## PAGE 433


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၇၇

ဝိနည်းအကျော် မိုးနံကုန်း ဆရာတော် ဘုရားကြီးသည် ညောင်ရမ်းမြို့ သို့ ကိစ္စတစ်ခုဖြင့်
ကြွရောက်လာ၏။ ဦးမေဓာဝီသည် ဝိနည်းတော်လာ ခါးပန်းကြိုးနှင့်စပ်၍ မရှင်းလင်းသော
အချက်များကို မိုးနံကုန်း ဆရာတော်ဘုရားကြီးအား လျှောက်ထားခွင့်ပန်၍ မေးမြန်းလေရာ
ကျေနပ်လောက်အောင် အဆုံးအဖြတ်များ မှတ်သားရရှိသဖြင့် ဆရာတော်ဘုရားကြီးထံ
လိုက်ပါ ပညာသင်ယူရန် ဆုံးဖြတ်လိုက်သည်။

အကျင့်သီလကို မြတ်နိုးလှသော ဦးမေဓာဝီအဖို ့ ဝိနည်းပိဋကနှင့် အကျင့်သီလအရာ၌
ထင်ရှားကျော်ကြားသော မိုးနံကုန်း ဆရာတော်ဘုရားကြီးနှင့် ကြုံကြိုက်ရသည်မှာ အခွင့်
သာလှပေ၏။

“ပညာချွန်လိုသူတို့သည် ရှင်သာရိပုတြာထံ၊ တန်ခိုးဣဒ္ဓိပါဒ် ကျွမ်းကျင်လိုသူတို့သည်
ရှင်မောဂ္ဂလာန်ထံ၊ ခုတင်ပဋိပတ် ဖြည့်ကျင့်လိုသူတို့သည် ရှင်မဟာကဿပထံသို့” ခိုလှုံ
မိလျက်သား ဖြစ်ကြရသည်။

အင်အားရှိသောခေတ်နှင့် အင်အားကြီးမားသော ပုဂ္ဂိုလ်ထူးများကို မှီခိုရခြင်းသည်
ကံရှိသူတို့အတွက် ပိုမို၍ အကျိုးစီးပွား များစေ၏။ ကံနည်းသူတို့အတွက်ကား ရံခါ ပို၍ပင်
အကျိုးဆုတ်ယုတ်သွားစေတတ်သည်။ ဥပမာ မီးနှင့် လျှပ်စစ်ကဲ့သို့တည်း။ (အရိယူပဝါဒ
ကံကိုလည်း ထိုဥပမာနှင့် အတူ သဘောသက်ဝင်သင့်၏။)

ဦးမေဓာဝီသည် ရဟန်းငါးဝါအရတွင် နောင်တော်၏ ခွင့်ပြုချက်ကိုယူ၍ ပျော်ဘွယ်မြို့
အရှေ့တောင် နှစ်မိုင်ခန့် ဝေးကွာသော မိုးနံ့ကုန်းရွာ ကျောင်းသို ့ ရွှေ့ပြောင်း သီတင်းသုံးသည်။

ဝိနည်းအကျော် မိုးနံကုန်း ဆရာတော်

ဤနေရာ၌ မိုးနံကုန်း ဆရာတော်ဘုရားကြီး အကြောင်းကို အနည်းငယ် ဖော်ပြရန်
လိုအပ်၏။ ရမည်းသင်းမြို့နယ် (ရွှေဒါးဘူတာအနီး ပေကုန်းရွာကြီးအရှေ့ဘက်ရှိ) ညောင်ပင်သာ
ခေါ် ရွာပိုးကလေး ဇာတိဖြစ်သည်။ (ယခု ထိုရွာမရှိတော့ပြီ။) ဦးအင်းနှင့် ဒေါ်ဘုံကြီး
(ဒေါ်အေး) တို့မှ ၁၂ဝ၉-ခုနှစ် ဖွားမြင်၏။ ပေကုန်းရွာ ဝန်းကျောင်းတိုက် ဦးဉာဏထံ
ပညာသင်ယူသည်။ ရှင်သာမဏေဘွဲ့ ရှင်ဇယန္တ ။ ရှင်သာမဏေဘဝဖြင့် ရတနာပုံနေပြည်တော်သို့
ကြွ၍ ဒက္ခိဏာရာမ ဘုရားကြီးတိုက် ပုဂံညောင်ဦး ဆရာတော် ဦးသုတထံ ပိဋကသင်သည်။
ရဟန်းဝါ ဆယ်ဝါကျော်လျှင် အရှေ့ပြင် စလင်းတိုက်၌ ပထမစာတော်ချအဖြစ် ပြောင်းရွှေ့
သီတင်းသုံး၏။ စကြာဒေဝီ မိဖုရားကြီးက ကိုးကွယ်၍ နေ့စဉ် ပွဲတော် ဆွမ်းအုပ်နှင့် ပစ္စည်း
လေးပါး ဒကာခံယူသည်။

သီပေါမင်းလက်ထက်တွင် ငယ်ဆရာရင်း ဦးဉာဏထံ ပြန်လည်၍ တစ်ဝါဆို၏။
နောက် မယ်တော်နှင့် ဆွေမျိုးများရှိရာ ပျော်ရွာ၊ ပိတောက်ကုန်းရွာသို့ကြွရောက် သီတင်းသုံး
သည်။ ကျောင်းလည်း ဆောက်လှူကြသည်။ ထိုကျောင်းတွင်လည်း ခေတ္တမျှသာနေ၍
တပည့်ဖြစ်သူ ဦးဇောတအား လွှဲအပ်ကာ မိုးနံကုန်းရွာသို့ ရွှေ့ပြောင်း သီတင်းသုံးလျက်


## PAGE 434

၃၇၈


ဓမ္မာစရိယဦးဌေးလှိုင်

စာသင်တိုက် တည်ထောင်သည်။ (ဦးဇောတလည်း ၁၂၅၅-ခုနှစ်တွင် ပျော်ရွာ အရှေ့ဘက်သို့
တောရထွက်လေ၏။) မိုးနံကုန်း ဆရာတော်ဘုရားကြီးကား “မိုးနံကုန်းဂိုဏ်းအုပ် ဆရာတော်
ဟု ထင်ရှား၍ ဝိနည်းပိဋကအရာ၌ ကျော်ကြားတော် မူခဲ့၏။

သီလကို မြတ်နိုးသော ဆရာတပည့်

မိုးနံကုန်း ဆရာတော်သည် ဦးမေဓာဝီအား ပထမတွင် ဥပဓိရုပ်ကို ကြည့်၍
“ကြီးပွားမည့်သူ” ဟု ယူဆကာ အထူးအရေးပေးတော်မူ၏။ မကြာမီအတွင်း မိမိယူဆသည်
ထက်ပင် ထူးခြားသည့် ပဉ္စင်းငယ်ဖြစ်ကြောင်း တွေ့မြင်ရသည်။ ဦးမေဓာဝီသည် ရဟန်းသီလကို
စောင့်စည်းရာ၌ ဝိနည်းအကျော် မိုးနှံကုန်း ဆရာတော်ကြီး ချီးကျူးလောက်အောင် လေးစား
ရိုသေ၏။

“ဘုရား ပညတ်တော်မူသော အာပတ်ဟူသမျှ သေးငယ်သော အာပတ်ဟူ၍ မရှိ။
သေးငယ်သော အာပတ်ကို အရေးမမူလျှင် ကြီးလေးသော အာပတ်ကိုလည်း အရေးကြုံက
လုံနိုင်မည်မဟုတ်။ ကြီးလေးသည်ကိုနိုင်လျှင် သေးငယ်သည်ကို အလိုလို စောင့်စည်းပြီး
ဖြစ်ရမည်” ဟု ဦးမေဓာဝီက တစ်ထစ်ချ ယုံကြည်လျက်ရှိသည်။

အင်အားနည်းသော ဗီလုံးငှက်ငယ်အတွက် မပြောပလောက်သော နွယ်ကြိုးအချည်
အနှောင် ခံရခြင်းသည် ကြီးမားခိုင်ခန့်သော ထိတ်ခတ်တုံးကြီးသဖွယ် ဖြစ်၍ ထိုနေရာ၌ပင်
အသက်သေသည်အထိ ရောက်နိုင်၏။ သို့ရာတွင် အားကောင်းသော ဆင်ပြောင်ကြီးအတွက်ကား
ထိုနွယ်ကြိုးအနှောင်အဖွဲ့သည် မှုလောက်သည် မဟုတ်ချေ။ (လ ျကိကောပမသုတ်၊ ပဏ္ဏာသ။)

ထို ့အတူ အာဒိဗြဟ္မစရိယက (ပထမဆုံး မကျင့်လျှင် မဖြစ်သော) သီလ သာသနာ-
ဝိနည်း သိက္ခာပုဒ်တော်များသည် ဘုရားရှင်၏ မဟာကရုဏာ၊ သဗ္ဗညုတဉာဏ် အပေါ်နှင့်
တရားတော်၏စွမ်းရည်ကို ချီတုံချတုံ မယုံတစ်ဝက် ယုံတစ်ဝက် လေးနက်သော သဒ္ဓါဝီရိယ
မရှိသူတို့အတွက် ကြီးမားခိုင်ခံ့သော ထိတ်ခတ်တုံးကြီးများသဖွယ် ဖြစ်သော်လည်း ဦးမေဓာဝီ
အတွက် ပေါ့ပါးလှပေသည်။ တမင်အောင့်အည်း၍ စောင့်စည်းနေရခြင်းမရှိသဖြင့် ညီလာခံ
သဘင်ဝင်သော မင်းပျို၊ မင်းလွင်သည် ချပ်ဝတ်တန်ဆာ ဒွါဒရာကို အသာပင် ဆင်မြန်း၍
လန်းဆန်း တက်ကြွနေသကဲ့သို့တည်း။

ပိဋကသင်ရိုးကျေသော ဦးမေဓာဝီ

မိုးနံကုန်းဆရာတော်သည် ဦးမေဓာဝီ အနေအထိုင် ပိရိသေဝပ်ရုံမျှမက လုံ့လဝီရိယ
ရှိသည်ကိုလည်း မြင်တွေ့ ရသဖြင့် သီးသန့်ကျောင်းတစ်ကျောင်း၌ နေစေကာ စာဆိုတော်အဖြစ်
ချီးမြှင့်၏။ (စာဆိုတော်ဟူသည် စာအတူလိုက်သူများတွင် ဆရာချပေးသည့် အတိုင်း
အားလုံးကိုယ်စား ရွတ်ဆိုရသူ ဖြစ်သည်။ ထိုသူမျိုးသည် ကြို၍ ပို၍ ကြည့်ရှုထားရသဖြင့်


## PAGE 435


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၇၉

ပို၍ စာတတ်လာနိုင်သည်။) နေ့အခါတွင် သမ္ဗန္ဓစိန္တာ စသော သဒ္ဒါငယ်များမှအစ
ဝိနည်းငါးကျမ်း ပါဠိ အဋ္ဌကထာ၊ အဘိဓမ္မာ အဋ္ဌကထာတို့ကို သင်ကြားရ၏။ ညဘက်၌
အဘိဓမ္မာ ညဝါများကိုတက်ရသည်။

“အဘိဓမ္မာညဝါ” ဟူသည် ဘုန်းကြီး စာသင်နည်းတွင် ထူးခြားသော သင်တန်းစာဝါ
တစ်မျိုး ဖြစ်သည်။ အဘိဓမ္မာ ခုနစ်ကျမ်းလာ သရုပ်သကန် အနက်အဓိပ္ပာယ် များကို
ခြုံငုံမိအောင် မြန်မာစကားပြေအဖြစ် ဆိုရိုးကျမ်းများ ရှေးကပင် ရှိခဲ့ကြ၏။ ထိုဆိုရိုးကျမ်းများကို
ခေတ်အဆက်ဆက် ပြုပြင် သင်ကြားပို ့ချခဲ့ကြရာ “အဘိဓမ္မာ မြန်မာအဋ္ဌကထာ' ဟု ဆိုရ
လောက်အောင် လွယ်ကူ၍ လေးနက်သော ကျမ်းများ ဖြစ်ကုန်၏။ အဘိဓမ္မာ ဝေါဟာရတစ်လုံး
သဘောတရား တစ်ခုကို သုံးသပ်ဝေဖန်ရာ၌ “အစစ်ကောက်၊ အတုကောက်၊ ရသင့်ကောက်'
ဟူ၍ ဖြစ်နိုင်သမျှ အစွမ်းကုန် သရုပ်အဓိပ္ပာယ်ကို ပြဆိုထားရာ အဋ္ဌကထာ၊ ဋီကာဆရာတို့ကိုပင်
လွှမ်း၍ သွားပေတော့သည်။ အဋ္ဌကထာ၊ ဋီကာဆရာတို့ မတွေ့မြင်ခဲ့သော အသေးစိတ်
ကလေးများမှအစ ဗုဒ္ဓအဘိဓမ္မာကို အပြည့်စုံဆုံး အကျဉ်းရုံး၍ အကောင်းဆုံးသော
သင်ကြား လေ့လာနည်း စနစ်သစ်တစ်ခုကို မြန်မာတို့ တီထွင်နိုင်ခဲ့ကြ၏။

ထိုအဘိဓမ္မာ ညဝါကို ဆရာ့ဆီ၌ သင်ယူကြရသည်။ ညဝါဆိုသည့်အတိုင်း ဆရာရော
တပည့်များပါ ထွန်းညှိထားသော မီးကိုပင် ငြိမ်းသတ်၍ ညမှောင်နှင့် မည်းမည်းတွင်
သင်ယူကြရသည်။ သရုပ်အဓိပ္ပာယ်ကို စဉ်းစား၍ စဉ်းစား၍ ရွတ်ဆိုရသည်ဖြစ်ရာ ညအမှောင်က
ပေးသော သမာဓိသည် နက်နဲလှသော အဘိဓမ္မာဉာဏ်ပညာကို နှိုး၍ပေးနေ၏ ဆရာ့ထံက
ပြန်လျှင် သုံးပါးလေးပါးတစ်တွဲ ဖြည်းဖြည်းမှန်မှန်နှင့် စဉ်းစားဉာဏ်ကို ဆုပ်ကိုင်ကာ
တစ်ပြိုင်နက် ရွတ်ဆိုကြရသည်။ ရဟန်းသာမဏေငယ်တို့သည် အဘိဓမ္မာကြီး ခုနစ်ကျမ်း
(တစ်ဆယ့်နှစ်အုပ်) ကို ဤသင်ယူနည်းဖြင့် အချိန်တိုတိုနှင့် လိုရင်းမိအောင် အချောကိုင်
သင်ယူလေ့လာခဲ့ကြရသည်။ ဘယ်မှာမှမရှိသော သင်နည်းစနည်းများကြောင့် မြန်မာတို့သည်
ဗုဒ္ဓစာပေ၌ လှုပ်၍မရအောင် တောင့်ထားနိုင်ခြင်း ဖြစ်သည်။

ဦးမေဓာဝီသည် ဤနည်းဖြင့် သင်ယူခဲ့ရာ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ မည်သည့်
ဘာသာတွင်မျှ လိုလေသေးမရှိ၊ ကျမ်းရိုးကျေ၍ပင် နေတော့သည်။ ညဝါတက်ပြီး ဆရာတော့်
ကျောင်းမှ ဆင်းခဲ့သော်လည်း မိမိနေသောကျောင်းပေါ်သို့ မတက်သေး၊ ရှေးကကျက်မှတ်
ထားခဲ့သော ဝိနည်းငယ်လေးစောင်၊ အဘိဓာန် စသည်တို့ကို တစ်ညလျှင် နှစ်မျိုး၊ သုံးမျိုး
အလှည့်ပေး၍ လမ်းလျှောက်ရင်း ရွတ်အံရသည်။ အံဖန်များသဖြင့် ကလေးဘဝကရသော
သဒ္ဒါ၊ သင်္ဂြိုဟ်များမှာ နှစ်နှင့်ချီ၍ မရွတ်အံဘဲ ထားသော်လည်း မမေ့တော့ချေ။

ကျင့်ဝတ်ပြည့်စုံ သီလလုံ

ညစဉ်-ဆယ်နာရီထိ ရွတ်အံပြီးလျှင် ခေတ္တရပ်ဆိုင်းကာ ဆရာတော်ကြီးထံ သွား၍
ခြေဆုပ်လက်နယ် နင်းနှိပ်ပေး၏။ တစ်နာရီခန့်ကြာ၍ ဝတ်ဖြည့်ပြီးလျှင် ကျန်သော

