## PAGE 469


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၁၃

နေမိန္ဓရတောင်ခြေတည်းကျောင်းသို့ ကြွကြ၏။ ဆရာတော်ကိုမူ တောင်ထိပ်အင်္ဂါထောင့်
ဒုတိယပစ္စယံရှိ ကွက်လပ် တည်းကျောင်း၌ သီးသန့် တစ်ပါးတည်း သီတင်းသုံးစေ၏။
တစ်မြို့လုံးက “ဘာသတင်း ကြားရမလဲ” ဟု နားစွင့်နေကြသည်။

ဆရာတော်သည် ရောက်သည့်ညမှစ၍ ပရိသတ်များအား စောစောပြန်လွှတ်ကာ
ဘုရားဝတ်ပြုခြင်း ပရိတ်ရွတ်ခြင်းများ ပြုလုပ်တော်မူ၏။ မေတ္တာကို များစွာပွားပို ့တော်မူသည်။
စွန်းလွန်းဆရာတော်ကလည်း နေမိန္ဓရတစ်တောင်လုံး ဖယောင်းတိုင် ညှိထွန်းကာ
ကြက်လျှာတိုင်များ လိုက်လံထိုးစိုက်၍ နတ်များအား ဘုရားလှူရန် ပေးစွန့်တော်မူ၏။
ဓာတ်မသိသူတို့က “တောထွက် ကိုယ်တော်ကြီး လောကီအလုပ်တွေ လုပ်နေတယ်”ဟု
အပြစ်တင်ကြ၏။ မီးများ တစ်တောင်လုံး လင်းထိန်နေအောင် ပေးပြီးလျှင် တနင်္ဂနွေထောင့်၌
ရပ်၍ ပရိကံပြုကာ မေတ္တာပွားပို ့တော်မူ၏။ အမျိုးမျိုးသော နတ်၊ နတ်စိမ်းသရဲတစ္ဆေ
ပြိတ္တာများ တစ်သုတ်ပြီးတစ်သုတ် သူ အုပ်စုနှင့်သူ လာရောက် ကန်တော့ကြရာ တရားဟော
ဆုံးမ၍ လွှတ်သည်။

.

နောက်ဆုံးလာသူမှာ မင်းမြောက်တန်ဆာ ငါးပါး ဆင်ယင်လာသဖြင့် ဆင်ခြင်
ကြည့်တော်မူရာ ယခင်က ဆရာဒကာဖြစ်ခဲ့ဖူးသော မနူဟာ မင်းမှန်း သိတော်မူသဖြင့်-

“အသင်နတ်မင်း၊ ဤတောင်၌ ထူပါရုံစေတီ ရှိတယ်၊ ဓာတ်တော်များ ကိန်းဝပ်
တည်ရှိသဖြင့် လူအများ ဖြတ်သန်းသွားလာ၍ အပြစ်ကြီးလေးတယ်။ ငါတို့ ဒီတောင်မှာ
သာသနာပြုကြမယ်၊ သင်တို့ စောင့်ရှောက်ကြပါ။ သင့်အတွက် အိမ်တော် (နတ်ကွန်း) လဲ
အသစ်ဆောက်ပေးကြလိမ့်မယ်” စသည်ဖြင့် မေတ္တာရပ်ခံ၍ တရားအနည်းငယ် ဟောပြပေးရာ
နတ်မင်းကြီးမှာ ဘာမျှ စကားတုံ့မပြန်ဘဲ ခေါင်းငုံ့ ငိုယိုကာ တနင်္ဂနွေ ထောင့်မှ ဆင်းသွား
ရှာ၏။

စွန်းလွန်းဆရာတော်လည်း မေတ္တာပွား၊ တရားဟောပြကာ တောင်အောက် တည်း
ကျောင်းသို့ ဆင်းလာခဲ့သည်။

မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်

ညောင်လွန့် ဆရာတော်ကား နေ့အခါတွင် လူအများအား တရားဟော၍ ညအခါတွင်
နတ်များ၊ နာနာဘာဝများကို ညစဉ် ဟောပြော နေရ၏။ ပထမတွင် နေမိန္ဓရ တစ်တောင်လုံးကို
ခြုံ၍ ကြည့်ရင်း မေတ္တာပွားပို့ ရာ တန်ခိုးကြီးသော နတ်များ အခြံအရံ များစွာနှင့် တရားနာ
လာကြသည်ကို ဟောပြောတော် မူရသည်၊ ရှေ့တွင် ထိုင်နေသော တောင်စောင့် နတ်မင်းကြီးက
“လိုအပ်သလို သာသနာအတွက် စီမံရန်” မိမိကိုယ်ကို အပ်နှင်း၍ စောင့်ရှောက်မည့်အကြောင်း
ကတိပေးလေသည်။ သို့နှင့် အရုဏ်တက်ကာ တစ်ည ကုန်လေ၏။

66

နောက်တစ်ည။

အရှေ့ဘက် တောင်တန်းကြီး တစ်ခုလုံးကို ခြုံ၍ အထူးဆင်ခြင်လျက် အပ္ပနာမေတ္တာ


## PAGE 470

၄၁၄


ဓမ္မာစရိယ ဦးဌေးလှိုင်

ပွားပို ့တော်မူရာ ယခင်ထက် တန်ခိုးကြီးသော နတ်မင်းကြီး အခြံအရံများစွာနှင့် လာရောက်
ကန်တော့ပြန်၏၊ နေမိန္ဓရတောင်ပင် မဆံ့ချေ။ နတ်မင်းကြီးက ရှေးအတိုင်း ကတိပြုကာ...
“ဤတောင်စောင့်နတ်များကိုလည်း အမိန့်ပေးထားပြီးပါပြီ” ဟု လျှောက်၏။
“တပည့်တော်ဟာ သထုံမြို့ကြီးကို ပထမဆုံး တည်ထောင်ခဲ့တဲ့သူပါ” ဟု လျှောက်၍
တရားနာပြီး ပြန်သွားသည်။

နောက်တစ်နေ့ည။

သထုံမြို့ ပတ်ဝန်းကျင်ရှိ နတ်မင်းကြီးများ လာရောက် ကန်တော့ကြပြန်သည်။
ရှေးနတ်များထက် အရောင်အဝါ တန်ခိုး၊ အခြွေအရံများ ပို၍ကြီးမားများပြား၏။ တောင်ပေါ်
မျှမက တောင်ဝှမ်းမြို့အဝှမ်း တစ်ခုလုံး လင်းထိန်သွားသည်။ ပုထုဇဉ်များ စိတ် ဖောက်ပြန်လောက်
အောင်လည်း ကြည့်ရှုဖွယ် ကောင်းလှ၏။

..

“အထက် နတ်မင်းကြီးများ အမိန် ့အရ အားလုံး စောင့်ရှောက်ကြပါမည်” စသည်
ကတိပြုကာ- “ဤတောင်ပတ်ဝန်းကျင်ရှိ နတ်မင်းကြီးများ၊ အခြွေအရံများအားလုံး သထုံ .
မြို့ကြီးကို အုပ်စိုးသွားခဲ့ကြသော မင်းများနှင့် အခြွေအရံများချည်း ဖြစ်ကြပါသည်။ အချို့
အဝက်သာ မဟုတ်ပါဘုရား” ဟုလည်း ဝမ်းနည်းကြေကွဲစွာ လျှောက်ထားသဖြင့် ဆင်ခြင်
ကြည့်ရှုတော်မူရာ အထက်အမိန့်အရ သထုံမြို့ ပတ်ဝန်းကျင်၌ချည်း သူ့ အုပ်စုနှင့်သူ စောင့်ကြည့်
နေထိုင်ကြရရှာသည်ကို သံဝေဂဖြစ်ဖွယ် တွေ့မြင်တော်မူရသဖြင့် ကြိုးစား၍ ဟောပြော
ချေချွတ်တော်မူလေသည်။ ၁၀-ရက် ၁၀-ညလုံး နေ့ပရိသတ်၊ ညပရိသတ်တို့ဖြင့်
အားလပ်ခွင့် ရတော်မမူချေ။

သိမ်သမုတ်ရာ အနှောင့်အယှက်နှင့် အံ့ဖွယ်

မြို့မျက်နှာဖုံး ဒကာ,ဒကာမများလည်း အထူးဝမ်းသာအားရ ဖြစ်ကာ သိမ်သမုတ်
ရန် စီစဉ်ကြ၏။ မြို့ခံ သံဃာ့ မထေရ်ကြီးများကိုလည်း ပင့်၍ “နယ်သိမ်းစနစ်” ဖြင့် သမုတ်
ရန် ဆုံးဖြတ်ကြသည်။

“နယ်သိမ်းစနစ်” မှာ အကြမ်းအားဖြင့် သိမ်ကိစ္စ ဆောင်ရွက်နေစဉ်
သတ်မှတ်ထားသော နယ်အတွင်းသို့ အပြင်မှ ရဟန်းများ မဝင်ရအောင် ဝင်လမ်းအသီးသီး၌
အစောင့်များ ချထားရသည်။ ထိုနယ်အတွင်းရှိ သံဃာများ မကြွလာနိုင်က သဘောတူကြောင်း
နှုတ်မြွက်ဆန္ဒ ပြုကြရ၏။ ထိုစနစ်သည် ဝိနည်းနှင့် မညီဟု သထုံ ဆရာတော်တစ်ပါးက
စောဒကတက်၍ ဖြေရှင်းရသေး၏။ ဆန္ဒလည်းမပေး၊ ကြွလည်းမကြွလှာသော
ဘုန်းကြီးတစ်ပါးကိုလည်း သွား၍ သဘောတူညီချက် (ဆန္ဒ) ယူရပြန်သည်။

ဆရာတော်နှင့် ဂျုပ်ပင်တောရ ထနောင်းတိုင် ဦးတိက္ခ ဆရာတော်၊ ရေလယ်
ဆရာတော် သုံးပါးက ပထမဆုံး သိမ်နုတ်၍ ၁၂၈၄-ခုနှစ်၊ တပေါင်းလပြည့်နေ ့ ည ၁၀-
နာရီ၌ တစ်မြို့လုံး ကျောက်စည်ခေါင်းလောင်း ကြေးမောင်းတီးကာ အစောင့် များစွာချ၍


## PAGE 471

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၄၁၅

သမုတ်တော်မူကြ၏။ သမုတ်ပြီးနောက် အရေးပိုင် ဦးကျော်ဒွန်း စသူတို့ ဒုလ္လဘရဟန်း
ခံကြသည်။

ရဟန္တာ အရှင်မြတ်ကြီးနှစ်ပါးသည် သိမ် အောင်, မအောင် ဆင်ခြင် ကြည့်ရှု့ကြသောအခါ
ဘုန်းကြီးတစ်ပါးက နှောင့်ယှက်သဖြင့် မအောင်ဘဲ ရှိရသည်ကို တွေ့ မြင်တော်မူကြလေသည်။
ရဟန်းတစ်ပါးသည် အစောင့်များ တားမြစ်သည်ကို မရဘဲ သိမ်သမုတ်ချိန်၌ အခြားနယ်မှ
သတ်မှတ်နယ် အတွင်းသို့ ဇွတ်ဝင်လာကြောင်း ဒကာများကလည်း လျှောက်ကြသည်။
ဆင်ခြင် ကြည့်ရှုတော်မူသောအခါ ဘွဲ့အမည်၊ ကျောင်းတိုက်၊ ပြောဆိုသော စကားများကိုပါ
သိမြင် ကြားသိတော်မူကြ၏။ ထို့ကြောင့် တပေါင်းလပြည့်ကျော် ခုနစ်ရက်နေ့ နံနက်
ခုနစ်နာရီအချိန် ထပ်၍ သမုတ်ကြရပြန်သည်။

နေ့ခင်းသမုတ်၍ မြို့လူထုများ ပျားပန်းခတ်မျှ လာရောက် ကြည်ညိုကြရ၏။ နွေ
ခေါင်ခေါင်တွင် မိုးတိမ်အုံ့မှိုင်းကာ မိုးပေါက်များပင် အနည်းငယ် ကျလာ၏။ ထူးဆန်းသည်မှာ
မိုးတိမ်သည် နေမိန္ဓရတောင် အပေါ်၌သာ အုပ်ဆိုင်းနေ၏။ ပို၍ ထူးဆန်းသည်ကား
သိမ်သမုတ်ချိန်တွင် မီးရထား အဝင်အထွက် မရှိခြင်းပင်တည်း။ မီးရထား အဝင်အထွက်ရှိ၍
ထိုမီးရထား၌ ဘုန်းကြီးတစ်ပါးပါး ပါလာခဲ့သော် သိမ်သမုတ်ကံ ပျက်နိုင်၏။ ရုတ်တရက်
တံတားကျိုးနေ၍ ဟု ဆိုသည်။ “အဘယ မုနိ စေတိယ သိမ်တော်' ဟု အမည်သမုတ်၍
ယခု ထိုနေရာ၌ စေတီပင် တည်ထားသည်။

သိမ်သမုတ်ပြီးသောအခါ ဆရာတော်များ အားလုံး ပြန်ကြွသော်လည်း ညောင်လွန်
ဆရာတော်နှင့် တပည့်နှစ်ပါး ဒုလ္လဘ ရဟန်းများနှင့်အတူ နေမိန္ဓရတောင်၌ သီတင်းသုံး
နေတော်မူခဲ့၏။ ထို၌ သီတင်းသုံးခိုက် လှူဒါန်းလိုသူများ အလုအယက် ဖြစ်နေကြသဖြင့်
ရပ်ကွက်အလိုက် ချီးမြှောက်ရ၏။ မော်လမြိုင်၊ မုဒုံ၊ ကျိုက္ခမီ စသော ပတ်ဝန်းကျင် မြို့ရွာ
များကလည်း ပင့်၍ နေ့စဉ်နှင့်အမျှ အပူဇော်ခံကာ တရားချီးမြှင့်တော်မူရ၏။ ထိုခေတ်တန်ဖိုး
လေးသောင်းကျော် ငါးသောင်းခန့် လှူဖွယ်ဝတ္ထု ပစ္စည်းများအားလုံး လှူသော မြို့ရွာ
ရပ်ကွက်ရှိ ဘုန်းကြီးများအား အကုန်လှူစေ၏။ ၁၂၈၅-ခု နယုန်လကုန်မှ ညောင်လွန့်တောရသို့
ပြန်ရောက်တော်မူသည်။

အလွန် နတ်ကြမ်းသော နေမိန္ဓရတောင်လည်း သာသနာရောင် လွှမ်း၍ ကမ္မဋ္ဌာန်း
ဌာန်ကြီးအဖြစ် သထုံမြို့၏ ကျက်သရေကို တိုးမြှင့်စေတော့သည်။

(ရဟန္တာ အရှင်မြတ်ကြီးနှစ်ပါး၏ အတ္ထုပ္ပတ္တိများကို အသီးသီး ရေးသားကြရာတွင်
မိမိတို့၏ ဆရာ့ဂုဏ်ကို ဖြစ်ရပ်လည်းမှန်၊ ယုတ္တိလည်းတန်၍ တစ်ဆင့်ခံ
နားကြားကိုပင် ချဲ့ကား၍ ဂုဏ်ပြုခြင်းမျိုး အလျဉ်းမပါဝင်စေသင့်ပါ။ အချင်း
ချင်းလည်း ချစ်ကြည်ရင်းနှီးစွာ သာသနာပြုတော် မူခဲ့ကြရာ အရှင်မြတ်ကြီးတို့အား
ထိပါး ပုတ်ခတ်ရာ မရောက်အောင် ယောနိသောမနသိကာရဖြင့် အသီးအသီး
သတိပြုတော်မူကြပါလျှင် အစဉ်အဆက်လည်း သံသယကင်းစွာ ကုသိုလ်ပွားကြ
ပေရာ၏။ သတိပြုတော်မူကြပါကုန်။)

