## PAGE 475


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၁၉

စည်သံဗျောသံ တလွင်လွင်ဖြင့် ရှင်ပြုမင်္ဂလာအလှူပွဲ ကျင်းပနေ၍ ရွာနီးချုပ်စပ်မှ အလှူပွဲ
လာသူများဖြင့် စည်ကားလျက်ရှိ၏။ ကျောက်ပနံ ရွာသူရွာသားတို ့လည်း အားရဝမ်းသာ
အလှူမဏ္ဍပ်၌ ဝိုင်းကူ၍ ကုသိုလ်ယူနေကြ၏။ မဏ္ဍပ်အဝင်နှင့် သံဃာစင်ရှေ့၌ သဲဖြူခင်း၊
ရာဇမတ်ကာ၊ ငှက်ပျောပင်များစိုက်၍ မဏ္ဍပ်အမိုး၌ ငှက်ပျောများ အခိုင်လိုက် ဆွဲထားသည်။
လှူဖွယ်ပစ္စည်းများကိုလည်း ခင်းကျင်းထား၏။

ဧည့်သည်များ စားသောက်ရန် လက်ဖက်ပွဲများ၊ ကြိုက်သလို ကိုယ်တိုင်လိပ်၍
သောက်ရန်ဆေး၊ ဆေးရိုးနှင့် ဖက်များထည့်ထားသော ဆေးလိပ်ဗန်းများကို လုံမငယ်များက
လိုက်လံချပေးကြ၏။ အချို့ သက်ကြီးရွယ်အို ယောက်ျားကြီးများမှာ ပုဆိုး ခါးပုံချ၍ အင်္ကျီ
မပါဘဲ ဝိုင်းဖွဲ့ပြောဆိုနေကြသည်။ (တိုက်ပုံအင်္ကျီကိုချွတ်၍ ပခုံးတင်လာကာ အလှူရွာဝင်ခါနီးမှ
ဝတ်ခဲ့ကြ၍ မဏ္ဍပ်ရောက်လျှင် အင်္ကျီချိတ်ဆွဲရန် - အသင့်လုပ်ထားသော မဏ္ဍပ်တိုင်၌
ချွတ်ပြီး ချိတ်ဆွဲထားလေ့ ရှိကြသည်။)

ထိုသို့သော တောသူတောင်သားများကြားတွင် ကိုသာဗျော၏ ဝတ်ပုံ၊ စားပုံ၊ နေပုံ၊
ထိုင်ပုံမှာ လူနှစ်ရာ သုံးရာထဲတွင် အပေါ်လွင်ဆုံးဖြစ်၏။ တာဝန်ကျသော အလုပ်ကလည်း
စာပွဲကိုရှေ့ချ၍ ဟန်နှင့်ပန်နှင့် အလှူငွေလက်ခံ မှတ်သားရသော စားရေးအလုပ်ဖြစ်သည်။
အလှူသို့လာသူတိုင်း သူ့ကိုပင် အလျင်တွေ့ကြရ၏။ ပြီးမှ သဘောတူရာတူရာ စားသောက်ရင်း
ဝိုင်းဖွဲ့ပြောဆိုကြသည်။ ထို့ကြောင့် ကိုသာဗျော၏ အလုပ်သည် အရေးအပါဆုံးဖြစ်၏။
ဘုန်းကြီးဘဝက လူထွက်လာသည်မှာ မကြာလှသေးသဖြင့် ဣန္ဒြေလည်း ကောင်းလှသည်။
ကျီးကန်းတို့အကြား ဟင်္သာနားသကဲ့သို့ တောသူတောင်သားတို့အလယ်၌ ကိုသာဗျော
ဥပဓိမှာ ထယ်ဝါသပ်ရပ်လှပေ၏။

လူပြန်တော် ပညာရှိ ကိုသာဗျော၏ အစ်မ မထွန်းဇံက အိမ်အစောင့်ကျန်ခဲ့၍ နှမ
မဝန်နှင့် မမကြီးတို့ကား မဏ္ဍပ်၌ ဧည့်ခံတာဝန် ကျနေကြ၏။ ဧည့်သည်များ တစ်သုတ်ပြီး
တစ်သုတ် ဝင်လာကြသည်။ ကိုသာဗျောထံ ကူငွေများ ထည့်သွင်းကြရာ စာရင်းမှတ်လိုက်၊
ငွေသိမ်းလိုက်၊ အမ်းလိုက်ဖြင့် အလုပ်များနေ၏။ အချို့အဒေါ်ကြီးများက “ဪ......ဘယ်သူ
များလဲလို ၊ ဦးသာဗျောပါလား၊ ကဲ-စာရင်းကုပ်လိုက်ပါဦးလေ၊ တပည့်တော်မက.....အဲ
လေ..ယောင်လို့.....ကျုပ်က တစ်ကျပ်” ဟု အယောင်ယောင် အမှားမှား နှုတ်ကျိုးပြီး
ပြောကြသောအခါ ကိုသာဗျောမှာ ပရိသတ်အစုံဝင်ခဲ့၍ အတွေ့အကြုံများစေကာမူ ရှက်အမ်းအမ်း
ဖြစ်သွား၏။

ကိုသာဗျောသည် ခပ်ငယ်ငယ်ကပင် နန်းတော်တွင်း၌ ဘုရင့် စာရေးတော်ကြီး
လုပ်ရန် ရည်ရွယ်၍ သတ်ပုံသတ်ညွှန်း လက်ရေးလက်သားမှအစ နန်းသုံးတော်ဝင် ဖြစ်
အောင် “ပေ” အရေးအသားကိုပင် ကျိတ်၍ လေ့ကျက်ထားဖူးသည်။ ဘုရင့်ရှေ့တော်၌
မှတ်တမ်းရေးသောအခါ ငုံ၍ ခစားရာမှ မော်ဖူးခွင့်မရဘဲ ဒူးတုပ်ပျပ်ဝပ်လျက်က ဘယ်လက်ဖြင့်
ပေရွက်ကို ကိုင်ကာ ခေါင်းပေါ်၌တင်၍ ညာလက်ဖြင့် ကညစ်ကိုကိုင်ကာ ခေါင်းဖော်၍ပင်
မကြည့်ဘဲ ငုံ့၍ရေးသားရသည် ဆို၏။ ထိုအတိုင်းပင် လေ့ကျင့်ခဲ့ဖူးသတတ်။


## PAGE 476


၄၂ဝ

ဓမ္မာစရိယ ဦးဌေးလှိုင်

ယခုမူ ကိုသာဗျောသည် နန်းတွင်း စာရေးတော်ကြီး မဖြစ်ဘဲ တောတွင်းစာရေး
ဖြစ်၍နေ၏။ ပရိသတ်များ အလာစဲသွားသဖြင့် ကိုသာဗျောသည် ငွေများကို အလှူရှင်
လက်သို့အပ်ရန် စာရင်းနှင့်ငွေ ကိုက်မကိုက် ပြန်၍ စိစစ်နေ၏။ စည်ဗျောများကို နှဲကြီး
အော်သံနှင့်အတူ တစ်ချီတစ်လော တီးမှုတ်ကြပြန်သည်။ ဘုန်းတော်ကြီးများ ကြွလာပြီ
ဖြစ်ကြောင်း ဗျောသံဖြင့် ပရိသတ်များ သိနေကြ၍ မဏ္ဍပ်အဝင်ဘက်သို့ ပရိသတ်အားလုံး
လှည့်မျှော်ကြည့်နေကြ၏။

ဘုန်းတော်ကြီးများ ယပ်ကိုထမ်း၍ ထေရ်စဉ်ဝါလိုက် မဏ္ဍပ်တွင်းသို့ ကြွဝင်လာကြရာ
ပရိသတ်အားလုံး ဦးချနေကြသည်။ ကိုသာဗျောကား စာရင်းကုပ်တုန်း။ ဘုန်းတော်ကြီးအားလုံးက
ကိုသာဗျောအကြောင်းကို သိနေကြပြီး ဖြစ်သည်။ ကြွဝင်လာသော ဘုန်းတော်ကြီးတိုင်းလိုလိုပင်
အလွန်ထင်ရှားလှသော ကိုသာဗျောကိုကြည့်၍ ပြုံးစိစိ ဖြစ်သွားကြသည်။ ခေါင်းပေါင်းက
နီတာရဲ၊ ပိုးသားလုံချည်က နီတာရဲ၊ စာပွဲတစ်လုံး၌ ကုန်း၍ စာရင်းကုပ်နေသော
ကိုသာဗျော၏ ဝတ်ပုံစားပုံ အချိုးမကျသည်ကို မြင်၍ ပြုံးတော်မူကြခြင်းဖြစ်၏။

အင်းဝခေတ်က ရမည်းသင်းစား ‘သီလဝ အမတ်ကြီး” သည် တစ်သက်တွင် သုံးကြိမ်
မျှသာ ရယ်ဖူးသည်ဆို၏။ တစ်ကြိမ်မှာ ဘုန်းကြီးလူထွက် တစ်ယောက် ဧရာဝတီမြစ်အတွင်း၌
ခေါင်းပေါင်းမချွတ်ဘဲ ရေချိုးရေငုပ်နေသည်ကို မြင်ရ၍ ရယ်ခြင်းတစ်ပါးဟုဆိုရာ ဘုန်းကြီး
လူထွက်တို့သည် ရာဇဝင်နှင့်လာကြသူများ ဖြစ်ကြ၏။ အချိုးမကျသော ကိစ္စမှန်သမျှ
နာမည်ငှားပင် လိုက်နေကြရသည်။

ကိုသာဗျော၏ ငယ်ဆရာ စော်ကဲကျောင်း ဘုန်းတော်ကြီးလည်း အလှူပွဲသို့ ကြွရာ
ကိုသာဗျောကို မြင်သွားသောအခါ များစွာ စိတ်မကောင်းဖြစ်ရှာ၏။ စာသင်ဘက် ဘုန်းကြီး
များကလည်း ယပ်ကိုကွယ်၍ တစ်ပါးနှင့်တစ်ပါး ကိုသာဗျောတော်ပုံကို . ချီးကျူးကာ
စိတ်မကောင်းဖြစ်နေရှာကြ၏။ ကိုသာဗျော၏ အရည်အချင်းနှင့် ဘဝကံကြမ္မာကို သိထားသူတိုင်း
စိတ်မကောင်း ဖြစ်ကြမည်မှာ မလွဲပေ။

ကိုသာဗျောဟူသည် “ပဋိပတ္တိ သာသနာဝင်’ တွင် နေလပမာ ထင်ရှားလာမည့်
“သထုံဇေတဝန် ဆရာတော်ဘုရားကြီး” ၏ လောင်းလျာ နုစဉ်ကာလ တစ်ဖြစ်လဲဘဝ
ရောက်နေရသူပင်တည်း။ မည်သို့မျှ လူဝတ်ကြောင်ဘဝနှင့် မတန်သော ကိုသာဗျော။

အချိန်တိုတိုနှင့် ဇာတ်စုံက ရရှာခြင်း

ကိုသာဗျောသည် အဓိကန်ကြီးကုန်း ရွာသူ ဒေါ်ပိုင်၊ အဖကျောက်ပနံရွာသား ဦးညို
တို့မှ ၁၂၃၀-ပြည့်နှစ် တပို့တွဲလဆန်း ငါးရက်၊ စနေနေ့ နေဝင်ပဟိုရ် လေးချက်တီး
အချိန်၌ ဖွားမြင်ခဲ့၏။

ရှစ်နှစ်သားအရွယ်တွင် ကျောက်ပနံ၊ ကန်ကြီးကုန်း နှစ်ရွာကြား စော်ကဲဘုန်းကြီး
ကျောင်း၌ ပညာသင်ရသည်။ ယဉ်ကျေးဖွယ်ရာ အရာရာ အလိုက်သိခြင်း အထူးသဖြင့်


## PAGE 477


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၂၁

ဉာဏ်ထက်မြက်၍ လုံ့လဝီရိယ ရှိခြင်းကြောင့် စော်ကဲဘုန်းကြီး၏ အရေးပေး ခံရသူဖြစ်၏။
မကြာမီပင် ကျောင်းသားတို့ တတ်အပ်သော သင်ရိုးကုန်၍ တစ်ဆယ့်နှစ်နှစ်သား အရွယ်တွင်
သဒ္ဒါရှစ်စောင်နှင့် နိယံများ ပုဒ်စစ်ကျမ်းများကိုပါ နှုတ်ငုံရပြီး ဖြစ်သည်။ ဉာဏ်ထက်လွန်း
လှသူဖြစ်၍ ဆရာဘုန်းကြီးက သင်္ဂြိုဟ်သင်မပေးမီကပင် အဘိဓမ္မာညဝါများကို စမ်း၍
သင်ပြပေးရာ မကြုံစဖူး အံ့သြယူရသည်။

တစ်ဆယ့်လေးနှစ်သားအရွယ် ရောက်သော် ရှင်နာရဒအမည်ဖြင့် ရှင်ဖြစ်၍ သာမဏေ
ကျင့်ဝတ် သင်ရိုး ကုန်ပြီးနောက် ရဟန်းတော်များ သင်ယူရသော ဒွေမာတိကာကိုပင်
အာဂုံရနေ၏။ သို့နှင့် ဆရာက စာသင်သား ရဟန်းကြီးများသာ သင်ယူနိုင်သော ဝိနည်း
ပိဋက ပါဠိတော်ကြီး ငါးကျမ်းကို သင်ပြပေးရာ သုံးလေးနှစ်အတွင်း ဝိနည်း ငါးကျမ်း
ပေါက်မြောက်သွားသည်။

ရှင်နာရဒ ကိုရင်ဘဝတွင်ပင် သာသနပန္နက်သဲ ချပေးလိုက်ခြင်းဖြစ်၏။ စော်ကဲဘုန်းကြီး
ကား ချီးကျူးဂုဏ်ယူ၍ မပြီးနိုင် ရှိတော့သည်။

ရှင်လူထွက် သူပုန်ကလေး

ကိုရင်ရှင်နာရဒသည် အရွယ်နှင့် မလိုက်အောင်ပင် စာတော်သူဖြစ်၏။ “ဘုန်းကြီး
ဖြစ်လဲဖြစ်၊ မဖြစ်လဲ နန်းတော်မှာ စာပေပညာဖြင့် အမှုထမ်းမယ်” ဟု အားခဲထားသည်။
အကြံဉာဏ်လည်း ကြီး၍ ဇွဲသတ္တိလည်းရှိ၏။ သို့သော် မမျှော်လင့်နိုင်သော ကံအကြောင်းတရား
တို့က သွေးအားသစ်စ ရှင်နာရဒ၏ ဘဝ၌ စီမံကိန်းချထားသမျှ လွဲချော်သွားစေခဲ့သည်။
ရုတ်တရက် ဖခင်ကြီး ကွယ်လွန်၏။ ခုနစ်လအကြာ မိခင်ကြီးပါ'ကွယ်လွန်ပြန်၏။ အစ်မ,
မထွန်းဇံနှင့် နှမ,မဝန်၊ မမကြီးတို့ကား မျက်စိသူငယ် လူမမယ်မျှသာ ရှိသေး၍ မှီတွယ်ရာမရှိ
အတိဒုက္ခ ရောက်ကြရသည်။

ရှင်နာရဒ လူထွက်ရလေပြီ။

ရှင်လူထွက် မောင်သာဗျောသည် ကံစီမံသည့်အတိုင်း မောင်နှမလေးဦးသား
ကျောက်ခဲကုန်း၌ နွားနှင့်အတူရုန်းကာ ဝမ်းကျောင်းနေရရှာ၏။

“လူဖြစ်လာမှတော့ တစ်နေ့ မင်းမှုထမ်းဖြစ်ရမည်” ဟူသော အကြံက ဝင်လျက်ရှိပြန်၏။

သို့သော် ခေတ်အခါက ထိုအကြံကို အမြစ်ပြုတ် ချိုးဖျက် ပစ်လိုက်သည်။ ၁၂၄၇-
ခုနှစ်၊ မောင်သာဗျော တစ်ဆယ့် ခုနစ်နှစ်သား အရွယ်တွင် မိစ္ဆာဒိဋ္ဌိကုလားဖြူများက
မြန်မာနိုင်ငံကို ကျွန်ပြုလာကြကုန်၏။ အနယ်နယ်၌ ပုန်ကန်ထကြွလာကြသည်။ စိတ်လိုက်
မာန်ပါ လုပ်တတ်သော ဗီဇ၊ တက်ကြွသောအရွယ်၊ ကြံရွယ်သမျှ မှန်းချက်မကိုက်
အကြောင်းများ တိုက်ဆိုင် ဆုံစည်းလာသဖြင့် မောင်သာဗျော တစ်ယောက် ကျောက်ပနံရွာမှ
ကိုယ်ရောင်ဖျောက် သွားလေတော့သည်။

အင်္ဂလိပ်များ´ အုပ်စိုး၍ သူပုန်သူကန်များ အေးဆေးသွားခါမှ မောင်သာဗျော

