## PAGE 442


၃၈၆

ဓမ္မာစရိယ ဦးဌေးလှိုင်

ဦးမေဓာဝီသည် ကိုရင်ငယ်ကလေးပမာ ဆရာ၏ ဝတ်ကြီးဝတ်ငယ်ကို ပြုမြဲပြုသည်။
ကောဋ္ဌာသ ကမ္မဋ္ဌာန်း၊ ပထဝီကသိုဏ်းတို့ကို ကြိုးကြား ကြိုးကြားသာ ရှုပွား၍ ပင်တိုင်
(ပဓာန၊ မူလ) အားဖြင့် အာနာပါနကို ရှုပွားတော်မူသည်။ ဘုရားဝတ်၊ ဆရာ့ဝတ်နှင့်
ဆွမ်းခံဝတ်များကို ဆောင်ရွက်ရသော အခါမျိုးတွင်ကား သတိပဋ္ဌာန် (ဣရိယာပထနှင့်
သမ္ပဇညပိုင်း) ကို ရှုမှတ်တော်မူ၏။ ရံခါ သစ်ရွက်မိုး လေးတိုင်စင် ကျောင်းကလေးတွင်
လည်းကောင်း၊ ရံခါ ချုံကြီးများအတွင်းသို့ ဝင်၍လည်းကောင်း ရှုပွားတော်မူရ၏။
နေရာဒေသလည်း ကြမ်းတမ်းလှသည်။ အစားအသောက်များလည်း ခေါင်းပါးလှ၏။

“ဆရာတော်ကြီးနှစ်ပါး တောထွက်သွားကြပြီတဲ့” ဟူသော သတင်းသည် ရက်ပိုင်း
အတွင်း ပြန့်ပွားသွား၏။ အနယ်နယ်ရှိ တပည့်ကြီးများ ကိုယ်ပိုင်ကျောင်းတိုက်များကို
စွန် ့ပယ်ကာ နည်းခံကျင့်ရန် လာကြရာ ရက်ပိုင်းအတွင်း ဆယ်ပါးခန့် ရှိလာ၏။ ဦးမေဓာဝီ
စိတ်ထဲတွင် လေး၍သွားသည်။ မိမိကဲ့သို့ ဝါ ၂၀-ကျော် စာတတ်ပေတတ် ကျောင်းပိုင်တိုက်ပိုင်
ဆရာတူအတူနေ မထေရ်ကြီးများဖြစ်၍ မငြင်းသာတော့ပေ။ ဆရာတော်ကြီးကိုလည်း
ပင့်လာမိခဲ့ပြီဖြစ်၍ ယခင်တစ်ခါကဲ့သို့ ထွက်သွားရန်လည်း မဖြစ်တော့ပြီ။ ဗြဟ္မစာရူပဒ္ဒဝ
(အကျင့်ဘေးရန်) ရှောင်၍ မရသော အမွှေဓာတ်ကား အကြပ်ကိုင်လေတော့၏။ ထိုအခါ
ရှောင်၍ မရသည့်အတူတူ ဆရာ့ဝတ်၊ သံဃာ့ဝတ်များလာသည်နှင့်အမျှ ကမ္မဋ္ဌာန်း ဝီရိယကိုလည်း
မရှောင်ဘဲ ထိပ်တိုက်တိုး၍ ရင်ဆိုင်သည့်ပမာ တိုးမြှင့်၍ပင် ကြိုးစားတော်မူရလေသည်။

“တပည့်တော်များကို ကမ္မဋ္ဌာန်း ပေးတော်မူပါဦးဘုရား” ဟု အာဂန္တုကဘုန်းကြီးအချို့က
ဆရာတော်ကြီးထံမှ ဝတ်ဖြည့်ပြန်လာသော ဦးမေဓာဝီအား အခွင့်ချောင်း၍ တောင်းပန်
ကြပြန်သည်။ နေဝင်ရိုးတရီတွင် သစ်ပင်အောက်၌ ထိုင်၍ - ကမ္မဋ္ဌာန်း အားထုတ်သူများ
ရှေးဦးစွာ လုပ်ရမည့်·ပရိကံဝတ်တက်၊ မေတ္တာပွား အမျှဝေခြင်း စသည်တို့ကို ညွှန်ကြား၏။
ပြီးလျှင် အာနာပါနရှုပွားပုံကို ဟောပြသည်။ စာတက်၊ စာချခြင်း ကိစ္စများ မရှိသဖြင့်
အချိန်ပြည့် အားထုတ်တော်မူကြရ၏။

“အရှင်ဘုရားများ စာတတ်ပြီးဖြစ်၍ အထူးပြောပြရန် မလိုပါ။ ဝီရိယရှိရှိ ယုံယုံ
ကြည်ကြည်နှင့် လုပ်ဖို ့ပဲလိုပါတယ်။ သာတစ္စကာရီ=စွဲစွဲမြဲမြဲ တစ်စပ်ထဲ ရအောင်လုပ်ဖို့
အရေကြီးသလို၊ သက္ကစ္စ ကာရီ=လေးလေးစားစား လုပ်ဖို ့လဲ လိုပါတယ်။ သံတုံးကို အပ်
ဖြစ်အောင် သွေးတဲ့ ယောက်ျားလို အထပ်ထပ်ဆင်ခြင်ရပါမယ်။ သတ္တဝါတို့သဘောဟာ
မြစ်ရေယဉ်လို စိတ်အလိုတိုင်း ဖြစ်နေကြပြီး ရေကိုဆန်အောင်လုပ်ရတာ ခက်သလို မိမိတို့
ပကတိ ဖြစ်ပွားနေတဲ့ အမိဝမ်းတွင်းပါ စိတ်ကြိုက်ကို မလိုက်ပါမိအောင် တားမြစ်ဖို့က
မလွယ်ဘူး။ ဒါကြောင့် နှာသီးဝမှာ စိတ်ကို အမြဲစိုက်ထားပြီး ထွက်လေဝင်လေကို မှတ်သိ
နေလျှင် အခြားစိတ်တွေကို အထူးမနှင်ရဘဲနှင့် အလိုလို ရေညာဆန်တက်လာပါလိမ့်မယ်။

“ အာနာပါနနဲ့ စပ်လို ့ သည့်ပြင် အားကျစရာ သိမှတ်စရာတွေကိုတော့ အရှင်ဘုရားများ
(မူလပဏ္ဏာသ-မဟာသတိပဋ္ဌာနသုတ်၊ ဥပရိပဏ္ဏာသ-အာနာပါနဿတိသုတ်၊ မဟာဝဂ္ဂ
သံယုတ်-အာနာပါနဿတိသုတ်၊ ပဋိသမ္ဘိဒါမဂ်) ပါဠိတော်ကြီးတွေမှာ လေ့လာကြရုံပါပဲ။


## PAGE 443

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၃၈၇

ဘုရားရှင်တိုင်း ကြွတော်မူတဲ့ လမ်းရိုးလမ်းဟောင်း အလွန်လဲအားရစရာကောင်းတဲ့ ကမ္မဋ္ဌာန်း
နည်းကြီးပါ။”

နှာရည်တရွှဲရွှဲနှင့် ပစ်လဲသောအာနာပါန

“တစ်ခါတစ်ရံ ထွက်လေဝင်လေ တဖြည်းဖြည်း သိမ်မွေ့ပြီး ရှာမရအောင်
ပျောက်သွားတတ်ပါတယ်။ အဲဒီအခါမှာ အထူးအားမစိုက်ရပါဘူး။ “လာလိမ့်မည်” ဟု
`စောင့်မှတ်နေလျှင် ပေါ်လာတာပါပဲ။ ပင်ပန်းအောင် အထူးကြိုးစားလျှင် ကိုယ်စိတ်ပင်ပန်းပြီး
သမာဓိမရတော့ဘူး။ “သုခံ သမာဓတ္ထာယ’-ကိုယ်စိတ်ချမ်းသာမှ သမာဓိဖြစ်ပါတယ်။
(‘သုခိနော စိတ္တံ သမာဓိယတိ ံ) သမာဓိဖြစ်မှ ယထာဘူတဉာဏ်ဖြစ်မယ်။ “ပဿန္တယံ
ကာယသင်္ခါရံ.....သိက္ခတိ-” ကြမ်းတမ်းတဲ့ ထွက်လေ၀င်လေကိုသာ သိမ်မွေ့အောင်
လုပ်ယူရပါတယ်။ အထူးအားထုတ်ပြီး ပင်ပင်ပန်းပန်းကြီး ရှုရှိုက်လျှင် ဘုရားဟောနဲ့
မညီဘူး။ ဒါ သတိပြုရမယ်။ ကမ္မဋ္ဌာန်းနှင့် ဆန့်ကျင်တဲ့ ကြမ်းကြမ်းတမ်းတမ်း အပြုအမူများ
ကိုလဲ ရှောင်ရမယ်”။

[၁၂၉၅-ခုနှစ်ရိုက် ပကိဏ္ဏကဒီပနီခေါ် မိုးနံကုန်း ဝိနိစ္ဆယ ဒုတိယတွဲ ၃၉၃-လာ
“သမထဝိပဿနာနယသင်္ခေပဝိနိစ္ဆယ” အခန်းနှင့် “ဂဏစာရိက ပဋိပတ္တိကျမ်း” မှ။]

ပရိယတ် ပဋိပတ် နှစ်ဘက်စလုံး ပြည့်စုံသော ဆရာတော်၏ စကားမှာ အထူး -
မှတ်သားဖွယ် ကောင်းလှ၏။ “လူကြမ်းတွေဆိုတော့ ကြမ်းကြမ်းရှုမှ သမာဓိရလွယ်တယ်”
ဟု ယူဆသူများ ရှိနေကြပါသည်။ အခိုက်အတန့်အားဖြင့် ဟုတ်မှန်သကဲ့သို့ ရှိသော်လည်း
အသိဉာဏ်နည်းပါးသော ဒကာ ဒကာမများအတွက် လှေနံဓားထစ်ယူဆကာ ရုပ်ပျက်ဆင်းပျက်
ဖြစ်နေကြရှာသည်ကို တွေ့နေရပါသည်။

လူတစ်ယောက် တရားထိုင်တော့မည် ရှိလျှင် ခေါင်းအုံးနှင့် လူနှစ်ယောက် (လဲကျ
သွားလျှင် ဖေးမရန်) စောင့်ရသည့် အဖြစ်မျိုး၊ တရားပွဲကြီးများတွင် တရားနာရင်း ရှုမှတ်
ကြရာ ဟောသောတရားကိုပင် မနာယူတော့ဘဲ (ဓမ္မ အဂါရဝဖြစ်ကာ) နှာရည်တရွှဲရွှဲ၊ အသံ
လည်း တစ်ခူးခူး၊ စူးရှကျယ်လောင်ကာ အခြားသူများကိုပင် နှောင့်ယှက်ရာ ကျနေတော့
သည်။ ထို့ပြင် သတိလစ်၍ ပစ်လဲသောအခါ စုန်း၊ တစ္ဆေ၊ နတ်ပူးသကဲ့သို့ ကြည့်မကောင်း
ရှုမကောင်းဖြစ်ကာ ပရိသတ်ထဲမှ ဆွဲယူထမ်းချီသွားရသော အဖြစ်မျိုးများအထိ နယ်လွန်
ကုန်ကြလေသည်။

တည်ငြိမ် အေးချမ်းစွာ အလွန်ကြည်ညိုဖွယ် ဆောင်စေရမည့် မြတ်စွာဘုရား၏
တရားတော်သည် အဘယ်မှာလျှင် ရုပ်ပျက် ဆင်းပျက် ဖြစ်ပါလေမည်နည်း။–တော်တော့
ခွန်အားဗလနှင့် ဗမာဥပုသ် မရဘူး” ဆိုသကဲ့သို့ အခြားသူများ၏ အသိဉာဏ် သဒ္ဓါတရားကို
နားယောင် ရှုပ်ထွေးသွားစေနိုင်သဖြင့် သတိပြုသင့်ကြပေသည်။

သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့် ဝီရိယ နွားနှစ်ကောင်က, သကဲ့သို့ မျှတမှု ရှိစေမှသာ
ဝိပဿနာယာဉ်သည် နိဗ္ဗာန်သို့ရောက်နိုင်ကြောင်း [အင်္ဂုတ္တရပါဠိတော် တိက နိပါတ် နိမိတ္တသုတ်


## PAGE 444


၃၈၈

...

မ္မာစရိယ ဦးဌေးလှိုင်

(၂၅၈) ဆက္ကနိပါတ် သီတီဘာဝသုတ် (၃၇၉)၊ မဟာဝဂ္ဂ ဗောဇ္ဈင်္ဂသံယုတ် အဂ္ဂိ သုတ် (၉၉)
နှင့် ဝိသုဒ္ဓိမဂ်-ပထမ (၃၇၉) တို့၌] ရွှေပန်းထိမ်သည် ဥပမာ၊ မီးမွှေးသူ ဥပမာ တို့ဖြင့်-
“တွန့်ဆုတ်နေလျှင် မြှောက်တင်ပေး၊ ပျံ့လွင့်နေလျှင် နှိပ်ပေး၊ ပေါ့ရှပ်ရှပ် အရသာမတွေ့
မတည့်မမတ် ဖြစ်နေလျှင် သံဝေဂဖြစ်ဖွယ် စသည်ကို ဆင်ခြင်၍ပေး၊ နွားနှစ်ကောင်
ထမ်းပိုးညီနေလျှင် အသာပင် လိုက်ပါရသကဲ့သို့ မျှတနေလျှင် အလိုက်သင့် (ဗောဇ္ဈင်္ဂုပေက္ခာ)
ရှုပေး” စသည်ဖြင့် တည်ငြိမ် အေးဆေးစွာ ပြုပြင်ပေးရမည့် နည်းများကို အတိအလင်း
ဟောတော်မူထားလေသည်။

ဘုရားရှင် လက်ထက်တော်ကပင် နိဂဏ္ဌနာဋပုတ္တဂိုဏ်းမှ ရိုက်ခတ်လာသဖြင့်
“ဆင်းရဲနှင့်ရင်းမှ ချမ်းသာရမည်” ထင်သော ဗောဓိမင်းသား စသူတို့အား “အဆင့်ဆင့်
ချမ်းသာ လွယ်ကူသောနည်း” ဖြစ်ကြောင်း ဟောတော် မူခဲ့ဖူး၏။
မဇ္ဈိမပဋိပဒါကျအောင် ယူဆကျင့်ကြံတော် မူနိုင်ကြပါစေ။

ဝေဒနာလိုက်ပုံနှင့် အတွင်းအပြင်ရှုပုံ

ကမ္မဋ္ဌာန်းလျှောက်သော ဆရာတော်များတွင် အထိုက်အလျောက် ကြားဖူးနားဝရှိသူ၊
လေ့လာဖူးသူများလည်း ပါဝင်သဖြင့် ဆရာတော်တစ်ပါးက-

+

“ဝေဒနာ . လိုက်ရတယ်ဆိုတဲ့ .. အဓိပ္ပာယ်များကိုလဲ အမိန် ့ရှိပါဦးဘုရား” ဟု
လျှောက်ရာ ဆရာတော်က အောက်ပါအတိုင်း အမိန့်ရှိ၏။

"

“ဝေဒနာရှိရာသို့ စိတ်ကို စေလွှတ်ပြီးတော့ ထိုဝေဒနာရဲ့ အမြဲမရှိတဲ့ အနိစ္စသဘော၊
အမြဲမရှိခြင်းကြောင့် ဆင်းရဲတဲ့ ဒုက္ခသဘော၊ ဆင်းရဲခြင်းကြောင့် အစိုးမရ အလိုသို့မလိုက်တဲ့
အနတ္တသဘောကို အာရုံပြုပြီး “သိ-သိ-သိ’ ဟူ၍ အထပ်ထပ် ဆင်ခြင်သုံးသပ်ရမယ်၊
ဝေဒနာကို အာရုံပြုပြီး ဝိပဿနာရှုလျှင် ရုပ်-သညာ-သင်္ခါရ-ဝိညာဉ်တို့လဲ မကင်းတဲ့သဘောနဲ့
ပါဝင်ပြီးသား ဖြစ်တယ်။

“အဲသလို မိမိနဲ့ မတန်တဲ့ ဝိပဿနာ ဘုံကျယ်ဘုံလက်တို့ကို မလိုက်ဘဲ ဝိပဿနာ
ဘုံကျဉ်းကိုသာလိုက်တော့ မိမိတို့ဉာဏ်နဲ့ ဝိပဿနာဘုံဟာ အိုးတန်ဆန်ခတ်ဖြစ်လို ့ အမြန်ဆုံး
ဉာဏ်ပွင့်နိုင်တယ်၊ ခန္ဓာလေးပါး ငါးပါးကိုရှုလျှင် ဘုံကျယ်၊ နှစ်ပါး သုံးပါးကိုရှူလျှင်
ဘုံလတ်၊ တစ်ပါးတည်းကိုသာရှုမှ ဘုံကျဉ်းဖြစ်တယ်။

“အဇ္ဈတ္တ (အတွင်း) ဗဟိဒ္ဓ (အပြင်) ရှုပုံကတော့ အဇ္ဈတ္တကို သုံးသပ်တဲ့အခါ
အဇ္ဈတ္တ တရားထင်မှ ဗဟိဒ္ဓကို ရွှေ့ရမယ်၊ မထင်ဘဲ မရွှေ့ ရဘူး။ ဗဟိဒ္ဓကိုသုံးသပ်လျှင်လဲ
ဗဟိဒ္ဓထင်ရှားမှ အဇ္ဈတ္တကို ရွှေ့ရမယ်။ မထင်လျှင် မရွှေ့နှင့်၊ အဇ္ဈတ္တ ဗဟိဒ္ဓ သင်္ခါရတရားတို့၌
ငြိတွယ်ခြင်း (တဏှာနိကန္တိ) ကို မငြိတွယ်ရအောင် ဖယ်ရှား၍အားထုတ်လျှင် မကြာခင်ဘဲ
မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်ရောက်ပါလိမ့်မယ်။ (ဗဟိဒ္ဓ ဖြစ်ပျက်ကိုပါ မြင်မှ ကိစ္စပြီးကြောင်း
ဝိသုဒ္ဓိမဂ်၌ ဆို၏။)

