## PAGE 451


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ထိုသို့ပင် သဘောပေါက်စေခြင်းလည်း ဖြစ်နိုင်ရာသည်။

၃၉၅

မည်သို့ဆိုစေ၊ ဆရာတော်ကိုယ်တိုင် စွန့်စွန့်စားစား အဘိညာဉ်ရရန် ကျင့်ပွားတော်မူရာ
ကိုယ်တွေ့ဖြစ်ရပ်ကို မိန့် တော်မူသည်မှာကား အထူး စိတ်ဝင်စားဖွယ်၊ ကြည်ညိုအားကျဖွယ်
ကောင်းလှပါဘိသည်။

အနာဂတ်သာသနာအတွက် အားရစရာ ဗျာဒိတ်

“တို့များ အဘိညာဉ်မရရင် နေပါရိုးလားလို့ အားခဲစိတ်တင်းပြီး ဝိသုဒ္ဓိမဂ်မှာ
လာတဲ့အတိုင်း ၁၄-ပါးသော အခြင်းအရာတို့ဖြင့် ဈာန်ကစားကာ စိတ်ကို ဆုံးမမယ်ဆိုပြီး
အားထုတ်လိုက်တာ ပထမဈာန်ကနေ အဆုံး နေဝသညာနာ သညာယတနဈာန်တိုင်အောင်
အနုလုံ ဝင်စားလို့ရတယ်။ အနုလုံ ဆုံးကာရှိသေး၊ ခြေတွေလက်တွေ သယ်မရတော့ဘူး။
ပဋိလုံဆုံးအောင် (အဆုံးကနေ အ၈) တစ်ဖန်ပြန်ပြီးများ ဝင်စားလိုက်ရင် ချက်ချင်း
သွေးကြောလေကြောတွေ ပြတ်ထွက်သွားမလားလို ့တောင် ထင်ရတယ်။ ဒါနဲ့ လက်လျှော့
လိုက်ရတယ်။

“ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ ခန္ဓာကိုယ် မခိုင်ခံ့လို ့ဘဲ။ တကယ်လို ့ မင်းများရော၊
တိုင်းသူပြည်သားများပါ တရားစောင့်လာကြလို့ ဥတုရာသီ ကောင်းမွန်လာမယ်ဆိုရင်တော့
သာသနာပမှာတောင် ရနိုင်သေးတာ၊ သာသနာတွင်းမှာ ဘောက်မယ့် မရနိုင်ဘဲ ရှိရမှာလဲ
အမှန်တကယ် ရနိုင်ပါတယ်။

“နောင်အခါ ကတာဓိကာရ(ဆုယူတောင့်တဖူးသူ)ဖြစ်ပြီး “ပါရမီရှိတဲ့
ပုဂ္ဂိုလ်ထူးများ' ပေါ်ပေါက်သောအခါ မဂ်နှင့်တပါထဲ တစ်ပြိုင်နက်ထဲ သမာပတ်တွေရော၊
အဘိညာဉ်တွေရော၊ (ပု၊ ဒိ၊ အာ စသော) ဝိဇ္ဖာတွေရော အထူး မပွားများရဘဲနဲ့လဲ
ရနိုင်တယ်၊ အဲဒီအခါမှာ အဘိညာဉ်တွေ ဝိဇ္ဖာတွေရတဲ့ ပုဂ္ဂိုလ်ထူးများ ပေါ်ပေါက်
လာလိမ့်ဦးမယ်”

ဆရာတော်သည် ထိုစကားကို စာချရင်းဖြစ်စေ၊ စကားအလျဉ်းသင့်တိုင်း ဖြစ်စေ
မကြာခဏ မိန့်တော်မူ၏။

ထိုမိန့်ခွန်းတော်ကပင် ဆရာတော်များ မရှိသည့်နောက်တွင် “ဈာန်အဘိညာဉ်ရ
ရဟန္တာပုဂ္ဂိုလ်ထူးများ ပေါ်ပေါက်လာလိမ့်မည်” ဟူသော (အနာဂတ် သာသနာအတွက်)
ဗျာဒိတ်စကားပင် ဖြစ်သည်။ ယင်းသို့ဆိုသော် ခေတ်သည် အများထင်သကဲ့သို့ ပို၍
ဆိုးသွမ်း မလာဘဲ ကောင်းမွန်တိုးတက်ကာ သာသနာတော် ထွန်းလင်းလာမည်မှာ
သေချာလှပေသည်။

“ခေတ်ကြီးက ဆုတ်ကပ်ကြီး၊ အသက်တွေကလဲ တိုတောင်း၊ လူတွေကလဲ ဒုစရိုက်
သောင်းကျန်းနေတယ်၊ သာသနာ့အန္တ ရာယ် အယူဝါဒ အရှုပ်အထွေးတွေ ကလဲ များလိုက်တာ၊
တရားထူးရဖို့ ဝေးကုန်ပြီ၊ ဈာန်အဘိညာဉ်ရတဲ့ ရဟန္တာပုဂ္ဂိုလ်ထူးတွေ ပေါ်ပေါက်ဖို့က


## PAGE 452


၃၉၆

ဓမ္မာစရိယဦးဌေးလှိုင်

သာပြီး ခက်သေးတယ်” စသည်ဖြင့် ထင်ရာထင်ရာ ပြောဆိုကြသေး၏။

“အတွေးတတ်၊ စာတတ်သူများက ပြောသော် ဆင်ခြေဆင်လက် အကိုးအကားများ
ပါလာတတ်သဖြင့် နားယောင်ဖွယ်ဖြစ်၏။ အထင်သည် အမြင် မဟုတ်ချေ။ အဋ္ဌကထာ
ဆရာတို့ အကြမ်းစား ခွဲတမ်းချထားသော ခေတ်ငါးခေတ်ကိုလည်း တစ်ထစ်ချ မယူရာ။
“ကတာဓိကာရ’ ကို အဘယ်ခေတ်၊ အဘယ်သူကမျှ မပိတ်ပင် မဟန့်တားနိုင်ချေ။

အရှင် မောဂ္ဂလိပုတ္တတိဿ၊ အရှင် နာဂသိန်၊ အရှင် အရဟံ၊ အရှင် ဒိဗ္ဗစက် စသော
ဈာန်အဘိညာဉ်ရ အရိယာ သူတော်ကောင်းများ ပေါ်ပေါက်လာသော ခေတ်များသည်
ခေတ်ကောင်းကြီးများ မဟုတ်။ သာသနာတွင်း၌ အယူဝါဒရေးရာ အရှုပ်ဆုံးဖြစ်၏။
“ရှင်း၍ရပါတော့မလား” ဟုပင် ထင်ရသည်။ လောကရေးရာ၌လည်း ထို့ထက် ရှုပ်သောခေတ်
မရှိတော့ပြီ။ ထိုခေတ်ရှုပ်၊ ခေတ်ကျပ်၊ ခေတ်ဆိုးကြီးများကပင် ပြောင်းပြန် လှန်ပစ်နိုင်အောင်
အင်အားကြီးမားသော ပုဂ္ဂိုလ်ထူးကြီးများကို ပင့်ဆောင်၍ ပေးတတ်ကြကုန်၏။ လင်းခါနီးတွင်
ပို၍ မှောင်တတ်သည်။

6

"

“သူတော်ကောင်းက တစ်ဦးတလေ၊ လူယုတ်မာတွေက အများကြီး” ဟု ရုပ်ဝတ္ထုအရ
စဉ်းစား၍ ရသောအရာမဟုတ်။ ဓမ္မဗလ=တရားအားကို မြင်၍မရ။ တစ်လောကလုံး
မှောင်မည်းနေ၏၊ လ,နေကား တစ်စင်းတည်း။ ထိုဥပမာအတိုင်း ဘုရားရှင်ကလည်း....
“သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာမုတ္တော စ စန္ဒိမာ=ထိုသူကား အမိုက်တိမ်ထုမှ
လွတ်ထွက်လာသော လမင်းကဲ့သို့ တစ်လောကလုံးကို အလင်းရောင် ပေးနိုင်သူဖြစ်ပြီ” ဟု
ရဟန္တာဖြစ်သွားသော အရှင်များအား စကားဘိသိက် သွန်းတော်မူလေ့ရှိသည်။ (လောကံ=မိမိ
ခန္ဓာငါးပါး၊ ပင်ရင်းအနက်။)

“အာဇာနည် ထွက်ပေါ်ရာ၊ ရဟန္တာအရှင်မြတ်တို့ သီတင်းသုံးရာဌာနသည် ငြိမ်းအေး
ချမ်းသာ၏” ဟုလည်း ဟောတော်မူ၏။

ဆရာတော်၏ ဗျာဒိတ်စကားများ ဤယနေ့ပင်လျှင် မှန်ကန်စပြုနေကြောင်း တွေ့နေရပြီ
ဖြစ်၏။ သက်တော်ထင်ရှားရှိသော၊ သိတော်မူ၊ မြင်တော်မူသော ဆရာတော်ဘုရားကြီး
များကလည်း “၂၅ဝဝတွင် တစ်ခေတ်ဆန်းလာမည့် ယနေ့သာသနာ” ကို (သဒ္ဓါသူများအား)
ဖွင့်ဆိုတော်မူနေကြ၏။

“မာ ဝေါ ဏီ-ဒိုရာဓေထ= အခွင့်ကောင်းကြီးကို လက်မလွတ်ကြစေရာ”

အန္တ ရာယ်များသော အကြားအမြင်

ဆရာတော်သည် ၁၂၇၄-ခုနှစ်မှ ၁၂၈၀-ပြည့်နှစ် ကျော်လွန်သည်အထိ' ခုနစ်နှစ်
ရှစ်နှစ်ခန့် သမာပတ်ကစားကာ ဗဟိဒ္ဓ အာရုံများ၌သာ နှစ်မျောတော်မူနေဟန်ရှိသည်။
ဝိပဿနာသို့ ကူးပြောင်း ရှုပြန်ပါသော်လည်း မရ။ အနှစ်နှစ် ခြိုးခြံခေါင်းပါးစွာ မအိပ်မနေ
ပွား၍ အားအင်လည်း ကုန်ခန်းလျက် ပန်ပန်းလွန်းအားကြီးကာ ရောဂါဝေဒနာ ဖိစီးလေ၏။


## PAGE 453


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၉၇

ဝေဒနာကို ရှုမှတ်ရင်း မခံသာသော အခါ စိတ်သက်သာရာရသော ဗဟိဒ္ဓအာရုံ(လူ့ပြည်
နတ်ပြည် စသည် ကြည့်ရှုနေခြင်း) ၌ လဲ၍လဲ၍ ကျသွားဟန်တူသည်။

ပုထုဇဉ်ဘဝဖြင့် ဈာန်ကစားရခြင်း၊ အကြားအမြင် ပေါက်ခြင်းများသည် အန္တ ရာယ်
များလှ၏။ ထို့ကြောင့် “ယောဂီသည် အာရုံနိမိတ်ကိုမလိုက်ရ၊ ဖြစ်ပျက်မှုကိုသာ မြင်သည်ထက်
မြင်အောင် ရှုရာ၏။”

ဝိသုဒ္ဓိမဂ် အဋ္ဌကထာနှင့် မဟာဋီကာ စုတူပပါတခန်း၌-

“ပုထုဇဉ်အတွက် အမြင်ဓာတ် (ဒိဗ္ဗစက္ခု)သည် အန္တ ရာယ်များ၏။ ဈာန်ရူး ရူးစေ
တတ်သည်ဖြစ်၍ ဝိပဿနာသို့ အားသွန်တက်ရမည်” ဟု မိန့်မှာကြသည်။

စင်စစ် အကြားအမြင်တို့သည် အရိယမဂ်နှင့် မထိန်းချုပ်နိုင်ပါမူ အန္တ ရာယ်များလှ၏။
ဝိပလ္လာသ မကင်းသော ပုထုဇဉ်ကို မဆိုထားဘိ၊ အောက်တန်း အရိယာတို့ကိုပင် နှောင့်နှေး
မှု ဖြစ်စေနိုင်ပေသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ဒိဗ္ဗစက္ခု ဧတဒဂ်ရ ရှင်အနုရုဒ္ဓါ
အား အမြင်ဓာတ်နှင့်စပ်၍ (ဥပရိပဏ္ဏာသ ဥပက္ကိလေသသုတ်၌) အန္တ ရာယ်များပုံကို
အကျယ်ဟောတော်မူဖူး၏။ ရှင်အနုရုဒ္ဓါသည် ဒိဗ္ဗစက္ခု ရလိုက်-ပျောက်လိုက် သမာဓိမငြိမ်
ဖြစ်နေစဉ် အလောင်းတော်ဘဝက ဖြစ်စဉ်များကို ဟောပြ၍...

“အတိနိဇ္ဈာယိတတ္တံ ရူပါနံ စိတ္တဿ ဥပက္ကိလေသော=ဗဟိဒ္ဓအာရုံတို့ကို တစိမ့်စိမ့်
အလွန်အကျွံ ကြည့်ရှုငေးမောနေခြင်းသည် စိတ်ညစ်ညူးကြောင်းပင်တည်း” ဟု ညွှန်ပြကာ
အမြင်ပေါက်၍ အဆင့်ဆင့် ညစ်ညူးမှုများ ရောက်ပုံကို ဟောတော်မူဖူး၏။

သိမ်မွေ့သော အစုအဓိကလေးများ

(အလဂဒ္ဒူပမ သုတ်၌) ကူးမြောက်ပြီးလျှင် ပစ်ခဲ့ရသော ဖောင် ဥပမာကဲ့သို့ “ဓမ္မ
ကိုပင်လျှင် ပယ်ရမည်။ အဓမ္မကိုမူ ဆိုဖွယ်မရှိ” သမထ (သမာပတ်) ၌ စွဲငြိမှု၊ ဝိပဿနာ
ဉာဏ်၌ စွဲငြိမှုများကိုပယ်ရန် ဟောတော်မူသည်။

(လဋကိကောပမသုတ်၌) နေဝသညာ ဈာန်ထိ စွဲငြိမှုနှင့် (မဟာတဏှာသင်္ခယသုတ်၌)
ဝိပဿနာဉာဏ်၌ အနုစားအထိ တွယ်တာနေမှုများကို ပယ်ရန် ဟောတော်မူ၏။ ထိုငြိတွယ်မှုများ
အားလုံးသည် နိကန္တိ ချုပ်ကိုင်ထားသော “ဓမ္မဝိတက် ခေါ် ဝိပဿနုပတ္တိလေသ များသာတည်း။
(အံ၊ ၃၊ ပံသုဓောဝက သုတ်အဖွင့်။) ထို့ကြောင့် “အာရုံနိမိတ် အားလုံးကို နှလုံးမသွင်းမူ၍
“အနိမိတ္တ စေတောသမာဓိ” ဖြစ်အောင် နေရမည်” ဟု (မဟာဝဂ္ဂသံယုတ်-အနိမိတ္တပဥသုတ်၌)
ဟောတော်မူပြန်သည်။

သစ်ခုတ်ယောက်ျားသည် သစ်ပင်ကို အလွန်ထက်သော ရဲဒင်းဖြင့် ခုတ်ပိုင်းရာ
ရဲဒင်းစာများ လွှာကန်တိကနဲ ပြတ်လွင့်၍ ပြတ်လွင့်၍ သွားသောအခါ “ငါ့ ရဲဒင်း
တယ်ထက်ပါကလား” ဟု ခုတ်လိုက် ကြည့်လိုက် လုပ်နေလျှင် ခရီးမတွင်နိုင်ကြောင်း
ယင်းအဋ္ဌကထာ (သံ၊ဋ္ဌ၊၃၊၁၂၉) ဆရာက ဥပမာပေးခဲ့လေသည်။

