## PAGE 487


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

:

၄၃၁

ဥပုသ်ရက်ရှည် စောင့်နေကြသော` မန္တလေးမြို့ သူရဲဈေးမှ ပွဲစားကြီး ဦးသစ်-ဒေါ်ကျော့
စနီးမောင်နှံတို့ “ထူးဆန်းလှသည်” ဟု ကြားရသော တရားကိုနာရန် ရောက်လာကြ၏။
နာရုံမျှ မတင်းတိမ်နိုင်ကြသဖြင့် လက်တွေ့ကျင့်ကြံရန် လျှောက်ထားကြရာ သတိပဌာန်
အကျိုးသွားနှင့်တကွ ရှုမှတ်ပုံကို ပြပေးတော်မူ၏။

ဣရိယာပထပိုင်းနှင့် သမ္ပဇညပိုင်း ရောယှက်ကာ ရုပ်ပိုင်း ရှုမှတ်ပုံ ဦးစွာပြပေး၏။
“ရုပ်ကို သုံးသပ်လျှင် နာမ်လဲ သူ့အလိုလို ပေါ်လွင် ထင်ရှားလာတော့သည်” ဟု
ဝိသုဒ္ဓိမဂ်၌ လာသည့်အတိုင်း ရုပ်ကို နိုင်၍လာသောအခါ နာမ်သဘောများကို ဆက်လက်
ရှုမှတ်စေ၏။ လေးငါးရက်ခန့်ရှိလျှင် ယောဂီကိုယ်တိုင်ပင် တရားအရသာများကို မြီးစမ်းလာရမြဲ
ဖြစ်သဖြင့် ဇနီးမောင်နှံနှစ်ဦးစလုံး ရွှင်လန်း တက်ကြွလာကြသည်။

လူ့ပြည်နတ်ပြည်၌ မရှိသော ချမ်းသာ(မဟာဋီကာအလို့) အလုပ် မလုပ်သူတို့
မသိနိုင်သော ချမ်းသာ (အမာနုသီရတိ) ကို ရက်ပိုင်းမျှဖြင့် သိမြင်သွားကြရာ ပင်ပန်းသည်
မထင်တော့ချေ၊ ရှေ့ကိုပင် တိုး၍တိုး၍ ရှုမှတ်လိုကြ၏။ ဘုန်းကြီးကလည်း ယောဂီ၏
အမူအရာကိုကြည့်၍ အလျှော့အတင်း ညှိပေးနေသည်။

“အင်း ဒကာကြီး ဒကာမကြီးများ ရှုမှတ်ကြတဲ့အခါ ဖြစ်အောင်လဲ မပြုန်း
ပျက်အောင်လဲမပြုနဲ့။ ဖြစ်တာ. ပျက်တာကိုသာ သိပ။ ဖြစ်အောင် ပြုတော့ လောဘ၊
ပျက်အောင်ပြုတော့ ဒေါသ၊ ဖြစ်တာပျက်တာကို မသိတော့ မောဟ

ပါဠိပါဌ်သား အသံထား အသံနေမပါ၊ လူသာမန်တို့အဖို့ ဘာတွေပြောနေမှန်း
မသိနိုင်သော ထို တုံးတိတိ တရားစကားများမှာ ပွဲစားကြီး ဇနီးမောင်နှံအတွက် ရိုးတွင်းခြင်ဆီ
စိမ့်မျှ နှစ်သိမ့်ကျေနပ်သွားကြ၏။ ရှုမှတ်ရာတွင်.မည်သို့ စိတ်ထားရကြောင်း တစ်ချက်တည်း
နားရှင်း၍ အသိဉာဏ်လင်းသွားလေတော့သည်။တစ်နေ့ထက်တစ်နေ့ သဒ္ဓါ၊ ဝီရိယ၊ သတိ၊
သံမာဓိ၊ ပညာ ဣန္ဒြေငါးပါးတို့ ရွှင်လန်းထက်သန်ကာ ထိုဣန္ဒြေငါးပါးလုံး ညီမျှလာကြသဖြင့်
တစ်လခွဲ နှစ်လအတွင်း မည်သူဖျက်၍မှ မပျက်နိုင်သော အသိဉာဏ် အလင်းကြီး ရရှိ
သွားကြလေတော့၏။

ထို့နောက် ဦးသစ်၏ညီ ဦးညွန့်၊ ဖြူးမြို့သူဥပုသ်သည် အဒေါ်ကြီး (နောက်
တရားအားထုတ်ပြီး သီလရှင် ဝတ်သွားသူမော်လမြိုင်ဆရာကြီး ဒေါ်ကုသလ)၊ ကညွတ်ကွင်း
ဦးခင်(တရားအပြီး ရဟန်းဝတ်သွားသည်။ ဘွဲ့-ဦးမေဓာဝီ)၊ ဦးခင်၏ မိတ်ဆွေ မြို့လှ
ဦးစံဒွန်း စသော အမြို့မြို့အနယ်နယ်မှ ယောဂီသစ်များ တစ်ဆင့်စကား တစ်ဆင့်နားဖြင့်
မပြန့်ပွားလာလေတော့၏။ မင်းကွန်း အလယ်တောရ အနောက်တိုက် ဇေတဝန်ကျောင်း၌
လေးငါးလ စွဲစွဲမြဲမြဲ ကျင့်ကြံနေထိုင်သော ယောဂီများပင် ရှိလာကာ “ဇေတဝန်ဆရာတော်''
ဟူသော အမည်နှင့်အတူ ‘သတိပဋ္ဌာန်တရား” ဟူသော အသံသည် - စပ်ရာစပ်ရာ၌
လွင့်ပျံ့လျက်ရှိ၏။ နားယဉ်စပြုလာကြသည်။

•

မဖြစ်မနေ ထက်ထက်မြက်မြက် ဇွတ်တရွတ် တစ်ယူသန်လုပ်တတ်သော ဆရာတော်၏
ဘိာတိပါစိတ်ထားကို သတိပဋ္ဌာန်ကဲ့သို့ မှန်ကန်သော အလုပ်၌ အသုံးချလိုက်သောအခါ


## PAGE 488

၄၃၂


ဓမ္မာစရိယ ဦးဌေးလှိုင်

အံကိုက်ဖြစ်၍ သွားတော့၏။ နှစ်ကာလ ရှည်လျားစွာ နှစ်မြုပ်ပျောက်ကွယ်နေခဲ့သော
ရတနာအိုးကြီးကို ထုတ်ဖော်ရာ၌ ထိုစိတ်ထား ထိုလုံ့လမျိုးဖြင့်သာ တူးဖော်ယူနိုင်ပေသည်။

ယောက်မ,က ပေးသော သစ္စာလေးပါး

“တစ်ယောက်ကစ တစ်ရာ” ဟူသကဲ့သို့ အရပ်ရပ် ယောဂီဟောင်းများ၏ တိုက်တွန်း
နှိုးဆော်ချက်အရ ယောဂီဦးရေ တစ်နေ့တခြား တိုးပွားလာ၏။ အထူးသဖြင့် ဦးစံဒွန်းနေသော
မြို့လှမြို့မှ ယောဂီသစ်များ မင်းကွန်းသို့ လာရောက်အားထုတ်ကြရာ ဦးစံဒွန်း၏ နှိုးဆော်မှုမှာ
အအောင်မြင်ဆုံး ဖြစ်ခဲ့သည်။ ဦးစံဒွန်း မင်းကွန်းလာ အားထုတ်စဉ်က ကိုးလခန့်ကြာ၍
ဦးစံဒွန်းအား ထိုစဉ်က ပေးသော တရားမှာ စတုမဓုချက်ရသော တရားဖြစ်၏။ ဆရာတော်သည်
ယောဂီ၏ အမူအရာကို ကြည့်၍ တရားရှုကွက် အာရုံကိုလည်း ပြုပြင် ပြောင်းလဲပေးလေ့ရှိသည်။

ရှင်သာရိပုတ္တရာသည် ပန်းထိမ်သည်သား ရဟန်းအား အသုဘ ကမ္မဋ္ဌာန်းအပေးမှား၍
တရားမရနိုင်ရှိစဉ် ဘုရားရှင်က အနုကြိုက် စရိုက်ဓလေ့ကို မြင်၍ ကြာအိုင် ဖန်ဆင်းပြပြီး
ကြာပန်းကို အရှုခိုင်းသကဲ့သို့ အဘိညာဉ်မရဘဲ ချိန်ဆ၍ ပေးရသည်မှာ လွယ်ကူသော
အလုပ်မဟုတ်ချေ။ (ဧကနိပါတ်။ တိတ္ထဇာတ်။)

တစ်နေ့သ၌ ဦးစံဒွန်းအား နေပူကျဲကျဲတွင် (ထော၊သကာ၊ဆီ၊ပျား) စတုမဓု အိုးကို
ယောက်မဖြင့် အမွှေခိုင်းသည်၊ မွှေသောလက်၏ အမူအရာကို ကြည့်၍ “မွှေတယ်၊မွှေတယ်”
ဟု သိမှတ်နေရ၏။ ထိုအလုပ်မှာ နေလည်း အလွန်ပူလှ၍ ချွေးတစ်လုံးလုံးဖြင့် အခံရ
ခက်လှသည်။ လေးမျိုးလုံး သမသွားအောင် တစ်နာရီ နှစ်နာရီမျှ မနားတမ်းမွှေရသဖြင့်
အလွန်လက်ညောင်းသော အလုပ်လည်းဖြစ်သည်။ (ကြာလေ ကောင်းလေ၊ ခက်လေ
ကောင်းလေ ဖြစ်သည်၊ စိတ်မစောရ။) စတုမဓုအိုး၌မွှေသော ယောက်မသည် ဦးစံဒွန်းအား
သစ္စာလေးပါးကို ပေးခဲ့၏။ ထို့ကြောင့် ဆရာတော်၏ တပည့်များတွင် ဦးစံဒွန်းသည်
ဘာဝနာဉာဏ် ထက်သန်လှသည်ဟု ချီးကျူးခံရသူ ဖြစ်သည်။

ဗုဒ္ဓလက်ထက်တော်၌ ဟင်းရွက်ကြော်ရင်း၊ ခြေဆေးရင်း ရဟန္တာဖြစ်ခဲ့သည်ကို
အောက်မေ့ဖွယ်ပင်။ ဤအချက်က “ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲနေနေ၊ အမြဲတမ်းအမှတ်သတိ
ကပ်နေရမည်” ဟု ယောဂီအား ညွှန်ပြနေသည်။ သီဟိုဠ်ကျွန်း၌ ရဟန္တာ မဖြစ်ဖူးသော
ဆွမ်းစားဇရပ် မရှိဟု အဋ္ဌကထာ၌ ဆိုသည်။ စားလဲသတိ။

ဦးစံဒွန်း ဦးစီးသော မြို့လှ ယောဂီများသည် ၁၂၇၃-ခုနှစ်တွင် ဆရာတော်အားပင့်၍
မြို့လှဗိုလ်တဲကုန်း၌ ပထမဆုံးတရားဌာန ဖွင့်လှစ်နိုင်ခဲ့ကြ၏။ နှစ်ဝါမျှ သီတင်းသုံးကာ
တရားပြတော်မူသည်။ ထိုအချိန်မှစ၍ ရေတာရှည်၊ ဖြူး၊ ဒိုက်ဦး၊ တောင်ငူ၊ ကညွတ်ကွင်း၊
ပဲခူး၊ မအူပင်၊ ပြည်၊ လက်ပံတန်း၊ ဟင်္သာတ၊ ပျော်ဘွယ်၊ ပျဉ်းမနားစသော မြို့များသို့
သတိပဋ္ဌာန်တရားစည်ကြီးကို ရိုက်တီးတော်မူခဲ့သည်။ သတိပဋ္ဌာန်တရားကို ကြားဖူးနားဝ
မရှိကြသေးသဖြင့် ရောက်လေရာတိုင်း၌ “ဘယ့်နှယ်လဲ၊ ဘယ်လိုလဲ” စသည်ဖြင့် သံသယ

"


## PAGE 489


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

ဝင်ကာ လျှောက်ထားမေးမြန်းသူ၊ ကပ်ဖဲ့တိုက်သူတို့လည်း များလှကုန်၏။

၄၃၃

အထူးသဖြင့် ရွှေကျင်မြို့မှ ကျောင်းအစ်မ ဒေါ်ခင်ပင့်လျှောက်၍ ကြွရောက်
ဟောပြောရစဉ်ကမူ ခဲများ ပုလင်းများဖြင့်ပင် ဝိုင်း၍ ပစ်ပေါက်ခြင်း ခံတော်မူခဲ့ရ၏။
ဆရာတော်ကား စစ်မြေပြင်၌ ဆင်းနေရသော ဆင်ပြောင်ကြီးသည် အရပ်လေးမျက်နှာမှ
ပစ်လွှတ်သော မြှားဒဏ်ကို ကြံ့ကြံ့ကြီး ခံသကဲ့သို့ လောကဓံကို ခန္တီဖြင့် အနိုင်ယူလိုက်သည်။
အသိဉာဏ်နည်းသူ လူမိုက်တို့အား မာရ်နတ်ပေးလိုက်သော ခဲပုလင်းများဖြစ်သည်ကို
သိပြီးဖြစ်၍ ခွင့်လွှတ်နိုင်ခဲ့၏။ တရားဟောနေစဉ် ခဲပုလင်းများဖြင့် ပစ်ခတ်ရာ ဦးခေါင်းမှသွေးများ
တောက်တောက်ကျလာကုန်၏။ ထိုနေ့ညတွင်းချင်းပင် စေခိုင်းသူ စာတတ်ပေတတ်
ဆရာတော်ကိုယ်တိုင် လာရောက်ကန်တော့သည်ဟု ဆိုသည်။

သနားစရာကောင်းသော ငါ

မြို့လှမြို့သည် သတိပဋ္ဌာန်အလုပ်စခန်းတွက် ဦးစွာ လမ်းဖွင့်ပေးသော မြို့ဖြစ်သည်။
ဤနေရာ၌ မြို့လှမှ သီလရှင်ဆရာကြီး ဒေါ်ဥတ္တရာအကြောင်း အနည်းငယ်ဖော်ပြရန် ရှိပါ
သေးသည်။

ဒေါ်ဥတ္တရာသည် သီလရှင်အိုကြီးဖြစ်၏။ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ ဇရပ်အိုကြီး၌
သီတင်းသုံးသည်။ ခိုင်းရန်စေရန် အဖော်အလှော် မရှိ။ တောင်ဝှေးကို အဖော်ပြုနေရသည်။
အနေအစား ချို့ငဲ့လှ၏။ ထိုကျောင်းမှ ကိုရင်တစ်ပါးသည် ပရိယတ္တိထူးချွန်လှသဖြင့်
မန္တလေးရှိ စာသင်တိုက်ကြီး တစ်တိုက်၌ နာမည်ကျော် စာချဆရာတော် ဖြစ်နေ၏။
ထိုကျောင်းသို့ အလည်ပြန်ရောက်ခိုက် (ရှေးရောက်စဉ်က နှုတ်ပင်မဆက် အဖက်မလုပ်မိစေကာမူ
သေခါနီးပြီ ဖြစ်၍) မုန့်ပဲ သရေစာများဖြင့် ဇရပ်သို့ ကြွရောက်နှုတ်ဆက်သည်။ အဖော်အလှော်
မရှိ၍ အလွန်သနားနေမိ၏။

ရောက်ခိုက် သတိပေးတရား ချီးမြှောက်သောအားဖြင့် “ဆရာကြီးလဲအသက်ကြီးပြီ၊
ပုတီးကြိုးစားစိပ်ပါ။ ဗုဒ္ဓါနုဿတိ နှလုံးသွင်းပေါ့” စသည်ဖြင့် ဟောပြောရာ ဒေါ်ဥတ္တရာသည်
ရိုသေစွာနာယူနေ၏။ အတန်ကြာ စကားပြောမိသော် စာချ ဆရာတော်ကလေးသည်
ဒေါ်ဥတ္တရာ၏ စကားများကြောင့် အံ့အားသင့် သွားသည်။

"

“တပည့်တော်မ မင်းကွန်းဆရာတော်ကြီး ဒီကိုကြွလာကတည်းက သတိပဋ္ဌာန်လက်ကိုင်
ရှိနေတော့ ပုတီးမလို တော့ဘူးပေါ့ဖုရား၊ မောင်ပဉ္စင်းတို့လဲ အသက်ငယ်တုန်း ကြိုးစားပါ၊
အဖော်မလိုတဲ့ ချမ်းသာဟာ ဒီမှာမှ ရှိသကိုး ဘုရာ့၊ အဇ္ဈတ္တိက အာယတန ခြောက်ပါး
(မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်) ဟာလဲ တစ်နေ့ထက် တစ်နေ့ ထူးခြားထက်မြက်လာတော့
လူတကာတွေ မြင်တာကြားတာ သိတာနဲ ့ မတူတော့ဘူး၊ တစ်ခါတည်း စူးစူးစိုက်စိုက်
နက်နက်နဲနဲ ကြားလာမြင်လာ သိလာတယ် မောင်ပဉ္စင်းရဲ့ ၊ ဒိပြင်ဟာမပြောနဲ ၊ ဆိုင်းဝိုင်းကြီး
တီးသံ ကြားတယ်မဟုတ်လား၊ ဟိုတုန်းကတော့ နားထဲမှာ ဗြုန်းဗြုန်းဆိုပြီး ရောထွေးကြားရတာ။

