## PAGE 424


၃၆၈

ဓမ္မာစရိယဦးဌေးလှိုင်

တောင်းပန်တယ်။ “အဒေါ်ရယ်၊ ကျွန်မတို့ ရှေးက ပြောမှားဆိုမှားတာတွေ သည်းခံပါနော်”
တဲ့။ “အဒေါ် ရိပ်သာမှာ သွားပြီးနေတယ်ဆိုလို ့ ကျွန်မတို့ ဝမ်းသာလိုက်တာ။ ကျွန်မတို့လဲ
ရိပ်သာဝင်ဖို့ အားခဲနေပါတယ်” လို ့ တပည့်တော်မလက်ကို ဆွဲပြီး ပြောပါတယ် ဘုရား။

“ဒီလောက်နဲ့ တပည့်တော်မ မအံ့သြပါဘူး။ တပည့်တော်မတို့ဟာ ခပ်ငယ်ငယ်ထဲက
လပြည့် လကွယ်နေ ့တိုင်း ရွှေတိဂုံဘုရားသွားပြီ. ပန်း ရေချမ်း လှူလေ့ရှိပါတယ်။ ဒါနဲ့
မနက်လဲ ရောက်ရော၊ လပြည့်နေ့ဖြစ်နေလို့ ဘုရားကို သွားပါတယ်။ ဘုရားပေါ်လဲရောက်ရော။
အဲဒီ ဒကာမက အူယားဖားယားနဲ့ ပြေးလာ၊ တပည့်တော်မ လက်ကိုကိုင်ပြီး ကမ္မဋ္ဌာန်း
ထိုင်ရင်း ထင်ရ ကြားရတဲ့ စကားအတိုင်းပဲ ပြောလှာတော့ ငါ့မေတ္တာ အောင်ပြီဆိုပြီး
တပည့်တော်မ ဝမ်းသာလိုက်တာ။ ပိုပြီးအံ့သြစရာ ကောင်းတာက တရားအာရုံထဲမှာ မြင်ရ
တဲ့ အတိုင်း အင်္ကျီလုံချည်ရော၊ တဘက်ရော၊ တဆင်ထဲ တထေရာထဲ ချွတ်စွပ် တူနေတာ
အံသြစရာပဲ ဘုရား” ဟု လျှောက်သည်ကို ယောဂီများပင် ကြားသိရ၏။

“မေတ္တာပို ့တာ ရောက်,မရောက်” စသော ပြဿနာများအတွက် ဤဖြစ်ရပ်သည်
အရေးပါလှပေ၏။ မမြင်ရသောအနှောင့်အယှက်များအပေါ်၌ မေတ္တာသက်ရောက် ဘေးရန်
ပျောက်သည်မှာ ယုံမှားစရာ မရှိသင့်ပြီ။

စိတ်ကိုပိုင်ရင် အားလုံးပြီး

ဦးဣန္ဒက ဝက်ရဲတော၌ လေးနှစ်ခန့် ကြာသောအခါ ကျည်းပင်ချောင်း ရွာမှ
သားချင်းများ လာရောက်ဖူးမြော်ကြရာ မယ်တော်ပါမလာသဖြင့် မေးတော်မူလျှင် ၁၂၅၆-
ခုနှစ် နယုန်လကပင် ကွယ်လွန်ကြောင်း လျှောက်ထားကြ၏။

ထိုသတင်းသည် ဦးဣန္ဒကအား “သေဘေးကြီးနှင့်နီးကပ်လာပြီ။ မသေခင် တစ်မဂ်
တစ်ဖိုလ်ရအောင် ကြိုးစား" ဟု ထပ်ဆင့် သတိပေးလိုက်သကဲ့သို ့ ဖြစ်သည်။

“မောင်သာပိုက်၊ မင်းတို့လဲ မငယ်တော့ဘူး။ သေတာက မဆန်းဘူး။ ခုလိုသာသနာနဲ့
တွေ့တုန်း မသေတဲ့တရားကို ရှာနိုင်မှ တော်ကာကျမယ်။ ခုအခါ နိဗ္ဗာန်ချမ်းသာကြီးဟာ
မုတ်ဆိတ်ပျားစွဲသလို မျိုလိုက်ရုံပဲလိုတော့တယ်။ ခန္ဓာကိုယ်ဟာ ငှားနွားကြီးပါကွာ။ ကိုယ်က
ကိုယ်ပိုင်နွားထင်ပြီး အစာရေစာ ကျွေးမွေးကာ မခိုင်းရက်ဘဲ ယုယနေတုန်း ပိုင်ရှင်သေမင်းက
လာယူတော့မှ နောင်တဖြစ်ပြီး မကျန်ရစ်ကြစေနဲ့ ”ဟု တရားဆုံးမပြီး နောက်မလာကြစေရန်
ပြောဆိုလွှတ်လိုက်သည်။

ထိုမှ နောက် ဆရာ့အမိန့်အရ စိတ်ဝိညာဉ်ကို အထူးမြင်အောင် ရှုပွား၏။
ခုနစ်ရက်တွင် တစ်ကြိမ်သာ ဆွမ်းခံကြွသည်။ ပြတ်ပြတ်သားသား ကြိုးစားတော်မူလေသည်။

၁၂၆၂-ခုနှစ် နှစ်ဦးအထိ အပြင်းအထန် ကြိုးစားရာ ခန္ဓာကိုယ်သာ တစ်နေ့တခြား
မကျန်းမမာဖြစ်လာ၏။ တရားကား ထင်သလောက် မပေါက်နိုင်။ထိုအခါဒကာတစ်ယောက်
အား လယ်တီဆရာတော်ထံ လျှောက်လွှာပို့ စေလွှတ်ခဲ့၏။


## PAGE 425


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၆၉

ထိုစာတွင် “ဆရာခိုင်းတဲ့ နာမ်တရားက ဆန်းကြယ်လွန်း၍ မပိုင်နိုင်အောင် ရှိပါ
ကြောင်း”နှင့် (ဆီးပန်းနီနှင့် လယ်တီတပည့်ပီပီ) အောက်ပါ ကဗျာကလေးကိုပါ ရေးလိုက်သည်။
အသွင်ငယ်တူ၊ အရင်မူဟန်မပျက်ပါဘူ၊ သဘောမှန် ဟောရန် ခက်ပါဘိ၊
ဉာဏ်ထက်သူသုံး။

-

နာမ်စိတ်အစဉ်၊ မှန်ရိပ်လို ဘယ်ခါတွင်မှ၊ ဉာဏ်ယှဉ်ကာ

သမ္ပဇညရယ်နှင့်၊ ဒဿနာဧကန္တကို၊ မြင်ရမတုံး။(ဒဿနာဧကန္တ -သောတာ
ပတ္တိ မဂ်အစစ်အမှန်။)

လယ်တီဆရာတော်လည်း “ဝက်ရဲတောထဲက ငါ့တပည့်ကြီးခေါ်တာ သွားဦးမှပဲ”
ဟု ဆိုကာ စာပို့လာသူနှင့်အတူ သပိတ်လွယ်ပြီး ခြေလျင် လိုက်ပါကြွသွားတော်မူ၏။
ကဆုန်လဖြစ်၍ ရာသီဥတုက ပူပြင်းလှသည်။ ထိုဆရာတပည့် ထိုတော၌ပင် ထိုနှစ်
ဝါကပ်တော်မူကြ၏။ ဦးဣန္ဒက နေမကောင်း၍ ဆရာတော်ကိုယ်တိုင် ဆွမ်းခံကျွေးတော်မူသည်။

“ဟေ့....မောင်ဣန္ဒက၊ စိတ်ဟာ မျက်လှည့်ပမာ လွန်စွာ ဆန်းကြယ်တာ၊ လောက
မှာ အသုံးအဆောင်တွေ၊ အဆောက်အအုံတွေ မဆန်းကြယ်ဘူးလား၊ ဒါထက် သတ္တဝါတွေထဲမှာ
တိရစ္ဆာန်တွေဟာ ပိုပြီး ဆန်းကြယ်တယ်၊ သဏ္ဌာန်အမျိုးမျိုး၊ အရောင်အဆင်း အမျိုးမျိုး။
အဲဒီ ဆန်းကြယ်ပါတယ် ဆိုတဲ့ဟာတွေ အားလုံး စိတ်ကြောင့်ပဲ ဖြစ်ရတာချည်းပဲ၊ စိတ်က
ဖန်ဆင်း ပေးလိုက်တာ။ ဒါကြောင့် စိတ်ဟာ ဆန်းကြယ်လှပါတယ်ဆိုတဲ့ ဟာတွေထက်
ဆန်းကြယ်တယ်။ လောကမှာ အဆန်းကြယ်ဆုံးပဲ။ အဲ’တစ်လောကလုံးဟာ သူခြယ်လှယ်သလို
ခံနေကြရတယ်။ သူပဲ အုပ်စိုးနေတာမို့ သူ ့အလိုကျပဲ အကုန်လိုက်နေကြရတာ၊ ဒီစိတ်တစ်လုံး
ကို နိုင်ရင် လောကကြီးမှာ ကိုယ်ဖြစ်ချင်တာအကုန်ဖြစ်တယ်၊ ဒီလောက် တန်ခိုးကြီးတယ်၊
ပိုင်ပစေနော်။ (ခန္ဓဝဂ်၊ ဒုတိယ ဂလ ဗဒ္ဓသုတ်။)

“အသညသတ် ဗြဟ္မာကြီးတွေ နာမ်မရှိဘဲ ရုပ်ချည်းသက်သက်နဲ့ ကမ္ဘာပေါင်းများစွာ
နေနိုင်တာ၊ အရူပဗြဟ္မာကြီးတွေ ရုပ်မရှိဘဲ နာမ်ချည်းသက်သက် ကမ္ဘာပေါင်းများစွာ နေရ
တာ ဘာ့ကြောင့်လဲ၊ အဲသလိုဖြစ်ချင်တဲ့ သူတို့စိတ်ကြောင့် ဖြစ်ကြရတာ။ စိတ်ဟာ ဘာမဆို
လိုတိုင်းဖြစ်စေနိုင်တယ်။. ရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးက မဟာဂေါသိင်္ဂသုတ်မှာ
“ရဟန်းာ စိတ်အလိုကို မလိုက်ဘဲ စိတ်ကိုသာ မိမိအလိုပါအောင် ကြိုးစားပြီး လောက်
လောကုတ္တရာ သမာပတ်နဲ့ နေနိုင်မှ အင်ကြင်းတောပမာ သာသနာတော်ကြီးကို တင့်တယ်စေနိုင်
သူ ဖြစ်တယ်' လို့ ဟောခဲ့တယ်၊ စိတ်ဟာလဲ ရေလိုမြောင်းသွယ်ရာ ပါတာပဲ၊ အဲ-တစ်ခု
တော့ရှိတယ်၊ နွားကျောင်းသားကို သိကြားမင်းက လိုတဲ့ဆုကြီး ပေးနေခါမှ နွားစားကျက်လောက်
တောင်းတာလို ပါရမီဖြစ်ရုံ၊ တစ်မဂ် တစ်ဖိုလ်ရရုံဆိုတဲ့ အောက်တန်းစိတ်မထားဖို့
လိုတယ်။ စိတ်ကတော့ အမြင့်မြတ်ဆုံးအထိ လိုချင်တာကိုပေးတော့မှာ သေချာတယ်။
မယုံမရှိနဲ့။

“ပုဗ္ဗေနိဝါသ အဘိညာဉ်ရပြီး တစ်သံသရာလုံး ဖြစ်ခဲ့တဲ့ ဘဝတွေကို သိချင်ရင်
ဘာလုပ်ရသလဲ၊ သိစရာတွေ အပေါ်မှာ စိတ်ကို ဦးလှည့်ပေးရုံပဲ။ “ပုဗ္ဗေနိဝါသာယ စိတ္တံ


## PAGE 426


၃၇ဝ

ဓမ္မာစရိယ ဦးဌေးလှိုင်

အဘိနိန္ဒာမေသိ” မဟုတ်လား။ သူ ့ကိုပိုင်ရင် အလွန်လွယ်တယ်နော်။ တစ်လောကလုံး
မဖြစ်နိုင်တာ ဘာမှမရှိတော့ဘူး။ အေး-ဘုရားကျေးဇူးတွေကတော့ ဆပ်မကုန်တော့ဘူးဟေ့”
ဟု မကြာခဏ ဟောပြောပေးတော်မူ၏။

ဤပုဂ္ဂိုလ်ကြီးနှင့် ပဋိပတ်မိတ်ဆွေကောင်းကြီး ဖြစ်ရသည်မှာ ဦးဣန္ဒက အတွက်
ကံကောင်းလေစွာ့။ အရတော်လေစွာ့။

ဦးဣန္ဒကလည်း အကြောင်းအပေါင်း အခွင့်ကောင်းကြီးကို ရနေမှန်းသိသည့် အတိုင်း
မကျန်းမမာသည်ကိုပင် ဂရုမထား။ တစ်ဝါတွင်းလုံး မျက်နှာကို သင်းပိုင်ဖြင့် စည်း၍
မထတမ်း ရှုမှတ်လေတော့၏။ ဆရာတော်လည်း ထိုတော၌ တစ်ဝါတွင်းလုံး မအိပ်မနေ
နိသဇ်ဓုတင် ဆောင်လေသည်။ ဦးဣန္ဒကသည် ထိုဝါတွင်း၌ပင် စိတ်ဝိညာဉ်၏ လှည့်စားမှုကြီးကို
ကြောင်ကြောင်ကြီး ထင်မြင်လေတော့သည်၊ ရေမြေ တောတောင် တုံးတိုင် စသည်တို့
အပေါ်၌ပါ ဖုံးကွယ်သက်ရောက်လျက် ဆန်းကြယ်သော နာမ်တရား၏ သတ္တိထူးများကိုပင်
ဖောက်ထွင်း၍ မြင်၏။ မိမိတွေ့ မြင်ပုံကို ဆရာတော်အား လျှောက်ထားရာ ဆရာတော်က
သာဓုခေါ်တော်မူလေသည်။

ဝါကျွတ်လျှင် ဆရာတပည့် ဝင်္ကရဲတောကြီးမှ ထွက်ခွာ၍ ဘုတလင်မြို့ သို့ ကြွလာ
ကြသည်။ ထို၌ ခေတ္တနားနေခိုက် ဆရာတော်က ရောက်လာသည့် တပည့် ပရိသတ်တို့အား
ဦးဣန္ဒက သိမြင်ပုံကို ချီးကျူးဟောပြောတော်မူ၏။ အနာဂတ်အတွက် လမ်းကြောင်းပေးတော်
မူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဆရာတော် မုံရွာကြွလျှင် ဦးဣန္ဒကလည်း ထိုတောသို့ပင် ပြန်ဝင်

လေ၏။

တုံးနာမ် တိုင်နာမ် မရှိဘူး ရှိတယ်

၁၂၆၅-ခုနှစ်တွင် ဝက်ရဲ တောအနီး ဝက်ရဲ၊ ကူတော်၊ ရွာမွန်ရွာတို့၏ အရှေ့ဘက်
ကြောင်ပန်းတောကြီးထဲ၌ ရွှေ့ပြောင်း သီတင်းသုံးပြန်၏၊ ဒကာ ဒကာမများကလည်း
ကျောင်းသင်္ခမ်း ဆောက်လှူကြသည်။ တစ်စတစ်စ တရားဟောမှုလည်း ပြုလုပ်လေရာ
ထိုအခါမှစ၍ “ကြောင်ပန်းတောရဆရာတော်' ဟု တွင်လေ၏၊ ထိုဝက်ရဲတောတစ်ဝိုက်တွင်
၁၃-နှစ်ကျော်နေပြီးနောက် အရပ်ရပ်တောရဌာနများ၌ လှည့်လည် သီတင် သုံးတော်မူသည်။
ဝိပဿနာတရား ဟောကြားရင်း ဘုတလင်မြို့ အနောက်တောင်အရပ်၌ ကြောင်ပန်းတောရ
ဌာနကြီးတစ်ခု ဖြစ်ပေါ်လာတော့၏။

ကြောင်ပန်းတောရမှ ထွက်ခွာလာစ အလုံမြို့ အနီး ယာကြီးကုန်းတောရ၌ နေထိုင်စဉ်
ဦးထွန်းဦး၊ ဦးထွန်းလှ ဦးရန်ငြိမ်း စသော အဘိဓမ္မာဆရာများသည် ကြောင်ပန်းဆရာတော်
ဟောသော တုံးနာမ် တိုင်နာမ်နှင့် စပ်၍ အငြင်းပွားကြသည်။ ထိုအခါ အင်ကြင်းမြိုင်တောရ၌´
သီတင်းသုံးတော်မူသော လယ်တီဆရာတော် ဘုရားကြီးအား ထိုအကြောင်း လျှောက်ထားရာ
“အဆုံးအဖြတ် ငါ မပေးလို” ဟု ပယ်တော်မူ၏။

တစ်ခါက အလုံမြို့သူကြီး ဦးချောအား “ဟေ့-မောင်ချော၊ ကြောင်ပန်းရဲ့ ဉာဏ်


:
