## PAGE 481


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၂၅

သာသနာပြုရသဖြင့် ဝမ်းမြောက်နေ၏။ သို့သော် မကြာမီပင် ကိုရင်ကြီးအချို့နှင့် လက်ထက်တော်
ပါ ဦးပဉ္ဇင်းအချို့ အပေါ် သြဇာမကိုက် ရှိနေသည်။ သည်းခံဆုံးမ ဟောပြော၏။ ငယ်မွေး
ခြံပေါက် ဆရာတပည့် မဟုတ်ကြသဖြင့် “ဦးပဉ္စင်းကြီးလာက ဘုန်းကြီးရန်သူ” ဟူသည့်အတိုင်း
တဖြည်းဖြည်း အုပ်ချုပ်ရခက်၍ လာတော့သည်။ နောက် ကျောင်းသား၊ ကိုရင်ကြီးများထိ
ဆန့်ကျင်ဘက် သြဇာသက်ဝင်ကာ ဆုံးမရန် တစ်နေ့တခြား ခက်၍လာ၏။

“စာတတ်သော်လည်း မအုပ်ချုပ်တတ်' ဟု အထင်ခံရမည်စိုး၍ ကြိုးစားသည်းခံ
ပါသော်လည်း နောက်ဆုံးတွင် ကျက်သရေခန်းအတွင်းဝင်၍ သင်္ကန်းကို ခေါင်းပုခြုံကာ
ချုံးပွဲချငိုရလေတော့၏။ နာမည်ကျော်စ တစ်နယ်လုံးက အထင်ကြီးနေပြီဖြစ်၍ မည်သို့
စီမံရမည်ကိုမသိ၊ ရုတ်တရက် ထွက်သွား၍လည်းမရ၊ များစွာ စိတ်ဆင်းရဲရလေ၏။
(အမွှေဓာတ်ကို သတိပြု။)

ပရိသတ်နှင့် စာနှင့် အပိုင်ဖိလိုက်သော်လည်း ထိုပရိသတ်နှင့် ထိုစာကပင် ဦးနာရဒအား
ဘဝလမ်းကြောင်းပြောင်းရန် နှိုးဆော်နေတော့သည်။

ကောင်းမည့်သူကို ဆိုးအောင်လုပ်၍မရ၊ ဆိုးမည့်သူကို ကောင်းအောင်လုပ်၍ ရခဲမျှ။
ဦးနာရဒသည် အားရအောင်ငိုပြီး နောက်တစ်ရက်မှစ၍ သံဝေဂဝင်ကာ “စိတ်ဆိုးရ၊
စိတ်ညစ်ရ၊ ငိုကြွေးရသည့် ဒုက္ခကား ပူလောင်လှ၏။ ထိုဒုက္ခက လွတ်စေနိုင်သည့်တရား
မရှိတော့ပြီလော” ဟု အဖြေရှာ၍ စိတ်ပြေလက်ပျောက် စာကြည့်နေခဲ့၏။

“သောကပရိဒေဝါနံ သမတိက္ကမာယ=သတိပဋ္ဌာန်လေးပါး တို့သည် စိုးရိမ်
ငိုကြွေးခြင်းတို့ကို လွန်မြောက်ခြင်းငှာ လည်းကောင်း၊ ဒုက္ခဒေါမနဿာနံ
အတ္ထင်္ဂမာယ=ကိုယ်စိတ် ဆင်းရဲခြင်းတို့၏ ကင်းပျောက်ခြင်းငှာ လည်းကောင်း.
ဖြစ်ကုန်၏”

ဟူသော သတိပဋ္ဌာန် ပါဠိတော်ကို သွား၍ တွေ့ရာ ဆွေ့ဆွေ့ခုန်မျှ ဝမ်းသာသွား၏။
သို့သော် မည်သို့ရှုမှတ်ရသည်ကိုမူ မစဉ်းစားမိသဖြင့် ရိုးရာ ဗုဒ္ဓါနုဿတိ၊ မေတ္တာကမ္မဋ္ဌာန်း
တို့ကိုသာ စမ်း၍ ကြည့်နေမိခဲ့သည်။

“မင်းကွန်းသို့ရောက်လျှင် ထိုအဖြေရမည်' ဟု မျှော်လင့်ယုံကြည်စိတ်က ပြင်းပြစွာ
ဝင်လာ၏။ သို ့နှင့် မကြာမီ သက်ဆိုင်ရာ ဆရာသမားနှင့် ဒကာ ဒကာမများကို ပြေလည်
အေးဆေးစွာ ပြောဆို၍ ထို မတ္တရာ စာသင်တိုက်မှ မင်းကွန်းတောင်ပေါ်ကြီး ကျောင်းသို့
ထွက်ခွာခဲ့လေ၏။

ဦးနာရဒသည် မတ္တရာမှ မင်းကွန်းသို့ ရောက်သောအခါ တောင်ပေါ်ကြီး ကျောင်းမှ
အလယ်တောရသို့ ရွှေ့ပြောင်း သီတင်းသုံးရပြန်၏။ ဦးနာရဒ၏ ဘဝတွင် ယခုတစ်ကြိမ်
အပြောင်းသည် အကောင်းဆုံး ဖြစ်ခဲ့၏။ တောင်ပေါ်ကြီး ကျောင်းဆရာတော်သည်
ပဋိပတ်၌ သင့်ရုံသာလုပ်၍ ပရိယတ် ကျမ်းစာများကိုသာ အချိန်ရှိသမျှ ကြည့်ရှုရန် ဝါသနာ
ကြီးသဖြင့် ဦးနာရဒလည်း ထိုအတုကိုယူခဲ့မိ၏။ အလယ်တောရ ဆရာတော်မှာမူ ပဋိပတ္တိ၌
ပို၍အားသန်သော ဆရာတော်ဖြစ်သည်။


## PAGE 482


၄၂၆

ဓမ္မာစရိယ ဦးဌေးလှိုင်

“စာသင်စာချရတာလဲ များလှပြီ၊ ဒီလိုနေသွားလို ့ ရဟန်းတရား အားထုတ်ရတော့မည်
မဟုတ်၊ ရဟန်းတရား အားမထုတ်နိုင်လျှင်လည်း စာတွေ မည်မျှတတ်တတ်၊ ဒုက္ခမှ
လွတ်ရတော့မည် မဟုတ်ပါကလား” ဟူသော မီးခဲပြာဖုံး ဖြစ်ခဲ့ရသည့် အသိဉာဏ်သည်
ခေါင်းပေါ်၌ မိုးကြိုးကျသည်ထက် ပြင်းထန်ပေ၏။´ စာသင်စာချခြင်းဖြင့် နယ်လည်း
စုံခဲ့ပြီ။ လူမှုဒုက္ခများလည်း ကြုံခဲ့ပြီ။ မီးခဲပြာဖုံး အသိဉာဏ်ကြီးက မေ့လျော့စွာ သိမ်းပိုက်
လာခဲ့မိသော ဘဝဇာတ်ရှုပ်အထုပ်ကြီးကို တစ်ကန့်စီ တစ်ကန့်စီ ဖြေ၍ ပြနေ လေတော့သည်။

“ငါ့ဘဝကား အချိန်ပိုင်း အတွင်းမှာဘဲ အပြောင်းအလဲတွေ များပြီး ချောက်ကမ်းပါးကျဖို့
လက်မတင်ကလေး လိုပါတော့ကလား” စသည်ဖြင့် ငယ်စဉ်မှစ၍ မိမိ၏ ခရီးသည်ဘဝကို
တောင်ပေါ်မှ စီး၍ ကြည့်လိုက်သကဲ့သို့ ကြက်သီးထမိလေတော့သည်။

အပ္ပမာဒ သိုက်စောင့်ကြီးများ

ဦးနာရဒသည် သက်တော်လည်း ၃၇-နှစ်ရှိလေပြီ။ ဆရာတော်ထံ၌ ရဟန်းတရား
ရှုပွားနည်းကို လျှောက်၍ ကျင့်တော့မည် ကြံသော်လည်း သံဃာတော်များကို ထိန်းသိမ်းစာချ၍
တိုက်အုပ်လွှဲအပ်ခြင်းသာ ခံယူရပြန်၏။ ထိုတာဝန်ကြီးကို ယခင်က အကြိမ်ကြိမ် ထမ်းခဲ့ရစဉ်
ပထမတွင် သာယာမိသကဲ့သို့ ရှိသော်လည်း ဤတစ်ကြိမ်တွင်မူ ထိုတာဝန်ကြီးကပင်
ချောက်လှန့်နေတော့၏။ သို့သော် မရှောင်သာဘဲ ထမ်းဆောင်နေရပြန်သည်။ တရားလျှောက်ရန်
အကြံလည်း ငုပ်၍ငုပ်၍ သွားပြန်၏။

တစ်နေ့သောအခါ စာကြည့်အပြီး ရပြီးစာများကို စိတ်ပါလက်ပါ ရွတ်အံနေခိုက်
ရုတ်တရက် ဆရာတော်ကြီး ကြွလာကာ...

“ဦးနာရဒ၊ စာတွေကို ဘယ်အတွက် ဒီလောက် သင်အံကျက်မှတ်နေရသတုန်း” ဟု
မေးတော်မူရာ ငုပ်နေသော အကြံက ရုတ်တရက် ပေါ်လာကာ

“နိဗ္ဗာန်လိုချင်လို့ပါ အရှင်ဘုရား” ဟုပင် လျှောက်လိုက်မိသည်။

“နိဗ္ဗာန်လိုချင်ရင် “ဘူတံ ဘူတတော ပဿတိ” လောက်နဲ ့ပဲ ရနိုင်ပါသဗျာ” ဟု
မိန် ့တော်မူကာ အနီးမှ ထွက်ခွာသွား၏။

ဦးနာရဒ၏ ဦးခေါင်း၌ ပြင်းထန်သော ဒုတိယမ္ပိ မိုးကြိုးတစ်ကြိမ် ပစ်ချလိုက်သကဲ့သို
ရှိတော့သည်။ ဆရာတော်ကြီးကား သိတော်မြင်တော်မူဟန် ရှိပေ၏။

ကံတရားတို့သည် ဆန်းကြယ်လှ၏။ သတိ-သမာဓိ-ပညာဖြင့် စောင့်၍ကြည့်တတ်
ပါလျှင် သိသာလှပေသည်။ ဦးနာရဒလည်း သက်ပြင်းချလျက် “ဘူတံ ဘူတတော ပဿတိအ
ဟု နှုတ်က အကြိမ်ကြိမ် ရေရွတ်ကာ အဓိပ္ပာယ်ကို တွေ့ပြီး စဉ်းစားနေမိ၏။

“အရှိကို အရှိအတိုင်းမြင်လျှင် နိဗ္ဗာန်ရတော့ တာပဲ” ဟု ဒက်ကနဲ သဘောပေါက်ကာ
လက်တွေ့လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

66

“သံဃသာမဂ္ဂီခေါ် ဘုန်းကြီးနိုင်ငံရေး အဖွဲ့များလည်း ပေါ်လာခိုက်ဖြစ်၍ စာသင်သားများ


## PAGE 483


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၂၇

ဆုံးမရခက်သည်နှင့် ကြုံလေရာ၊ ဦးနာရဒအတွက် ပဋိပတ္တိအလုပ်ခွင်သို့ မြန်မြန် တွန်းပို့
သကဲ့သို့ ဖြစ်သွား၏။

“ဦးနာရဒ၊ ဆင်းရဲက လွတ်ချင်ရင် သတိပဋ္ဌာန်ကလွဲလို ့ တခြားလမ်းခွဲ မရှိဘူး၊
ဧကာယနောယံ မဂ္ဂေါ” ဟု ဆရာတော်ကြီးက အမိန့်ရှိရာ မည်သို ့ပွားရမည်ဟုကား
ခွဲခြား၍ အမိန့်မရှိ။ လျှောက်လည်း မလျှောက်မိပေ။ သို ့နှင့် “ မဟာသတိပဋ္ဌာနသုတ်
ပါဠိတော်ကြီး ” ကို အဋ္ဌကထာ၊ ဋီကာနှင့် တိုက်ဆိုင်၍ အပြန်ပြန် အလှန်လှန် ကြည့်ရှု
သုံးသပ်ရတော့သည်။

ယင်းသို့ သတိပဋ္ဌာန်ဆိုင်ရာ စာများကို ကြည့်ရှု၍ လွတ်လွတ်ကျွတ်ကျွတ်ကြီး ရုန်း
မည် အားပြုနေခါမှ “ပေဋကောပဒေသ အဋ္ဌကထာ” ရေးရန် အကြံကြီးက ဆီး၍ကာနေပြန်၏။
“အဋ္ဌကထာဆရာ” ဘွဲ့ထူးကို ဗန်းပြသော ထိုအကြံသည် မာရ၏ နောက်ဆုံး အသုံးပြုလိုက်သော
လက်နက်ကြီးပင် တကား၊ ထိုအချိန်က ဦးနာရဒ မြင်ချင်မှ၍ မြင်မည်ဖြစ်သော်လည်း
ဦးနာရဒကံကထိုအန္တ ရာယ်ကို အခိုက်အတန့်အားဖြင့် ခုခံကာကွယ်၍ ပေးလိုက်၏။

မကြာမီ ဆရာတော်အား ခွင့်ပန်၍ သံဃပရိသတ်ကြီးမှ ဖဲကာ အလယ်တောရ၏
အနောက်ဘက် လေးဖာလုံခန့်ဝေးသော တောထဲသို့ ဝင်ခဲ့၏။ ကမ္မဋ္ဌာန်းကျောင်းကလေး
တစ်ဆောင်ကို ဂူကလေးချောင် သီလရှင်ဆရာကြီး ဒေါ်အီက ဆောက်လှူ၍ ရတတ်သမျှနှင့်
ရောင့်ရဲကာ “အပ္ပမာဒ သတိပဋ္ဌာန် အလုပ်' ကို မဆုတ်မနစ် ရှုပွားတော်မူ၏။ (ယခု
အလယ်တောရ အနောက်တိုက်ခေါ်၏။)

ထိုအချိန်မှစ၍ တောင်ပေါ်ကြီး ဆရာတော်နှင့် အလယ်တောရ ဆရာတော်၏
အမျိုးမျိုးအဖုံဖုံ စောင့်ရှောက်ရမည့် တာဝန်ကုန်ပြီဟု ဆိုသင့်၏။ ထိုဆရာတော်နှစ်ပါးကား
ရှင်မောဂ္ဂလိပုတ္တတိဿ လောင်းလျာအား သာသနာဘောင်ရောက်ရန် အချိန်ယူစောင့်ရှောက်
ခဲ့ရသော အရှင်သိဂ္ဂဝနှင့် စဏ္ဍဝဇ္ဇီမထေရ်ကြီးတို့ ကဲ့သို့ဖြစ်တော့သည်။

အရှင် သိဂ္ဂဝမထေရ်ကြီးသည် မေဂ္ဂလိပုတ္တတိဿအား သာသနာ့ဘောင်ရောက်အောင်
ဆွဲဆောင်၍ ရောက်လျှင် ပဋိပတ်အလုပ်ကို အလျင်ခိုင်း၏။ သို့တစေ တတိယ သံဂါယနာ
သာသနာပြုရန် ရှိနေသေးသဖြင့် သာသနာမှ ဖဲခွာမသွားနိုင်ရုံ၊ သမာဓိ အသိဉာဏ်
ရင့်ကျက်ရုံ ပဋိပတ်လမ်းစ သောတာပန်မျှလောက်သာ ချီးမြှောက် ရပ်ဆိုင်းထား၏။ ဓမ္မ
ရသကို သိသွားသဖြင့် ကြောင့်ကြမဲ့နေမည်စိုး၍ အရဟတ္တဖိုလ်ပေါက် အရောက်ပို့တော်မမူခဲ့။
ထို့နောက်မှ ပရိယတ္တိ သင်ယူရန် စဏ္ဍဝဇ္ဇီမထေရ်ကြီးထံ ပို့လွှတ်၏။ သာမဏေဘဝဖြင့်
တိပိဋကဓရ ဖြစ်ခဲ့သည်။ (ပါရာဇိက ကဏ္ဍအဖွင့် ၃၀-၃၁။)

စင်စစ် တောင်ပေါ်ကြီးနှင့် အလယ်တောရ ဆရာတော်ကြီးနှစ်ပါးကား ပုဂံမင်း၊
မင်းတုန်းမင်းတို ့၏ ဆရာ ဈာန့်အဘိညာဉ်ရ သီးလုံးဆရာတော် ၏ အပ္ပမာဒ အမွေခံ
တပည့်ကြီးများ ဖြစ်ကြ၏။ အလယ်တောရ ဆရာတော်အား “အနာဂါမ်ကြီး’ ဟုပင်
ထိုခေတ်က ဆိုသည်

ထိုအပ္ပမာသသမှုကို မိမိတို့လည်း စားသုံးကာ ထိုအပ္ပမာဏ သိုက်ကြီးကို ဆက်လက်

