## PAGE 373


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၁၇

စိတ်မကောင်း ဖြစ်ရသည်။ တစ်မြို့ပြီးတစ်မြို့ မပင့်သော်လည်း မနေမနား ကြွတော်မူလေသည်။
မန္တ လေးမြို့၌ကား ရောဂါဖြစ်တတ်သော လများတွင် တမင် စောင့်၍ ကာကွယ်တော်မူ၏။
တရားပလ္လင်ထက်မှနေ၍ ဟစ်အော်ကာ “ခွေးအူသံများ ကြားလား၊ နားထောင်ကြ။
လောက်လေးမိုး၊ ခဲမိုးရွာစေမည်။ အိပ်မက် မက်လျှင်လည်း လာပြောကြ။ ဘယ်မြို့ဘယ်ရွာက
မဆို ရောဂါဖြစ်လျှင် ချက်ချင်းလာပင့်ကြဟေ့” ဟု ကြွေးကြော်ဖိတ်ခေါ်တော်မူ၏။
ဆရာတော် ကြွရောက်ရာ မြို့တိုင်း ထူးထူးခြားခြား ရောဂါပျောက်ကင်းသည်ချည်း
ဖြစ်သည်။ ထိုသို့ ပျောက်ကင်းသည်မှာ ဆရာတော်၏ သီလ၊ သမာဓိကြောင့် သာမဟုတ်၊
သိတတ်သော အရွယ်မှစ၍ ဂိလာနများကို သားသမီး ပမာ မရွံမရှာ ပြုစုဆောင်ရွက်ခဲ့သော
နိဗဒ္ဓဂိလာနဝတ် ပါရမီ ကုသိုလ်ကြီးကြောင့်လည်း ဖြစ်ပေသည်။

အန္တ ရာယ်ကင်း ပရိတ်၊ ကမ္မဝါရွတ်ဖတ်မှုနှင့် စပ်၍လည်း...

“မင်္ဂလာ အလို့ငှာ ရွတ်လျှင် သာယာနာပျော်ဖွယ်ရွတ်ရတယ်၊ အန္တ ရာယ် ကာကွယ်
နှင်ထုတ်ဖို့ ရွတ်တဲ့အခါ ညောင်နာနာ အသံနဲ့ မရွတ်ရဘူးကွယ့်။ ပြတ်ပြတ်သားသား ရဲရဲ
တင်းတင်းနဲ့ ငေါက်တန်ငေါက်ပြီး ရွတ်ရတယ်၊ ကမ္မဝါတောင်မှ စက္ကူကမ္မဝါနဲ့ မလုပ်နဲ့။
ရွှေပိန်းချ မန်ကျည်းစေ့ ကမ္မဝါကိုင်ပြီး ရွတ်ရတယ်။ တော်တော့ ဘုတ်တစ္ဆေ ပြေးတာပဲ”
ဟု မိန့် တော်မူလေ့ရှိ၏။

ထိုပွဲမျိုးတွင် ဆရာတော် မနှစ်ခြိုက်ဆုံးမှာ နွားသားစားသော ဘုန်းကြီးများ ရွတ်ဖတ်ခြင်း
ပင်တည်း။

..

“ဟေ့ နွားသားစားတဲ့ ပါးစပ်ကြီးနဲ့ ‘သုဏာတု မေ ဘန္တေ သံဃော' ဖတ်လိုက်ရော။
နွားသားနံ့ကြီးက တစ်ခေါ်လောက် ကင်းထောက် သွားလေတော့ ဘီလူးသဘက်တွေက
အဲဒီ နွားသားနံ့ကြီးကို မီးခိုးကြွက်လျှောက်လိုက်ပြီး လာရောပေါ့” ဟု လည်း မိန့် တော်မူ၏။
မှတ်သားထိုက်ပေစွာ့။

ဆရာတော်သည် ကပ်ရောဂါကြီးများကို ကာကွယ် နှင်ထုတ်ရာ၌ တိုင်းသူပြည်သားတို့
အားကိုးလောက်အောင် အောင်မြင်တော်မူ၏။ ဝေသာလီပြည် ကပ်ကြီးသုံးပါး ဆိုက်ရောက်စဉ်
တစ်ညလုံး ရတနသုတ် ရွတ်၍ ကယ်တင်ခဲ့သော ရှင်အာနန္ဒာ၏ သီလ၊ ကရုဏာ၊
သမာဓိနှင့် ဝီရိယမျိုး ထားတော်မူသည်။ လုပ်တိုင်း ဖြစ်၍ ဖြစ်တိုင်းလည်း လုပ်တော်မူခဲ့၏။

ဆရာတော်ကား ကပ်ရောဂါကြီးများနှင့် လိုက်တမ်း ပြေးတမ်း ကစားရသကဲ့သို့
ဖြစ်နေသည်။ သတ္တဝါတို့အား ကယ်တင်ရခြင်း အလုပ်သည် မွန်မြတ်လှ၏။ လုပ်နိုင်ခဲစွာ။
ထိုအလုပ်မျိုးသည် ရဟန်းကိစ္စမပြီးသေးသော ယောဂီပုဂ္ဂိုလ်များ အတွက် မွန်မြတ်သော်လည်း
မကောင်းချေ။ ဟာနဘာဂိယ (အောက်ဆွဲ) လုပ်ငန်းပင် ဖြစ်ရလေ၏။

အစွမ်းထက်လှသော နူနာ ဆေးနည်းတစ်ခုရ၍ ဖော်စပ်စားရာမှ မိမိမှာ တစ်ဝက်
တစ်ပျက်သာ ပျောက်ကင်းဆဲ ပြင်းပြသော ကရုဏာဒဏ် ပို၍ လူနာလည်းရှိ ငွေကြေးလည်း
ပြည့်စုံသဖြင့် နူနာကုဆရာကြီး ထ၍လုပ်သူနှင့် တူသည်ဟုဆိုရသော် ဘုရားရှင် အာဘော်နှင့်
ချွတ်ချော်အံ့မထင်။ ပဋိပတ်အလုပ်ခွင်၌ ယင်းသို့ ရှောင်လွှဲ နိုင်ခက်သော ကွင်းဆက် အပို


## PAGE 374

၃၁၈


ဓမ္မာစရိယ ဦးဌေးလှိုင်

တာဝန်များ ကျရောက်လာတတ်သည်ကို မြင်ခဲစွာ။ ရှောင်နိုင်ခဲစွာ။ ဆရာကြီးတစ်ဆူ လုပ်
လိုသော ယောဂီတို့ကား ကျေနပ်၍ပင် နေတတ်သေးတော့၏။

မာရ်နတ်၏ အင်ပါရာသည် ကျယ်ဝန်း၏။ ပရိယာယ်လည်း ကြွယ်လွန်း၏။ ဘိန်း
ပစ်၍- ဖမ်းသောအမှုမျိုးလည်း ဆင်တတ်သည်။ ပုံရိုင်းရိုင်း ပြေးလွန်းသောမြင်း ခဲဆွဲ
ခံရတတ်သည်။ ကယ်တင်ခြင်း အလုပ်ကို စွမ်းနိုင်ပါလျက် မလုပ်လျှင် ကရုဏာရှိရာမရောက်။
လုပ်ပါလျှင်လည်း ပဓာန (ကမ္မဋ္ဌာန်း) အလုပ်ပျက်မည်၊ အစွန်းမလွတ်သော ထောင်ကွက်
ဖြစ်၏။

ဘုရားရှင်တို့ကား အစွန်းမလွတ် အကွက်ဆင်ဖမ်းသော ပြဿနာမျိုးကို အရေးယူတော်
မမူခဲ့၊ ဆိတ်ဆိတ်နေခြင်းဖြင့် မဇ္ဈိမပဋိပဒါ သစ္စာလမ်းပေါ်၌ ကြံ့ကြံ့ရပ်တော် မူလေ၏။
အသိဉာဏ် ရှေ့သွားဖြင့် စဉ်းစားကျင့်ကြံကြပါလေ သူတော်ကောင်းတွေတို့။

ဤ၌ အာရုံနိမိတ် အိပ်မက်အထင်အမြင်နှင့်တကွ အင်းအိုင်၊ ခလှဲ့၊ လက်ဖွဲ့၊ မန္တန်
စသည်တို့သည် အမှုဆင်၍ တမင်ဖမ်းဆီးကြောင်း ခိုင်မာသည့် သဲလွန်စ သက်သေခံပစ္စည်း
များပင် မဟုတ်ပါလော။ ခေါင်းပေါ် မြှောက်တင်ပြီးမှ ကိုင်ပေါက်ခံရခြင်းသည် ထိုင်နေစဉ်
တက်နင်းသည်ထက် နာတတ်၏။

ထိုအလုပ်များကို လုပ်ခြင်းအားဖြင့် ပိုမိုကျော်ကြားပြီး ဝေနေယျ အများ အကျွတ်တရား
ရမည်ကို မြင်တော်မူ၍သာလျှင် အနှောင့်အယှက်မှန်း သိသော်လည်း ရဲရဲကြီး လက်
လုပ်ဆောင်ခြင်း ဖြစ်ပေလိမ့်မည် ဟုသာ ဖြေသိမ့်ရတော့၏။

ဘုရားရှင်အား ကျေးဇူးဆပ်ခြင်း

ဆရာတော်သည် ၁၂၇၉-ခုနှစ်မှစ၍ နယ်လှည့်တရားဟောခြင်း လုပ်ငန်းကြီးကို
ရပ်ဆိုင်းတော် မူလေသည်။ ပလိဗောဓ=အနှောင့်အယှက်ကြီး တစ်ခုဟုလည်း သိမြင်တော်မူ၏။
လက်တွေ့၌ ရှောင်လွဲရန် မတတ်သာ ဖြစ်ခဲ့ရသည်။ ဆရာတော်ကား မည်သည့် အလုပ်မဆို
မဆုတ်မနစ် ရွပ်ရွပ်ချွံချွံကြီး ဇွဲရှိရှိနှင့် လုပ်ဆောင်တော် မူလေ့ရှိ၏။

အင်ကြင်းမြိုင် တောရ၌နေစဉ် ပထမကျော် ဦးပညာသီဟ (ဦးကြီးဖေ) အား ကိစ္စ
တစ်ခုနှင့် စပ်၍ အမိန့်ရှိဖူးသော စကားတစ်ခုကို သတိရမိပေသည်။

“ဟေ့-မောင်ပညာသီဟရ။ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ကိုယ်တိုင်ကလဲ
ကြိုတင်ပြီး ကြပ်ကြပ်စဉ်းစား၊ အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်များနှင့်လဲ တိုင်ပင်၊ မှားတတ်တယ်နော်၊
အေး-စဉ်းစားတိုင်ပင် ပြီးပလား၊ လုပ်ပေတော့၊ လုပ်တော့ဟေ့ စဉ်းစားထားပေမယ့်
မှားပြီကွ။ သည်တော့မှ နောက်မဆုတ်နဲ့တော့ဟ။ ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်နဲ့၊
စွပ်သာလုပ်၊ မှားလေ-လုပ်လေ လုပ်လေ-မှားလေး မှားပစေ၊ လုပ်သာလုပ်။ ဆက်လုပ်ကွ။
လုပ်ရင်းနဲ့ပဲ အမှန်ရလာလိမ့်မယ်” ဟူသတည်း။

“လုပ်ချင်တာလုပ် နောက်မဆုတ်နဲ့။ ဖြစ်ချင်ရာဖြစ် စိတ်မညစ်နဲ့” ဟူသော ဆောင်ပုဒ်ကဲ့သို့


## PAGE 375


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၁၉

ဆရာတော် သြဝါဒသည် ဒေါင်ပြင်းလှ၏၊ ထက်လွန်းလှ၏။ ဆရာတော်လည်း အရာရာ၌
ဤခံယူချက် အတိုင်းပင် လုပ်ဆောင်တော်မူလေ့ရှိသည်။ လုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင်
အလျော့မပေးတတ်။ အဓိပတိ ယောက်ျားပေတည်း။ စကားပြောရာ၌လည်း-

“မောင်ဝဏ္ဏိတရ၊ စကားပြောတဲ့ ရေးတဲ့အခါ ပိန်ပိန်ညှော်ညှော်၊ ညောင်နာနာနဲ့
အဆံမပါတဲ့ စကားမျိုး မပြောရ၊ မရေးရဘူးကွယ့်။ တင်းတင်းရင်းရင်း၊ ဝဝလင်လင်
တစ်ဆုပ်တစ်ခဲကြီး ပြောရ၊ ရေးရတယ်” ဟု ဆုံးမဖူး၏။

ဆရာတော်သည် ဤအဓိပတိစိတ်ဖြင့် ပြုလုပ်ခဲ့ရာ ဆရာတော်လုပ်သမျှ ကမ္ဘာ့အတိုင်း
အတာနှင့်အမျှ ကျယ်ပြန် ့ခဲ့သည်။ ကမ္ဘာတစ်ရိုး ဒိုးယိုပေါက် သွား၏။ ပဋိပတ္တိ ရှုထောင့်မှ
ကြည့်သော် - အချို့လုပ်ငန်းများသည် ပလိဗောဓနှင့် ဝိပဿနုပတ္တိလေသ (ဝိပဿနာ
ချေးတက်) ဖြစ်နေသည်ကို ဆရာတော်လည်း သိမြင်တော်မူရာ၏။

၁၂၇၉-ခုနှစ် လယ်တီတိုက်၌ ဝါဆိုတော်မူ၏။ ဝါကျွတ်လျှင် ရင်းနှီးသော တပည့်

ဒကာများအား-

“တပည့်တို့၊ ငါသည် အနှစ်နှစ်ဆယ်လုံးလုံး အထက်အောက် မြန်မာပြည် လှည့်လည်၍
သတ္တဝါတွေ ...ရုပ်နာမ်အလင်းရဖို့ ငဲ့ညှာပြီး တရားဟောခြင်း ပလိဗောဓ အလုပ်ကြီးကို
ကိုယ်ကျိုးဖျက် လုပ်ခဲ့ပြီ။ ယခု ငါ့မှာ မြတ်စွာဘုရားရှင်ရဲ့ ကျေးဇူးတော်ကို ဆပ်ရန် ဆန္ဒ
ရှိနေသေး၍ ဆိတ်ငြိမ်ရာ ကြေးတွင်းကြီး တောရသို့ ကြွဦးမည်၊ မောင်ဝဏ္ဏိတနှင့် ကပ္ပိယ
တစ်ဦးသာ လိုက်ခဲ့ပေတော့” ဟု မိန့်ဆိုကာ သီတင်းကျွတ် လကွယ်နေ့တွင် လယ်တီတိုက်မှ
ထွက်ခွာ၍ အလုံမြို့ အရှေ့ဘက်ရှိ ထိုတောရသို့ ဝင်တော်မူ၏။

တန်ဆောင်မုန်းလဆန်း ၁-ရက်နေ့မှစ၍ ကျေးဇူးဆပ်လုပ်ငန်းကြီး စတင်ရာ တပေါင်း
လကွယ်နေ့အထိ ငါးလတိတိဖြစ်သည်။ ကျေးဇူးဆပ် လုပ်ငန်းဟူသည် ပုဒ်ပေါင်း (စာကြောင်း
ပေါင်း) ၄၈၃-ပုဒ်ရှိ၍ စာမျက်နှာ (ဒီမိုင်းဆိုက်) ၃၄ မျက်နှာရှိ “မဟာသရဏဂုံကြီးကို
အသံမဆိတ်၊ မအိပ်မနေ ရွတ်ဖတ်ပူဇော်ခြင်းပင် ဖြစ်၏၊ (ကျေးဇူးဆပ်နည်း နိသျည်းဟု
စာအုပ်ရှိပြီး။)

သရဏဂုံ သုံးပါးကို သစ္စာလေးပါး နိဗ္ဗာန်ဂုဏ်တို့ဖြင့် စက်လှည့်၍ ရေးထားခြင်း
ဖြစ်သည်။ ဥပမာ “စတုသစ္စ ပဋိဝေဓ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ (အစ)၊ သဗ္ဗဝိပါကဝဋ်
ဒုက္ခက္ခယ နိဗ္ဗာနဓာတု သစ္ဆိကရဏ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ (အဆုံး)။”

ယင်းသရဏဂုံတော်ကြီးကို ငါးလတိတိ မအိပ်မနေ ရွတ်ဖတ်ပူဇော်ရာ တစ်နေ့လျှင်
အခေါက်ပေါင်း တစ်သောင်းလေးထောင့်လေးရာ (၁၄၄ဝဝ) ရ၍ ငါးလလုံးပေါင်းသော်
ရွတ်ဖတ်သည့် အကြိမ်အခေါက်ပေါင်း နှစ်သန်း တစ်သိန်း တစ်သောင်း ခြောက်ထောင်
ရှစ်ရာ (၂၁၁၆၈ဝဝ) ဖြစ်လေသည်။ သူမတူသော ဝီရိယရှင်ကြီးပါပေ။

မအိပ်မနေ ရွတ်ဖတ်ရသည်မှာ ငါးလဟု ဆိုသော်လည်း ထိုသို့ ကျေးဇူးဆပ်ရန်
အတွေးအကြံ အာရုံကြီး ဝင်ရောက်လက်ခံမိသည်မှစ၍ ထိုသရဏဂုံကြီး ဖြစ်အောင်
တွေးရ၊ ကြံရ၊ ရေးရသော အချိန်ကာလလည်း မည်မျှ ကြာသည်မသိ၊ ထိုမျှလောက်ရှည်လျားစွာ၊

