## PAGE 397

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၃၄၁

ဘောဂဆရာတော်ကဲ့သို့သော သပ္ပုရိသူပနိဿယစက်ကို ဆက်၍ လည်စေသဖြင့် ခုံတင်
၁၃-ပါးကို အလျဉ်းသင့်သလို ဆောင်တော်မူ၏။ အမြဲတမ်းလည်း မိမိအကျင့်ကို သိုဝှက်တော်
မူသည်။ ဓုတင်ဆောင်ကြောင်း မသိစေလိုသဖြင့် ဓုတင်ကို ဖျက်၍ပင် အလှူခံ၏၊ ပြီးမှ
ပြန်၍ ဆောက်တည်သည်။

နေ့အချိန်တွင် ရွာနီးကျောင်း၌ အထင်ခံနေသော်လည်း တောရ ပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်း
တပည့်တိုင်းပင် မသိကြ။ ညသန်းခေါင်ကျော်လျှင် တိတ်တဆိတ် ကျောင်းမှ ထွက်သွား၍
သုသာန်၊ သို့မဟုတ် တောရမြောက်အောင် ဝေးကွာသော တစ်နေရာရာ၌ အရုဏ်တက်ပြီးမှသာ
ပြန်ကြွလာ၏။ ဧကာသနိက်ဓုတင် (တစ်နေရာတည်း တစ်ထပ်တည်း ဘုဉ်းပေးခြင်း)၊
ပတ္တပိုဏ်ဓုတင် (ဘတ်လပိုင်-ချိုချဉ်ငန်စပ် ရောမွှေ၍ ဘုဉ်းပေးခြင်း) များကို ဆောက်တည်သော
အခါ “ဆရာတော် ဘုဉ်းပေးတာ ကြည်ညိုစရာကြီး” ဟု ယူဆကာ ဓုတင်ပျက်ကြောင်း
ဆွမ်းကွမ်း၊ သဒ္ဓါကောင်းသူများလည်း မနည်းခဲ့ချေ။ နိသဇ်ဓုတင်အရ ဆရာတော် အိပ်စက်
သည်ကို အတွင်းနေ တပည့်ကြီးများပင် မမြင်စဖူး။ မသိနိုင်အောင် လျှို့ဝှက်တော်မူသည်။

ခေါင်းပါး၊ ရိုးသားခြင်းနှင့် ထူးခြားချက်များ

ဝိသုဒ္ဓိမဂ် ကျမ်းကြီးသာ မြန်မာပြည်က ပေါ်ထွက်ခဲ့လျှင် ဤသို့သော ပုဂ္ဂိုလ်ထူးကြီးများ
အကြောင်းကို ဝိသုဒ္ဓိမဂ်၌ 'နေရာမပေး၍ မရချေ။

ဆရာတော်သည် အလှူအတန်း အဖူးအမြော်လာသူ မည်သည့် ဒကာ ဒကာမ မဆို
ဣရိယာပုတ်ပြောင်းလဲခြင်း မရှိ၊ အမူအရာ ပြောင်းလဲခြင်းမရှိ ဖူးတွေ့ ရသည်။ သီးသန့်နေရာ
သီးသန့်ဧည့်ခံ ဟောပြောခြင်းမရှိ၊ တံမြက်လှည်းချိန် လာလျှင် တံမြက်လှည်းရာသို့သွား၍
ကန်တော့ရသည်။ ရှင်မဟာကဿပသည် ဒကာ ဒကာမ တွေ့တိုင်း အသစ် (တစိမ်း)
ဖြစ်နေသကဲ့သို့ ကျောင်းဒကာ လှေသင်းမင်းကိုပင်လျှင် ဖော်ရွေ လိုက်လျောခြင်းမရှိ။
တစိမ်းတရံဆံကဲ့သို့ ဆက်ဆံ၏။ မင်းကျောင်းတိုက်ကြီးအတွင်း မည်သည့် ကျောင်းနေရာ၌မျှ
အတည်တကျမနေ၊ ရံခါ မီးတင်းကုပ်၌ပင် နှစ်ရက် သုံးရက် နေတော်မူ၏။

လာဘ်လာဘနှင့်စပ်၍လည်း အံ့ဖွယ်ရှိစွာ၊ အလှူအတန်းကြွရာ ပစ္စည်းသယ်ရန်
တပည့်မပါ။ ကျောင်းသို့လာလှူ၊ လိုက်လှူသမျှကိုလည်း အလှူခံပြီးလျှင် သည်အတိုင်းသာ
ထားတော်မူ၏၊ မည်သူ့ ကိုမျှ သိမ်းဆည်းမခိုင်း။ လိုသောကိုရင် ဦးပဉ္စင်းများ လိုရာကောက်ယူ
သုံးစွဲကြသည်။

“ပိုင်းခြားသတ်မှတ်ပြီး လှူတဲ့ဒါနထက် မရည်မှန်း မပိုင်းခြားဘဲ စွန့်ကြဲတဲ့ ပရိစ္စာဂ
အလှူက ပိုပြီး မြတ်သကွယ့်” ဟုလည်း မိန့်တော်မူလေ့ရှိ၏။, ဆရာတော်မှာကား အမြဲတမ်း
သင်္ကန်းသုံးထည်သာ (တိစီဝရိက်ဓုတင်) ဆောင်တော်မူ၏၊ မျက်နှာသုတ်ပဝါမျှပင် မထားချေ။
တစ်ဆောင်တစ်ယောင် နေရာထိုင်ခင်းဟူ၍ သီးခြားမရှိ၊ အိပ်ရာမရှိ။

.

ကျန်းမာရေးနှင့်စပ်၍ မည်သည့် ဆေးဝါးမျှ သိမ်းဆည်း သိုမှီးထားခြင်း မရှိ။ ရံခါ


## PAGE 398


၃၄၂

ဓမ္မာစရိယ ဦးဌေးလှိုင်

မကျန်းမာသည်ကိုပင် အသိမပေး။ တပည့်များသိ၍ ဆေးဝါးကပ်သောအခါ ဆေးအမယ်များ
ကိုပါ မေး၍ ရောဂါအတွက် မည်မျှပင် အကျိုးပြုသော ဆေးဖြစ်စေကာမူ မအပ်သောအမယ်
ပါလျှင် မြစ်ပယ်တော်မူ၏။ တစ်ခါက သမားတော်ကြီး ဆရာသဲက တိရစ္ဆာန် သည်းခြေများ
ပါဝင်သော ဆေးကို ဆက်ကပ်ရာ မအပ်၍ မှီဝဲတော်မမူ။ သီလကို ထိုမျှ အလေးမူသည်။

လောက၌ ဆင်တူယိုးမှား ပုဂ္ဂိုလ်ထူးများ ရှိတတ်ကြရာ သီလ စသော မှတ်ကျောက်ဖြင့်
ခွဲခြား ကြည်ညိုကြရသည် (သတ္တဇဋိလသုတ်)။ ဟန်ဆောင်မှုမှန်သမျှ ရေရှည်မခံတတ်ချေ၊
ထို့ကြောင့် တန်ခိုးအမျိုးမျိုး ပြနိုင်သော အချို့ သင်္ကန်းဝတ် ပုဂ္ဂိုလ်ထူးများသည် ဝိနည်းရဟန်း
မဟုတ်ကြ။ သူတို့ကို သုတ္တန်ရဟန်းဟု ခေါ်ကြသည်။ တစ်စုံတစ်ခုသော လောကီအကျိုး
အတွက် အားကိုရန် ဆိုစေဦး၊ မိမိရှေးကံနှင့် ပစ္စုပ္ပန် လုပ်ရပ်မပါဘဲ အဘယ်မည်သော
တန်ခိုးရှင်မှ မစ,နိုင်ကြသည် မဟုတ်ချေ။

သူယုတ်မာတို့သည် ရွှေအတုကဲ့သို့ သူတော်ကောင်းများ အသွင်အပြင် အခြံအရံဖြင့်
ဖုံးကွယ်လျက် လောက၌ လှည့်လည်နေကြကုန်၏။ (သဂါထာဝဂ်၊ သတ္တဇဋိလသုတ်။)

ကိုယ့်မသာ ကိုယ်ချ၊ သူများမသာ ထမ်းပို့

ဆရာတော်သည် အချင်းခပ်သိမ်း ကြည်သာရွှင်ပျသော မျက်နှာရှိ၏။ နှုတ်ချို၏။
စကားပြောလျှင် တရားနှင့်စပ်သည်ကိုသာ ပြော၏။ ရပ်စကား၊ ရွာစကား၊ မင်းစိုးရာဇာ
ပြည်ရွာ အရေးအခင်း အဖျင်းစကား (တိရစ္ဆာန်စကား) မျိုးကို မည်သည့်အခါမျှ မပြော။
မိမိအတွက် တစ်ပါးသူတို့၌ တာဝန်တက်မည်ကိုလည်း စိုးတော်မူ၏။ တရံရောကာလ
ဆရာတော်သည် ဝမ်းအလွန်သက်လျောသော ရောဂါကပ်ရောက်ရာ သေလုနီးပါး ရှိလာ
သောအခါ မည်သည့် တပည့်တစ်ဦးကိုမျှ အသိမပေးဘဲ ညသန်းခေါင်ကျော်တွင် သုသာန်သို့
တရွေ့ရွေ့ ကြွသွားတော်မူ၏။ နံနက် နေမြင့်သည့်တိုင်အောင် ဆရာတော် ကြွမလာမှ
အပူတပြင်း ရှာဖွေကြရာ ဝတ်ချက်ရွာ သုသာန်မြေပုံ တစ်ခုကို ခေါင်းစိုက်၍ ခွေလျောင်း
နွမ်းရိနေသည်ကို တွေ့ကြရသည်။ အကျိုးအကြောင်းကို လျှောက်ကြသောအခါ-

“အင်း-ငါ့တပည့်များ ငါ့အတွက် လူနာပြုစုရ၊ သေလျှင် သုသာန်ပို့ရ၊ ဒုက္ခအပိုတွေ
ဖြစ်ကြရမှာ စိုးသကွယ့်” ဟု မိန့်တော်မူသည်။

ဂိလာနဝတ်ကို ပြုရာ၌လည်း ဆရာတော်သည် ဘုရားရှင့်သားကြီး ပီသပါပေသည်။
တစ်ခါက ဦးတိလောက ခေါ်သော ဟပည့်စာသင်သား တစ်ပါး ကာလဝမ်း ရောဂါဖြစ်ရာ
ဆရာတော်ကိုယ်တိုင် သူနာပြုလုပ်တော်မူ၏။ ကျင်ကြီး ကျင်ငယ် အညစ်အကြေးများကို
သုတ်သင် လျော်ဖွပ်ပေးသည်။ ဆေးဆရာ ဦးလူကလေးအား ခေါ်၍ ကုသစေရာ မရ။ ည
သန်းခေါင်ချိန် ပျံလွန်သွားရာ သံဃာများ တာဝန်မတက်စေရန် ကိုယ်တော်တိုင် အလောင်းကို
ထမ်း၍ ဦးလူကလေးအား တွဲလျားကျသော ခြေထောက်များကို နောက်က မ,ကိုင်စေလျက်
ညတွင်းချင်း သုသာန်သို့ ပို့တော်မူသည်။ ၁၂၅၉-ခုနှစ်က ဦးဒီပခေါ် တပည့်တစ်ပါး ဝမ်း


## PAGE 399


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၄၃

ရောဂါဖြစ်ရာ ကိုယ်တိုင် သူနာပြု၍ ပျံလွန်လျှင် ညတွင်းချင်း တစ်ပါးတည်း အလောင်းကိုထမ်း၍
သင်္ဂြိုဟ်တော်မူ၏။

ဗြဟ္မဝိဟာရ လေးပါးတွင် ဥပေက္ခာသည် အမြင့်မြတ်ဆုံးဖြစ်ရာ ထိုဥပေက္ခာ
ဗြဟ္မဝိဟာရ ဘာဝနာထုံပုံမှာလည်း မယုံလောက်အောင် ရှိပေ၏။ မည်သည့် သတ္တဝါ၊
မည်သည့် သင်္ခါရ (အရာဝတ္ထု အဖြစ်အပျက်) အပေါ်တွင်မှ လျှာမပြု။ ချစ်ခြင်း မုန်းခြင်းကို
လွန်တော်မူ၏။ အဆိုးကို ခံနိုင်သော်လည်း အကောင်းကို ရှောင်နိုင်ခဲစွာ့။

ရဟန်းသာမဏေများ ဆရာတော်ကျောင်း၌ နေခွင့်တောင်းလာလျှင် “အေး-ကံပစ်ချလို
ရောက်လာ၊ သင့်တော်တဲ့ နေရာယူပြီး ချမ်းသာစွာနေလေ” ဟုသာ မိန့်တော်မူ၏။ ကျောင်း
မှ ပြောင်းရွှေ့ ထွက်ခွာလို၍ လျှောက်လာလျှင်လည်း “အေး-ကောင်းပြီ၊ ကံစီမံရာ သွားပေ
ဦးတော့” ဟုသာ နှုတ်ဆက်တော် မူလေ့ရှိသည်။

ကျောင်းသား သာမဏေများ ဆူညံစွာဆော့ကစားနေသော်လည်း ဆရာတော်သည်
စာကြည့်မပျက်။ စာကြည့်ခိုက် ဖြစ်လျှင်လည်း ပကတိ အနေမပြောင်း။ အနီးအနားတွင်
ခိုက်ရန်ဖြစ်ပွား၍ သွေးထွက်သံယို ဖြစ်နေစေကာမူ မည်သို့မျှ မပြော။ ထသွားလိုလျှင်သာ
ထိုနေရာမှ ထသွားတတ်၏။ ခိုက်ရန်ဖြစ်ပွား၍ သူလွန်ကိုယ်လွန် ငြင်းခုံလျှောက်ထားကြ
လျှင်လည်း “အင်း-ချမ်းသာအောင် နေကြ" ဟု သာ မိန့်တော်မူသည်။

ကျောင်းဒကာ လှေသင်း အတွင်းဝန်မင်းက-

“ဆရာတော်ဘုရား၊ တပည့်များကို ယခုလောက် အလိုမလိုက်ပါနဲ့ ၊ လျစ်လျူမရှုသင့်ပါ။
ဆုံးမသင့်သည့်အခါ ဆုံးမသင့်ပါသည်” ဟု မအောင့်နိုင်လွန်း၍ လျှောက်ထားလာသောအခါ
ဆရာတော်က-

“သူတို့ ကံစီမံသည့်အတိုင်း ခိုက်ရန်ဖြစ်ကြတာ၊ သူတို့ကံက သူတို့ကို ဆုံးမလိမ့်မယ်။
ကိုယ့်ကိုကိုယ်တောင် ဆုံးမလို ့မရ၊ ကောင်းမှု မကောင်းမှုကံက ဆုံးမတဲ့ အတိုင်းသာ ခံနေ
ရတယ်” ဟု မိန့်တော်မူလိုက်၏။

ဆရာတော်သည် သို့စင် လျစ်လျူရှုခြင်း၊ သည်းခံခြင်းများသည်ကို အားလုံးပင်
သိရှိနေကြသည့်အတိုင်း သာမဏေငယ်များသည် ရံခါ နင်းနှိပ်ဝတ်ဖြည့်ကြရသော အခါ
ဆရာတော်၏ ခြေသလုံးမွေးများကို တစ်ပင်ပြီးတစ်ပင် နုတ်၍ သူငယ်ဘာဝ ရယ်မြူးကလူ
ပြုမူကြ၏။ ဆရာတော်ကား မည်သို့မျှ မလှုပ်ချေ။ ထိုသို့ ပြုလုပ်ဖူးသော ဝတ်ချက်ရွာသား
မောင်ဥဆိုသူသည် ဆရာတော် ပျံလွန်တော်မူသော အခါ ကျေးဇူးဂုဏ်ကို ပြောဆိုကြရင်း
ထိုအကြောင်းကိုပြောပြ၍ တတ်သိ နားလည်သူများက သတိပေး ဆုံးမကြသဖြင့်
အလောင်းတော်၌ ဓာတ်မီးပူဇော်၍ ကန်တော့ ဝန်ချဖူးလေသည်။

သက်ရှိ သတ္တဝါတို့အပေါ်၌ ထိုမျှဥပေက္ခာပါရမီ ဖြည့်တော်မူနိုင်သေးလျှင် ကျောင်း၊
သင်္ကန်းစသော သက်မဲ့ လာဘ်လာဘတို့အပေါ်၌ ဆရာတော် မငြိမတွယ် လေသည်မှာ
အံ့ဖွယ်ရာမရှိတော့ချေ။

ရေ၌ ပိုက်ကြိုးတန်းလျှင် မငြိ၊

