## PAGE 445


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၈၉

“တစ်စုံတစ်ခုအမှုကိစ္စပြုလုပ်ရာ၊ ဆွမ်းခံစသည် သွားလာရာမှာ အာနာပါန (မူလ
ကမ္မဋ္ဌာန်း) ကို လွှတ်ပြီး သတိပဋ္ဌာန်ကို ပွားနိုင်တယ်။ “ဣရိယာ ပထပဗ္ဗ၊ သမ္ပဇညပဗ္ဗ
တို့၌ လာတဲ့အဟိုင်း “သိ-သိ-သိ” ဟူ၍လည်းကောင်း၊ “အနိစ္စ, ဒုက္ခ, အနတ္တ” ဟူ၍သော်
လည်းကောင်း သုံးသပ်ရမယ်။ အဲသလို ဣရိယာပုတ်တိုင်း၌ သတိမပြတ်ဘဲ စပ်မိအောင်
ထားတာဟာ အထူးကမ္မဋ္ဌာန်း (မူလ) ကို အားထုတ်တဲ့အခါ ဉာဏ်အားရှိပြီး အင်မတန်
ကျေးဇူးများတယ်”

[သင်္ခေပ ဝိနိစ္ဆယနှင့် ဂဏစာရိက ပဋိပတ္တိကျမ်းတို့မှ ကောက်နုတ်ချက်မူရင်း။
စကားနှင့်စာ လဲရုံမျှသာ။ ဆရာတော် ကိုယ်တိုင် ရေးသားချက်ဖြစ်၏။]

နွားစားကျက်မှ ညောင်လွန်တောရ စာသင်တိုက်သို့

အာဂန္တုက ဆရာတော်များကလည်း ဆရာတော် ဦးမေဓာဝီကဲ့သို့ပင် ဓုတင် ၁၃ပါး
အလျဉ်းသင့်သလို ဆောင်ကြသည်။ သစ်ပင်နှင့် လွင်ပြင်တို့သည် ဘုရားပေးသော ကျောင်း
များဖြစ်ကုန်၏။ထိုမထေရ်တို့ကဲ့သို့ပင်အနယ်နယ်အရပ်ရပ်ရှိ ကျောင်းထိုင်တိုက်ပိုင် တပည့်
ကြီးများသည်လည်း တစ်သုတ်ပြီးတစ်သုတ် (အလွန်တရာဖြစ်နိုင်ခဲမျှ) ရောက်လာကြရာ
၁၂၇၁-ခုနှစ် ဝါတွင်း ဝါ ၂၀-ကျော် မထေရ်ကြီးများ အပါး ၅၀-ခန့်ထိ စုဝေးနေထိုင်
လာကြသည်။ သံဃဘုန်းကံကြောင့် ကျောင်းကန်များလည်း ဟောပြောတိုက်တွန်းရခြင်း
အလျဉ်းမရှိ၊ ဝိနည်းတော်နှင့်အညီ၊ အပ်အပ်စပ်စပ်ချည်း ဖြစ်ပေါ်လာကုန်၏။

ဆရာတော်ကလေး ဦးမေဓာဝီလည်း ဖြစ်ပေါ်လာသော အခြေအနေအရ မရှောင်သာ
တော့ဘဲ ထိုမထေရ်ကြီးများနှင့် တိုင်ပင်ကာ (တိုက်တာကြီး တစ်ခု ဖြစ်လာသဖြင့်) ဥပဒေ
များကိုပင် ရေးဆွဲရလေတော့သည်။ “ကျောင်းတွင်း ကျောင်းဥပစာ၌ မာတုဂါမများ
ညဉ့်အိပ်မနေရ၊ လူဒကာများလာလျှင် ကြိုတင်နှုတ်ဆက်ခြင်း စားပွဲ သောက်ပွဲ ထိုးခြင်းမပြုရ။
ပွဲလမ်းသဘင် အတီးအမှုတ်တို့ကို ကျောင်းတွင်း၌ မပြုလုပ်ရ” စသည့် ဥပဒေများနှင့်
ရဟန်းတော်များ ဓုတင်ဆောင်ခြင်း စသော ဝိနည်းတော်နှင့်အညီ နေထိုင်ရန်တို့ ပါဝင်ကုန်၏။

ထိုဥပဒေ ၁၂-ချက်တွင် သံဂါယနာတင်သကဲ့သို့ အစဉ်သဖြင့် အကျိုးများအောင်
မိုးနံကုန်းဆရာတော်ဘုရားကြီး၏ ဝိနည်းအဆုံးအဖြတ်တို့ကို နောက်ဆုံးမှတ်တမ်းတင်ခြင်း
အားဖြင့် သံဃာအားလုံးက ဝိနည်းပါဠိတော်ကြီး ငါးကျမ်းကို ဆုံးခန်းတိုင် စာလိုက်၍
ဆရာတော်ဘုရားကြီးအား စာချပေးဖို့ တောင်းပန်ကြရန် ဥပဒေတစ်ခု တောင်းဆို အတည်
ပြုခဲ့ကြ၏။

ပရိယတ္တိ အမြင်ဖြင့်ကြည့်သော် အကောင်းဆုံးသော ကောင်းခြင်းကြီး ဖြစ်ကြောင်း
ပြောဖွယ်မရှိ။ သို့သော် ဤမျှ သက်တော်ကြီးမား၍၊ သုံးကြိမ်တိုင်တိုင် တောထွက်ခြင်းဖြင့်
အခက်အခဲများစွာကို ကျော်လွှား၍၊ ပရိယတ္တိဝန်ကိုလည်း အားရလောက်အောင် ဆောင်ရွက်ပြီး
ဖြစ်၍ ဤမျှ စွန့်စွန့်စားစား တောထွက်ခဲ့ပြီးကာမှ ဆရာတော်ကြီးက စာချ၊ ဦးမေဓာဝီက


## PAGE 446


၃၉ဝ

မ္မာစရိယ ဦးဌေးလှိုင် -

စာဆို၊ မှတ်တမ်းရေးခြင်းဖြင့် နောက်ကြောင်း ပြန်သွားရသည်မှာ ပဋိပတ္တိအမြင်အရ
စဉ်းစားကြရာ၏။ ကံတရားတို့ ဆန်းကြယ်သည်နှင့်အမျှ အမွှေဓာတ်တို့လည်း အသိ
ခက်လှပေစွာ့။ ဆရာတော် ဦးမေဓာဝီ၏ အရဟတ္တဖိုလ်ကို လုံးဝမတားနိုင်သည့်တိုင်အောင်
ဝိနည်း စာဝါနှင့် ပရိသတ်တာဝန်ကြီးက အချိန်ကို ဆွဲထားပေးနိုင်ခဲ့သည်ဟု ဆိုရာ၏။
မိုးနှံကုန်းဆရာတော်ဘုရားကြီးသည် နေ့စဉ်နှင့်အမျှ ဝိနည်းပါဠိတော် စာဝါကြီးနှင့်
တပည့်ဒကာဒကာမတို့၏ အဖူးအမြော်ခံရခြင်းကို ငြီးငွေ့ လာသဖြင့်-

“တို့များ ဒီအလုပ်တွေ ကြောက်လို ့ တောထဲလာပါတယ်။ ဒီရောက်တော့လဲ ဒါပဲ
လုပ်နေရပြန်တယ်” ဟု ညည်းညူးတော်မူ၏။

ထိုအခါ ဦးမေဓာဝီသည် စိတ်မချမ်းမသာ ဖြစ်ကာ ဆရာတော်ကြီး ချမ်းသာစွာ
နေနိုင်ရန် လျှောက်ထား စီမံရပြန်သည်။ ဆရာတော်ကြီးအား အသိပေးသင့်မှပေး၊ အာဂန္တ
၊ ဧည့်သည်များကိုလည်း တွေ့ခွင့် ပေးသင့်မှပေး၍ အရေးကိစ္စမှန်သမျှ မိမိကပင် တိုး၍
တာဝန်ယူတော် မူရ၏။

မြတ်စွာဘုရားရှင်သည် (ဥပရိပဏ္ဏာသ-မဟာသုညတသုတ်၌)-

“အပေါင်းအသင်းဖွဲ့၍ နေရခြင်း၏အပြစ်၊ တစ်ဦးတည်း နေရခြင်း၏ အကျိုး၊
အပေါင်းအသင်းဖွဲ့၍ နေရသော်လည်း စာသင်စာချနေခြင်းမျိုး မဟုတ်မူ၍ တရားစကားဖြင့်
နေရလျှင် တော်သေး၍ တစ်ဦးတည်း နေရသော်လည်း ဒကာ ဒကာမ ပရိသတ်တို့ လိုက်ပါ
လာတတ်သဖြင့် ဗြဟ္မစရိယ (တရား) အန္တရာယ်ဖြစ်တတ်ပုံ” ကို ဟောတော်မူဖူး၏။

ထိုမှတစ်ပါး “တပည့်သည် စာသင်ရန်အတွက် ဆရာနောက်လိုက်ခြင်းငှာ မထိုက်။
ရက်လ များစွာ သင်ယူခဲ့ပြီ။ တရားစကား အတွက်သာလျှင် နှင်ထုတ်စေကာမူ လိုက်ထိုက်သည်”
ဟုလည်း ဟောတော်မူသည်။

ရုက္ခစိုးကြီး၏ ပဋ္ဌာန်းသံ

မိုးနံကုန်း ဆရာတော်ဘုရားကြီးသည် ဆရာတော် ဦးမေဓာဝီ၏ ပါရမီဖြည့်မှုကြောင့်
ချမ်းသာစွာ စာချခြင်း၊ တရားနှလုံးသွင်းခြင်းဖြင့် သီတင်းသုံးခဲ့ရာ ငါးဝါပြည့်မြောက်သောအခါ
၁၂၇၄-ခုနှစ် တပေါင်းလဆန်း ရှစ်ရက်၊ သက်တော် ၆၅-နှစ်အရတွင် ဝမ်းသွန်ရောဂါဖြင့်
ပျံလွန်တော်မူလေ၏။

အရိုးအိုးစေတီလည်း တည်ထားကာ ဆရာတော် ဦးမေဓာဝီသည် သက်တော်ထင်ရှား
ရှိစဉ်ကကဲ့သို့ နံနက်သုံးနာရီတွင် မျက်နှာသစ်တော်ရေနှင့် ဒန်ပူများကို နေ ့စဉ်ပင် ကပ်လျှ
ဝတ်ဖြည့်တော်မူ၏။ ဆရာ၏ ကျေးဇူးဂုဏ်ကို ပြော၍မယုံလောက်အောင်ပင် သိမြင်တော်မူသည်။
ကျောင်းတွင်းရှိ စေတီတော်ကြီးကိုလည်း မြတ်စွာဘုရား သက်တော်ထင်ရှား ရှိသည့်ပမာ
မျက်နှာသစ်တော်ရေ၊ ဒန်ပူ၊ မျက်နှာသုတ်ပဝါနှင့် ဆီမီးတို့ကို ကပ်လှူ၍ အရပ်ရှစ်မျက်နှာလုံး၌
ခြေ၊လက်၊နဖူး၊တံတောင်၊ဒူး, တည်ခြင်းငါးပါးဖြင့် အသက်ထက်ဆုံး ညစဉ်ဝတ်ပြု တော်မူ၏။


## PAGE 447


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၉၁

အဖိုးအခမကုန်သော ရတနာသုံးပါး ကုသိုလ်တို့သည် များကုန်၏။ သဒ္ဓါ (ကျေနပ်မှ)
ရှိသလောက်သာ လုပ်နိုင်ကြသည်။ အသိဉာဏ် (ပညာ) ရှိသလောက် သဒ္ဓါကြကုန်၏။
ယောဂီတို့သည်-

၂။

၃။

မိမိတို့၌ အကုသိုလ် အပူစိတ်များ မည်မျှ ခေါင်းပါး၍ အေးငြိမ်းလာပြီ၊
ကိုယ်နှုတ်စိတ် မည်မျှ ယဉ်ကျေးလာပြီ၊

ရတနာသုံးပါးအပေါ် မည်မျှ ကျေးဇူးတုံ ့ပြု ယုံကြည်မှု ရှိလာပြီကို အကဲဖြတ်

ကြရာ၏၊ ထိုဟာသည်ပင် တရားထူးရသည့် အမှတ်အသားပင်တည်း။

သီလစသော ရတနာသုံးပါး ကျင့်ဝတ်အရာ၌ မိမိမကျင့်နိုင်၍ ဖြစ်စေ၊ လွန်ကျူးမိသဖြင့်
ဖုံးကွယ်လို၍ ဖြစ်စေ “ဒါ ဒီလောက် အရေးမကြီးပါဘူး” ဟု မယူဆရာ။ နှုတ်မကျူးရာ။
မိမိကိုယ်ကို မလိမ်လည် မကောက်ကျစ်ရာ။

ညောင်လွန့်တောရ၌ အရှေ့ဘက်နှင့် အနောက်ဘက် နှစ်ခြမ်းခွဲ၍ ပဋိပတ်နှင့်
ပရိယတ် ခွဲထားရာ ဆရာတော် ဦးမေဓာဝီသည် ဆရာတော်ကြီး မရှိသည့်နောက် မအိပ်မနေ
ရှုပွားတော်မူ၏။ ည ၁၀-နာရီနောက်ပိုင်းတွင် “ကမ္မဋ္ဌာန်းချောင်သို့သာ အမြဲကြွတော်မူ၏။
ပရိနိဗ္ဗာန်မပြုမီ ခြောက်နှစ်ခန့်အထိ ကိုယ်တိုင် ဆွမ်းခံခြင်းစသော ဓုတင်များ၊ ရသမျှဆွမ်းကို
သံဃာအား အကုန်လှူ၍ သံဃာကပြန်စွန့် ့မှ စားရသော ‘သာရဏီယဘတ်” ကျင့်ဝတ်များ
ကိုလည်း ဆောင်တော်မူ၏။

သစ်ပင်ရှိလျှင် ဆွမ်းရှိသည်ဟု ပြောရလောက်အောင် လာဘ်လာဘ ပေါများစေသော
သာရဏီယဘတ် ကျင့်ဝတ် ဖြည့်ကျင့်ပုံကို ဝတ္ထုများနှင့်တုကွ “သီဟိုဠ်ခေတ် စံတော်ဝင်
အရိယာများ' စာအုပ်၌ အကျယ်ရေးထားသည်။]

ရံခါ ညကာလ ကမ္မဋ္ဌာန်းချောင်အတွင်း၌ ပဋ္ဌာန်းပါဠိတော် ပဉှာဝါရကို အသံ
တစ်စာစာနှင့် ရွတ်အံသံများ ကြားရ၏။ လပြည့်နေ့ညများတွင် ပို၍ကြားရသည်။ အသံ
ကြားရာသို့ လိုက်ကြည့်ရာ အသံမှာ တဖြည်းဖြည်း ဝေး၍ ဝေး၍ သွား၏။ ရံခါ အသံရှင်ကို
သင်္ကန်းဝတ်ဖြင့် တွေ့ ရသည်။ မိုးနံကုန်းဆရာတော် ရုက္ခစိုးကြီးဖြစ်၏။ တရားအားထုတ်
သူတို့အား တစ်စုံတစ်ရာ အန္တရာယ်ရှိလျှင် ကြိုတင်၍ သိလောက်အောင် သတိပေးခြင်း၊
အန္တ ရာယ်ကာကွယ်ပေးခြင်း စသည်ဖြင့် အမြဲစောင့်ရှောက်ကာ အရိုးအိုးစေတီအနီး သစ်ပင်
တစ်ပင်၌ အမြဲနေ၍ ထိုကမ္မဋ္ဌာန်းချောင် တောစပ်၌သာ လှည့်လည်လျက် ရှိသည်ဆို၏။

ရှေးက အချို့စာတတ် အကျော် ဆရာတော်ကြီး အတော်များများသည် “ဓာတု
ပရိနိဗ္ဗာန်ပွဲကို ဝင်နွှဲရန်” ဆိုကာ ရုက္ခစိုးနတ်ဖြစ်ရန် အားသန် တောင့်တကြကုန်၏။ လက်ရှိ
ဘဝ၏ အခွင့်သာ မြင့်မြတ်ခြင်းနှင့် သာသနာတော်၏ နိယျာနိက (လွတ်မြောက်ရာ)လမ်းကို
မျှော်မှန်းနိုင်သော အသိဉာဏ် နည်းပါးခြင်းတို့ကြောင့် လက်ငင်းအခွင့်အရေးကို လက်လျှော့
အရှုံးပေးသည့် သဘောသာတည်း။ တစ်စုံတစ်ခုသော သက်သာရာ (တရားထူး) မရှိသေး
ပါဘဲလျက် အသက်ရှည်စွာ ရုက္ခစိုးဘဝ၌ နေရမည်မှာ ပျင်းမုန်းငြီးငွေ့ဖွယ် ကောင်းလှချေ၏။

