါး လာရောက်နေထိုင်ကြသည်။ ဒကာ
များကလည်း တစ်စတစ်စ ကျောင်းကြီး တိုက်ကြီးများ ဆောက်လှူလာကြ၏။ ထိုအချိန်မှစ၍
လယ်တီကျောင်းတိုက်ကြီး ဖြစ်မှန်းမသိ ဖြစ်ပေါ်လာခဲ့ရာ ဂန္ထ ဓုရ ပရိယတ္တိ နှောင်ကြိုးကြီးဖြင့်
ဖြေနိုင်ခက်အောင် အတုပ်အနှောင် ခံလိုက်ရပေတော့သည်။ သံဃာပရိသတ်လည်း တစ်ရာ
နီးပါးခန့် ရှိလေပြီ။

လယ်တီဆရာတော်သည် ရတနာသုံးပါး၏ ဝတ်ပဋိပတ်ကို ဖြည့်ရာ၌ အထူးခြားဆုံး
ဖြစ်တော်မူသည်။ သံဃာပရိသတ်နှင့် နေရသောအခါ စာချ၊ စာရေး၊ ဟောပြောရုံမျှသာ
မဟုတ်။ သံဃာတော်များအတွက် တစ်မြို့လုံးလှည့်လည် ဆွမ်းခံ၍ ကျွေးခြင်း၊ တံမြက်ဝတ်၊
ရေဝတ်များသာမက သံဃာများ စားသောက်ပြီးသော ပန်းကန်များဆေးသည်အထိ ဆောင်တော်
မူသည်မှာ အံ့ဖွယ်သရဲ ရှိပေစွာ။

ကုဋီအိမ်နှင့်တကွ ရေအိုးမှန်သမျှ နံနက်လေးနာရီတွင် ရေတွင်းမှ ရေငင်၍ လောင်း
ထည့်ပြီး ဖြစ်သည်။ သံဃာငယ်များ သိသွားသောအခါ မသောက်မချိုး မဆေးရဲ ဖြစ်နေ
ကြသဖြင့် “သုံးသာသုံးကြ” ဟု နှစ်သိမ့်ဟောကြားတော်မူရပြန်၏။ တိုက်တွင်းရှိ သံဃာများ
အတွက်သာမက မုံရွာမြို့ တွင်းရှိ သံဃာမထေရ်ကြီးများ သီတင်းသုံးရာ၊ သံဃာအများရှိရာ
ကျောင်းတိုက်များ၌လည်း ထိုနည်းတူ ကုဋီရေဖြည့်ခြင်း၊ ကနုတံဆေးခြင်း၊ ရေခပ်ခြင်း၊
တံမြက်လှည်းခြင်းများ ပြုပြီးမှ ဆွမ်းခံလေ့ရှိသည်။

အချို့ ဘုန်းတော်ကြီးများက အားနာလှသဖြင့်-


## PAGE 345

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၂၈၉

“လယ်တီဘုန်းကြီး၊ သည်လိုမလုပ်ပါနဲ့၊ တော်လောက်ပါပြီ” ဟု တားကြရာ-
“တပည့်တော်ကို သနားရင်ခွင့်ပြုပါ၊ တစ်သံသရာလုံး တပည့်တော်ရဲ့ လက်တွေ
ခြေတွေဟာ သားကျွန် မယားကျွန် ဖြစ်ခဲ့ရပါတယ်။ သံဃကျွန် သာသနာ့ကျွန် အမှု ပြုခွင့်
ပေးကြပါ” ဟု ပြန်လည် လျှောက်ထား၍ ဆောင်မြဲဆောင်တော်မူ၏။ ထိုစေတိယင်္ဂဏဝတ်၊
သံဃဝတ်ကို ပြင်းပြင်းထန်ထန် ဆောင်တော်မူသည်မှာ အနှစ်နှစ်ဆယ်လုံးလုံး ဖြစ်၏။
အလောင်းတော်ကြီးများ၏ လုံ့လပင် တကား။

ယင်းသို့ပြုလုပ်ရန် ဆွမ်းခံကြွစဉ် တံမြက်စည်း၊ ရေအိုးနှင့် သပိတ်ကို နေ့စဉ်
သယ်ဆောင်သွားရ၏။ “ခန္ဓာကိုယ် အငှားနွားကြီးကို တန်အောင် ခိုင်းပေးမှဟေ့”
ဟုလည်း မကြာခဏ ကြိမ်းပလေ့ရှိ၏။ ကျင့်ဝတ်ဖြည့်မှ သီလ သမာဓိ ပညာရ၊ စရဏရှိမှ
ဝိဇ္ဇာဉာဏ်ပေါက်နိုင်သည်ကို ထောက်ပြတော်မူခြင်း ဖြစ်ပေ၏။ စရဏဟူသော ကျင့်ဝတ်သည်
နိဗ္ဗာန်သွားရာ၌ ခြေလက်နှင့်တောင်ပံဖြစ်သည် မဟုတ်လော။ မျက်စိအမြင် (ဝိဇ္ဇာ) သာရှိ၍
ခြေလက် (စရဏ) မရှိလျှင် သွားလို ့ယူလို့ မရနိုင်ချေ။

တစ်ရံရောကာလ လယ်တီတိုက်အတွင်း၌ ရဟန်းတစ်ပါး ဝမ်းရောဂါဖြစ်ရာ အချို့
သံဃာများ ပြောင်းရွှေ့သွားကြ၏။ ကျန်သံဃာစုကလည်း အနားသို့မကပ်ရဲကြ။ ဆရာတော်
သိလျှင် “ကြောက်တဲ့ ကိုရင် ဦးပဉ္စင်းများ သွားနိုင်တယ်။ ဂိလာနပဉ္စင်းကို တို့များ ပြုစု
မယ်” ဟု မိန့်ကာ 'ကျင်ကြီးများ ပေကျံနေသည့် သင်္ကန်းစသည်တို့ကို ကိုယ်တော်တိုင်
ဖွပ်လျှော်ပေးရန် ရေတွင်းသို့ ယူခဲ့ရာ ကာလဝမ်း ကျင်ကြီးအနံ့ မှာ လွန်စွာ ဆိုးရွားလှသဖြင့်
လည်းကောင်း၊ စာသင်သားဘဝထဲက လူမမာ ပြုစုခဲ့ရခြင်းများသဖြင့် လည်းကောင်း
ငြီးငွေ့ ရွံရှာခြင်း ဖြစ်နေ၏။

ထိုအခါ “ဟယ် စိတ်ယုတ်၊ နင်တယ်လှည့်စားပါကလား” ဟု ကြိမ်းဝါးကာ စောင်
သင်္ကန်းတို့၌ ပေကျံနေသောကျင်ကြီးများဖြင့် မိမိကိုယ် တစ်ကိုယ်လုံးပွတ်တိုက်ကာ သိဒ္ဓိတင်
ရဲဆေးလိမ်းကျံလိုက်သည်။ ထိုအခါ ကျမှ ရွံရှာစိတ် ပျောက်သွားတော့သည်ဟု မိန် ့တော်မူ၏။
မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း ထိုသို့ ဂိလာနသံဃာကို ပြုစု သုတ်သင်ပေးဖူးသည်။

“ဂိလာနရဟန်းကို ပြုစုလုပ်ကျွေးသူသည် ငါဘုရားကို ပြုစုလုပ်ကျွေးသည်နှင့် အတူ
တူပင်” ဟု ဝိနည်းမဟာဝဂ္ဂပါဠိတော် (ဝိ ၃၊ ၄၁၇) ၌ ချီးကျူးတိုက်တွန်းတော် မူခဲ့၏။
လူသာမန်တို့ ပြုနိုင်ခဲသော အကျင့်ပါပေ။

နွားတရား များဆုံးဖြတ်

ဆရာတော်သည် အရက်သေစာ သောက်စားခြင်း၊ အလောင်းအစားပြုခြင်း၊ ထီထိုးခြင်း
များကို လွန်စွာ ရွံမုန်းတော်မူ၏။ မြတ်စွာဘုရားကလည်း “မိန်းမ၊ အရက်၊ အလောင်းအစား
သုံးမျိုးသည် ပျက်စီးကြောင်း” ဟု ပရာဘဝသုတ်၌ ဟောတော်မူသည့်အတိုင်း မေတ္တာစာများ
ရေးသား၍ ဆုံးမတော်မူသည်။ နွားသား ရှောင်ကြဉ်ရေးကိုလည်း ထိပ်တန်းတင် ငန်းတိုက်၍

