## PAGE 436


၃၈ဝ

ဓမ္မာစရိယ ဦးဌေးလှိုင်

စာကို ဆက်၍ ရွတ်အံပြန်သည်။ လသာသော ညများတွင် ရှင်ငယ် ရဟန်းငယ်များ စာအံ
ကြသည်မှာ ကြည်နူးစရာ ကောင်းလှ၏။ သန်းခေါင်ကျော်မှ စာအံသံများ တိုးသွားတော့သည်။
သစ်ပင်အောက် ကွပ်ပျစ်၌ ထိုင်သူ ထိုင်၍ လမ်းလျှောက်သူ လျှောက်နေကြ၏။ ပရိယတ္တိ
ကျေးဇူးရှင်ကလေးများပါပေ။

ဆယ့်တစ်နာရီ ကျော်လျှင် ဦးမေဓာဝီသည် စာပြန်မှုတစ်ခန်းရပ်၍ ကျောင်းကလေး
ပေါ်သို့ တက်ပြီးနောက် ပုဏ္ဏားမီးအိမ်ကလေးကို ထွန်းညှိလိုက်သည်။ ဆရာတော် ပြောကြားသမျှ
ခက်ရာခက်ဆစ် စာအဓိပ္ပာယ်များကို ပြန်လည်စဉ်းစားကာ ဗလာစာအုပ်များ၌ မလွတ်တမ်း
တေးမှတ် အချောတင်ထားသည်။ ပြီးလျှင် စုပေါင်း၍ ဘုရားဝတ်တက်ခဲ့ပြီးစေကာမူခေတ္တမျှ
ဘုရားကန်တော့၍ မေတ္တာဘာဝနာ ပွားများ၏။ ပြီးမှ နေ့စဉ် ရှုပွားနေကျ (ကေသာ-
လောမာ စသော) ကောဋ္ဌာသ ကမ္မဋ္ဌာန်း ရှုပွားသည်၊ ပြီးလျှင် တစ်နာရီခန် ့သာ အိပ်၏။
အလွန်ဆုံး နှစ်နာရီထက် ပို၍ အိပ်သည်မရှိ။

နံနက် သုံးနာရီမထိုးမီပင် အိပ်ရာမှထ၏။ ဆရာတော်ကြီးမျက်နှာသစ်ရန် မျက်နှာသုတ်
ပဝါကို ပခုံးပေါ် တင်လျက် ရေချိုင့်အဖုံးပေါ်၌ ဒန်ပူနှင့် ဆားပန်းကန်တင်၍ ယူဆောင်ကာ
ဆရာတော်ကြီး ကျောင်းလှေကားရင်း၌ တံခါးမဖွင့်မချင်း စောင့်ဆိုင်းနေ၏။ မေတ္တာကမ္မဋ္ဌာန်း
ကို နှလုံးသွင်းရင်း ငံ့လင့်နေရာ သုံးနာရီထိုးလျှင် ဆရာတော်ကြီးက တံခါးဖွင့်ပေး၍
မျက်နှာသစ်တော်ရေ ဆပ်ကပ်ရသည်၊ မပြီးမချင်း အနီးအပါး၌ ရိုသေစွာ စောင့်လင့်၍
နေရာတကျ သိမ်းဆည်းကာ ဦးချပြီး မိမိကျောင်းကလေးသို့ ့ပြန်ခဲ့၏။

ကျောင်းကလေးသို့ ပြန်ရောက်လျှင် ညဦးက စာအဓိပ္ပာယ် မှတ်သားချက်များကို
ပြန်ကြည့်၍ ကျန်နေသေးလျှင် စဉ်းစား၍ ဖြည့်စွက်ရေးမှတ်ပြန်သည်။ ပြီးလျှင် ကောဋ္ဌာသ
ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းဖြင့် မိုးလင်းစေသည်။

"

ဤကား စာသင်သားငယ် ဦးမေဓာဝီ၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်များဖြစ်၏။

“ကျင့်ဝတ်မဖြည့် သီလမပြည့်၊ သီလမပြည့် သမာဓိမတည်။ သမာဓိမတည်
ပညာမရ၊ ပညာမရ နိဗ္ဗာန်မရောက်” ဟူသကဲ့သို့ ဦးမေဓာဝီ၏ စာသင်သားဘဝသည်
စာသင်ကာမတ္တ မဟုတ်ချေ။ ဘယ်အရာမျှ လိုနေသည်ဟူ၍ မရှိ။ ပဋိပတ် အထိန်းမပါသော
ပရိယတ်၏ မခိုင်မာပုံကို သာဓကပေးသကဲ့သို့ ရှိ၏။ ပဋိပတ် အဖုံးမပါသော
ပရိယတ်ရေအိုးသည် ပိုး၊ အမှိုက်ကျလွယ်သည်။

လူတို့အတွက် အိမ်ရှေ့တံမြက်လှည်းခြင်း၊ လမ်းသွားရင်း ဆူးခက် ဖယ်ရှားသွားခြင်း၊
မိဘ-သားမယား တို ့အတွက် စီးပွားရှာရခြင်း၊ ယုတ်စွာ့အဆုံး ကလေးငို၍ ချော့ရ
ထိန်းရခြင်းအထိ ‘သီလ (ဝါ) စရဏ ကုသိုလ်တွေပါလား' ဟု သဘောပေါက်ရန် လိုပေ
သည်။ မလွှဲမရှောင်သာ၍ လုပ်ရသောအလုပ်ပင် ဖြစ်စေကာမူ အသိဉာဏ်ပါလျှင် တန်ဖိုး
ကြီးမြတ်သွားတော့သည်။ အသိဉာဏ် အသိမှန်သည် အရေးကြီးစွာ။ မသိ၍ ဆင်းရဲကြရ၏။
သိလျှင် ချမ်းသာမဆုံး။

နေ့ခင်း နေ့လယ်တွင် ဦးမေဓာဝီအတွက် နေ့စာဝါများက တစ်ပတ်ကျော့၍


## PAGE 437


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၈၁

လာတော့သည်။ ကြာလာသောအခါ စာ၏ဒဏ်ကြောင့် ပါဒရက် ကိုင်ကာ ဒူးခေါင်းအထိ
အေးစက်လာ၏။ သွေးလေမလျှောက်၍ သွားရလာရသည်မှာ ဘောက်ဆတ်ဆက် ငတ်တတ်
တတ် ဖြစ်လာသည်။ ထိုအခါ ရေနံချေးကို မီးကင်နေလှန်း၍ ဒူးခေါင်းအထိ သုတ်လိမ်းပြီးလျှင်
ကျောင်းကလေး အနောက်ဘက် ပြတင်းပေါက်ကိုဖွင့်၍ ခြေထောက်ကို နေလှန်းရ၏။ ရံခါ
မိမိဇာတိရွာသို့ပင် ပြန်၍ ဆေးဝါးကုသခံရသည်။ မလှမ်းနိုင်သော ခြေထောက်များက
တောထွက်ရန် သတိပေးနေကြ၏။

စာအံစာရွတ် ဆရာ့ဝတ် ကျောင်းဝတ်များကို နေ ့စဉ် လုပ်မြဲတိုင်း လုပ်ဆောင်ခဲ့သည်မှာ
၁၅-နှစ်လုံးလုံး ဖြစ်၏။ ဝါတော်လည်း ၂၀-ရှိလေပြီ။ ဝါတော် ၂၀-ကျော်သော်လည်း
မျက်နှာသစ်တော် ရေကပ်ခြင်းစသော ဆရာ့ဝတ်များကိုကား လုပ်မြဲလုပ်တော်မူ၏။ ပရိယတ်
ပဋိပတ် ပြည့်စုံ၍ လုံ့လဝီရိယ ကြီးမားသဖြင့် ဆရာသမား အားကိုးခြင်း ခံရသူပီပီ
မဟာထေရ် (ဝါ-၂ဝ) ဖြစ်သော အချိန်မှ စ၍ မိုးနံကုန်းကျောင်းတိုက်ကြီး အုပ်ချုပ်ရေး
အရပ်ရပ်ကို လွှဲအပ်ခြင်း ခံရပြန်လေသည်။

ထိုအခါ နေ့စဉ် ဝတ္တရားများ ပို၍ပင် များပြားလာ၏။ စာချခြင်း၊ တရားဟောခြင်း,
အနယ်နယ်အရပ်ရပ်မှ အမေးပုစ္ဆာ ပြဿနာရပ်များကို ဖြေကြားရခြင်းစသည်။ ကျောင်းသံဃာ၊
ရပ်ရွာ ဒကာ ဒကာမများ၏ တာဝန်မျှမက မိုးနံကုန်းတစ်ဂိုဏ်းလုံး၏ သာသနာပြု တာဝန်
တို့သည် ကြီးလေးစွာ ဖိလာကုန်၏။

ပဓာန အလုပ်နှင့် အပဓာနအလုပ်

ဦးမေဓာဝီသည် သာသနာရေးအလုပ်များ ဆောင်ရွက်နေရသည်ကို ပင်ပန်းသည်ဟူ၍
မထင်ချေ။ သို့ရာတွင် ဘဝတစ်သက်တာ၌ အရေးအကြီးဆုံးသော ပဓာန အလုပ်
(ကမ္မဋ္ဌာန်းအလုပ်) ကြီးအတွက် အနုတ်လက္ခဏာ ပြနေသည်ကို တွေ့ ရသောအခါ ခေါင်း
နပမ်းကြီး၍လာ၏။ အသက်တော်လည်း မွန်းယိမ်းနေပြီ ဖြစ်၍ ရိုးရာ သာသနာရေးအလုပ်များကို
စဉ်းစားမိတိုင်း ကြက်သီးထနေမိ ရှာ၏။ နေ ့ရှိသမျှ တောထွက်ရန် အကြံကြီးသည်
ပျောက်ကွယ်၍ မသွားသည့်အပြင် ပို၍ပင် ကြီးထွားလာလေတော့၏။

“ဦးမေဓာဝီ၊ ပရိယတ္တိကိုလဲ တတ်အောင်သင်၊ ကိုယ်တတ်ပြီးတော့ တစ်ဆင့်ပို့ချပြီး
ပရိယတ္တိကိုလဲ ဆောင်ရမှာပဲ။ ဒါပေမယ့် တစ်သက်လုံး ပရိယတ္တိနှင့်ချည်း အရိုးထုပ်သွားရ
မှာကတော့ နဲနဲမှ မတော်ဘူး။ အပန်းတကြီးနှင့် တောင်ယာတွေခုတ်ထွင်၊ နေပူမိုးရွာမရှောင်
ထွန်ယက်စိုက်ပျိုး၊ သီးနှံတွေ ရိတ်သိမ်း၊ ကျီကြထဲသွင်းပြီးခါမှ ကိုယ့်လုပ်စာ ကိုယ်မစားရဘဲ
သေသွားရတဲ့ တောင်သူကြီးလို ဖြစ်နေမယ်ဗျ။ ဦးမေဓာဝီ စာတွေလဲတတ် ပါရမီလဲရှိ၊
သိလဲသိ၊ လုပ်လဲလုပ်နေသားပဲလေ” ဟု တစ်ခါက လင့်စင်ကုန်း ဆရာတော်ကြီး အမိန့်
ရှိဖူးသော စကားကို ကြားယောင်နေမိ၏။ သို့နှင့် မိုးနံကုန်း ဆရာတော်ကြီးအား တော
ထွက်ခွင့်ပြုရန် အရဲစွန့်၍ လျှောက်ထားသည်။ သို့သော်, ခွင့်ပြုချက် မရ။


## PAGE 438


၃၈၂

ဓမ္မာစရိယ ဦးဌေးလှိုင်

“ဦးမေဓာဝီ တောထွက်ဖို့ဆိုရင် တပည့်တော်ဘက်က အချိန်မရွေးဘဲ။ ကိုယ်တော်
သန်းခေါင်လာ၊ သန်းခေါင်ထလိုက်မယ်” ဟု ပြောဆိုကတိ ရှိဖူးသော လင့်စင်ကုန်းဆရာတော်၏
တိုက်တွန်းစကားကြောင့် မိုးနံကုန်းဆရာတော်ကြီးအား အကြိမ်ကြိမ်လျှောက်ထားရာ ကျေနပ်စွာ
ခွင့်ပြုလိုက်သဖြင့် သပိတ်ကို လွယ်ကာ လင့်စင်ကုန်းရွာ (ပျော်ဘွယ်မြို့ မြောက်ဘက် ရှမ်းရွာ
ဘူတာအရှေ့) ဘက်သို့ ထွက်ခွာလာခဲ့သည်။ လင့်စင်ကုန်းဆရာတော်သည်လည်း အမြဲတမ်း
သံယောဇဉ် ပါးနိုင်သမျှ ပါးအောင် ဖြတ်တောက်ကာ ပဓာနအလုပ်ကြီးကို လုပ်နေသူပီပီ
ဦးမေဓာဝီကို မြင်သည်နှင့် ဝမ်းသာအားရ ခရီးဦးကြိုဆို၏။

လင့်စင်ကုန်း ဆရာတော်လည်း ချက်ချင်းပင် ဆုံးဖြတ်ကာ သုမေဓာ သူဌေး
ဘဏ္ဍာတိုက်ဖွင့်ကာ အလှူပေးသကဲ့သို့ မိမိပုဂ္ဂလိကပိုင် ရှိပစ္စည်းအားလုံး လှည်းအစီး
သုံးဆယ်ကျော်တိုက်ခန့်ကို တစ်ခုပြီးတစ်ခု ထမ်းသယ်၍ ကျောင်းရှေ့တလင်း ပြင်၌
အဆင်သင့် ပုံချထားလိုက်သည်။ မိမိမှာမူ သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးထည်မျှသာ
ယူဆောင်၍-

"

“ကဲ- ဦးမေဓာဝီရေ၊ ဒီပစ္စည်းတွေလဲ အလိုရှိသူ ယူကြပစေ၊ တပည့်တော်လဲ
“ဇိတံမေ' ဖြစ်ပြီ။ အရှင်ဘုရားလို ကလျာဏမိတ္တ (မိတ်ဆွေကောင်းကြီး) ရလို့မှ နိက္ခမ
ပါရမီကြီး မဖြည့်ဆည်းနိုင်ရင် နေရာမကျဘူး။ ကဲ-သွားကြစို့” ဟု ဆိုကာ နှစ်ပါးအတူ
သပိတ်ကိုယ်စီလွယ်၍ ရှမ်းစုရွာ အနောက်ဘက်ရှိ “မင်းလိုတောင်” သို့ ထွက်ခွာခဲ့ကြ၏။
ရပ်ရွာ မည်သည့် ဒကာ ဒကာမကိုမျှ အသိမပေးခဲ့တော့ချေ။

“ထီးကလဲ လိုသည်၊ မင်းကလဲ လိုသည်၊ ထီးလိုမင်းလို" ဆိုသကဲ့သို့ နှစ်ပါးအတု
ထွက်ခဲ့ရာ သင့်တော်ရာ သစ်ပင်ရင်း၌ ရှင်းလင်းနေရာယူ၍ ကြည်ဖြူအေးချမ်းစွာ တရား
ကိုယ်စီနှင့် သီတင်းသုံးတော် မူကြကုန်၏။

မင်းလိုတောင်ထက်မှ ဗိသုဒ္ဓိမဂ်သံ

မည်သို့ပင် စွန့်လွတ်နိုင်သည်၊ ဆင်းရဲချမ်းသာ ခံနိုင်ရည်ရှိသည်၊ တရားအလုပ်၌
စိတ်ကို ဒုန်းဒုန်းချ၍ ဝီရိယရှိသည်၊ စဉ်းစားဝေဖန် အသိဉာဏ်ရှိသည်´ ဆိုစေ၊ အမွှေ
ဓာတ်တို့၏ သဘောသည် သိနိုင်ခက်လှ၏။ အကျိုးဆောင်သော မိတ်ဆွေသဖွယ် ဝင်လာ
တတ်၏။

အနှောင့်အယှက်သည် အဝေးမှလာလျှင် မြင်လွယ် ရှောင်လွယ်၏။ အနီးမှ လာလျှင်
မြင်ဒက် ရှောင်ခက်၏။ မိမိသန္တာန်ထဲကပင် ထွက်ပေါ်လာခဲ့သော် ပို၍ အမြင်ခက်၊
အရှောင် ခက်တတ်သည်။

ယင်းတို့ကို “နီဝရဏ” ဟူ၍လည်းကောင်း၊ “ဥပက္ကိလေသ” ဟူ၍လည်းကောင်း၊
“မာရ် ၁ဝတပ်” ဟူ၍လည်းကောင်း၊ ‘စောတောခိလ၊ စေတောဝိနိဗန္ဓ” ဟူ၍ လည်းကောင်း၊
“ဗြဟ္မစာရူပဒ္ဒဝ” (စသည်) ဟူ၍လည်းကောင်း အမည်အမျိုးမျိုးဖြင့် ဟောကြား ပြောဆိုကြရ၏။

