## PAGE 505

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


ကျီးများကို ကိုယ်တိုင် ပက်ကြဲ၍ ကျွေးလေ့ရှိသည်။

၄၅၁

ကျန်းမာရေးအတွက် နှစ်လရှည်ကြာ ညနေတိုင်း သကြားရေ ပူပူဘုဉ်းပေးလေ့ရှိ၏။
ရန်ကုန်မြို့ ဆေးဆရာကြီး ဆရာကြွယ်က ဆေးလှူရာ “တို့ဘာဆေးမှ မစားဘူး” ဟု
မိန့်တော်မူသည်၊ ကွမ်းကိုမူကြိုက်လှ၏။ ဆုံကို ကိုယ်တိုင် ထောင်းပြီး စားသည်။ ဝမ်းကို
ခုနစ်ရက်မှ တစ်ကြိမ်လောက်သာ သွားရ၏။ ဆိတ်ချေးကဲ့သို့ရှိသည်။ အမြဲ လမ်းလျှောက်၏။

အနေအထိုင်နှင့်စပ်၍ ဆရာတော်သည် အနီးကပ်ပြုစု စောင့်ရှောက်ရန် လျှောက်သည်ကို
လက်ခံလေ့ မရှိ။ အသက် ၈၀-ကျော်သည့် တိုင်အောင် “သူတို့လဲ သူတို့ဟာ သူတို့လုပ်၊
တို့လဲ တို့ဟာ တို့လုပ်” ဟုဆိုကာ ကိုယ်တိုင်သာလုပ်တော်မူ၏။ ထို့ကြောင့်လည်း တစ်ခါ
က တိုက်ကျောင်းလှေကား အထက်ဆုံး အထစ်မှ အောက်ခြေအထိ ခြေချော်ပြီး လိမ့်ကျရာ
နာဟန်မရှိဘဲ ချက်ချင်းပင် ပြန်ထ၍ တက်၏။ တစ်ခါက လမ်းလျှောက်ရင်း အားနည်း၍
လဲကျသွားရာ ကူမ, ထူသူများကို ဖယ်ရှားလျက် ကိုယ်တိုင်အားယူထသည်။ ပျံတော်မူခါနီး
တစ်နှစ်လောက်တွင်မှ ခါးကို ချ၍ ထိုင်၏။ ဥဒ္ဓံ ကာယံ ပဏိဓာယ”=အမြဲ တောင့်၍
မတ်မတ်သာ ထိုင်လေ့ရှိသည်။

ကျောင်းတွင်း၌ သစ်ပင်ခုတ်လှဲခြင်း၊ တံမြက်လှည်းခြင်း၊ စည်စည်ကားကား မွမ်းမံ
ခြယ်လှယ်ခြင်း မှန်သမျှ မကြိုက်။ အမြဲထိုင်လေ့ရှိသော ကော်ဇောမှာ လက်တစ်လုံးခန့်ထူ၍
ကြာလျှင် ဖုံများတက်နေရာ ဖုံခါပေးသည်ကိုပင် မကြိုက်၊ ကော်ဇောအသစ်လဲ၍ ခင်းသည်
ကိုလည်း ခွင့်မပြု။ အနီးအပါး၌ ပုရွက်ဆိတ်ကြောင်းများလည်း တွေ့ ရတတ်သည်။

ထိုပုရွက်ဆိတ်များနှင့် စပ်၍ စကားဆန်းတစ်ခု မိန့်သည်ကို ဦးစံဝေက မှတ်သား၍
သင့်ဘဝ အယ်ဒီတာ ဦးတင်မောင်အား “ဆရာတော်ကြီးရဲ့ ရှေ့ကြမ်းပြင်မှာ ပုရွက်ဆိတ်တွေ
ပြေးနေကြတာပဲ၊ ဘယ်သူမှ လှည်းထုတ် မပစ်ရဘူး။ 'အာဂန္တု ဧည့်သည်တွေ လာမယ်ဆိုလို့
ဒီကောင်တွေကို ပြောထားရတယ်။ မပြောရင် သူတို့က ဧည့်သည်ရယ်လို ့ အလိုက်မသိဘူး။
ဟိုကဖြတ် သည်ကဖြတ်နဲ့” ဟု အမိန့်ရှိသည်ကိုလဲ ကြားခဲ့ရတယ်” ဟု ပြောဖူး၏။

လာဘ်လာဘနှင့်စပ်၍ ဘာကိုမျှ ကိုယ်ပိုင်အလှူမခံ၊ မခံစေရ။သံဃိကပိုင် ဘဏ္ဍာကျောင်း
သီးသန့်ထား၏။ အလွန် အလိုနည်းသည်။ ကျောင်းတိုက်ကိုပင် ဘုန်းကြီးပိုင် မထား၊
သာသနာ့မြေအဖြစ်သာ သတ်မှတ်၍ ကျောင်းများကို (ဂဟပတိကုဋိ) ဒါယကာပိုင်
ထား၏။ ကျောင်းသား ကိုရင်(ထိန်းကျောင်းရသူ) မထား။ ဒုလ္လဘရဟန်းခံ၊ ရှင်ပြု
ကျောင်း၌ မလုပ်ရ။ ယောဂီများအတွက် အလွန်စည်းကမ်းကြီးသည်။ အပြစ်ရှိလျှင် ချက်ချင်း
ထွက်ပေးရ၏။ ဝိနည်းကို အလွန်လေးစား၏။ လေးစားမှ ကြိုက်သည်။ ဂျပန်ခေတ်တွင်မူ
ဆွမ်းစားပြီးသည်နှင့် တောထူထပ်ရာသို့ နောက်ပါ ရဟန်းငယ်တစ်ပါးနှင့် ထွက်ခွာသွားလေ့
ရှိသည်။ လေယာဉ်လာလျှင် ကြောက်ရွံ့စိတ် ရှိပုံရသည်ဟု ထိုဦးပဉ္စင်းက ယူဆ၏။


## PAGE 506


၄၅၂

ရဟန္တာ ဟုတ်-မဟုတ် စုံစမ်းခြင်း

ဓမ္မာစရိယ ဦးဌေးလှိုင်

ဆရာတော်သည် ၁၃၁၄-ခုနှစ်(၈၄-နှစ်) ပျံလွန်တော် မမူမီ နှစ်နှစ်ခန့်က စ၍
စာရေးခြင်း မပြုတော့။ အခြားဟောပြောခြင်း ကိစ္စများကိုလည်း လျှော့နိုင်သမျှ လျှော့ကာ
ပဋိပတ္တိ အလုပ်ကိုသာ စူးစူးစိုက်စိုက် လုပ်တော်မူ၏။ အာဟာရကိုလည်း ဆွမ်းကိုလျှော့၍
နို ့နှင့် သစ်သီးများကိုသာ အားပြုမှီဝဲသည်။

၁၃၁၅-ခုနှစ်သို့ ရောက်သောအခါ သက်ရွယ်တော်လည်း ကြီးပြီဖြစ်၍ ဆရာတော်၏
တရားအခြေအနေကို သိလိုလှသဖြင့် ရန်ကုန် ကမာရွတ် သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်း
ကျောင်းတိုက် တပည့်ကြီးတစ်ပါးဖြစ်သူ ဦးမေဓာဝီ ဆရာတော်က ဆရာတော် ဘုရားကြီးအား
အောက်ပါအတိုင်း လျှောက်ထားခဲ့ဖူး၏။ (ထိုအမေးအဖြေကို ကန္နီဘုန်းကြီး ဦးပရမက
မှတ်တမ်းတင်ထား၍ ဈာပနပွဲ၌ ပုံနှိပ်ဝေငှသည်။)

ဦးမေဓာဝီ မေး။

။ဆရာတော်၏ မျက်မှောက်မှာ လောကရေးရာ အဖြာဖြာ ရောက်ရာ
တင်ရာတွေ ပြောဆိုနေတာကို ကြားရတဲ့အခါ ဘယ်လိုစိတ်ထား ပါသလဲ ဘုရား။
ဆရာတော် ဖြေ။ ။ဘယ်လိုမှ စိတ်မထားဘူး။

မေး။

သဘောကျခြင်း၊ မကျခြင်းကော ဖြစ်ပါသလား ဘုရား။

ဖြေ။ ။မဖြစ်ဘူး။

။သံယုတ္တနိကာယ်၌ ဓမ္မာဒါသသုတ်ကို သင်္ဂါယနာတင်မထေရ်တို့ ထည့်သွင်းထားပုံ
အကြောင်းပြ ဘယ်လိုဟု သိလိုပါတယ် ဘုရား။

ဖြေ။ ။မဆိုတတ်တော့ဘူး။ မပြောတတ်တော့ဘူး။

ဓမ္မာဒါသသုတ်အရ မိမိကိုယ်ကို သောတာပန်ဖြစ်လျှင် “ငါသောတာပန် ဖြစ်သည်”
ဟု ပြောခွင့်ပြုသည်မှာ လူအရိယာများကိုသာ ခွင့်ပြုပါသလား၊ သို့မဟုတ် လူ,
ရှင်, ရဟန်း အားလုံးကို ခွင့်ပြုပါသလား ဘုရား။

ဖြေ။ ။လူ,ရှင်,ရဟန်း အားလုံးကို ခွင့်ပြုတော်မူတယ်။

မေး။

ရဟန်းအဖြစ်ဖြင့် ဈာန်မဂ်ဖိုလ်ရကြောင်းကို - ရိုးသားစွာပြောလျှင် အပြစ်မရှိ၊
အာပတ်မသင့်တဲ့အတွက် ပြောဆိုထိုက်တယ် မဟုတ်ပါလား ဘုရား။

ဖြေ။ ။ပြောဆိုထိုက်တယ်။

မေး။

။ဆရာတော်ဘုရား၊ ဗြဟ္မာဖြစ်လိုတဲ့ ဆန္ဒ ရှိပါသေးသလား ဘုရား။

ဖြေ။ ။မဖြစ်လိုဘူး။

။ရှေးကတော့ ဖြစ်လိုတဲ့ဆန္ဒ ရှိခဲ့ဖူးပါသလား ဘုရား။

ဖြေ။ ဖြစ်လိုခဲ့ဖူးတယ်။

မေး။

သုဒ္ဓါဝါသဗြဟ္မာဖြစ်ရရင် ကောင်းမယ် မဟုတ်ပါလား ဘုရား။

ဖြေ။ (ထိုအခါ ဆရာတော်ကြီးမှာ ကုလားထိုင်ပေါ်တွင် ပက်လက်ခေါင်းချ၍ နေတော်မူရာမှ
ပြင်၍ မတ်မတ် ထိုင်တော်မူလျက်) သုဒ္ဓါဝါသဗြဟ္မာ ဖြစ်ရတာ..ကောင်းသင့်


## PAGE 507


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

h

၄၅၃

သလောက်တော့ ကောင်းမှာပေါ့။ သို့ပေမယ့် ဒီကောင်းတာဟာ အသိမစုံသေးသူတွေ
အတွက် ကောင်းတာပဲ။ အသိစုံသူအတွက် ဘာမှ ကောင်းတာ မရှိတော့ဘူး။
။ဆရာတော် နောက်ဘယ်ဘဝများ ဖြစ်လိုပါသေးသလဲ ဘုရား။

ဖြေ။ ။ဘယ်ဘဝမှ မဖြစ်လိုဘူး။

မေး။

။ဘဝမရှိတော့ဟု ယူဆပြီး ဖြစ်ပါသလား ဘုရား။

ဖြေ။ ။ယူဆတယ်။

ဤကား အထက်ပါ ဈာပနတွင် ဝေငှသော စာတမ်းအရ ဖော်ပြခြင်း ဖြစ်ပါသည်။
ဦးမေဓာဝီက ဤသို့ မေး၍ ဆရာတော်က ဤသို့ ဖြေသည်ဟု ဆိုသော်လည်း ထိုအဆိုကို
ထုတ်ဖော်ခြင်း၌ အတွင်းနေတပည့်ကြီး အချို့က နှစ်သက်ဟန်မတူ။ စဉ်းစားဖွယ် အကြောင်း
များလည်း ရှိနေသလော မသိ။

မမာမကျန်း၍ ပင်ပန်းကြီးစွာ ရှုမှတ်ခြင်း

ဆရာတော်သည် ၁၃၁၆-ခုနှစ်၊ နှစ်ဦးမှစ၍ “တို့ သေခါနီးပြီ” ဟု မိန့်တော်မူလေ့ရှိ၏။
ပဋိပတ် အလုပ်ကိုလည်း ပို၍ ပြင်းထန်စွာ လုပ်တော်မူသည်။ နှစ်လယ်လောက်တွင် “
ဒီနှစ် မလွန်တော့ဘူး” ဟု ထပ်ဆင့် မိန့်ကြားလာပြန်၏။ ဒေါ်ကုသလ စသော တပည့်များ
က ခေါင်းပင် လုပ်ထားကာ အနီးအပါးသို့ လာရောက် လုပ်ကျွေးကြသည်။

ဆရာတော်သည် သက်တော် ၈၆-နှစ်အရ အားလည်း အလွန်နည်းလာ၏။ ပဋိပတ်
အလုပ်ကိုမူ တစ်နေ ့ထက်တစ်နေ့ ပို၍ ပြင်းထန်စွာ ရှုမှတ်တော်မူသည်။ “တို့ဒီနှစ်
မလွန်တော့ဘူး” စကားနှင့်အတူ မကြာခဏ အပေါ်သို့ စိုက်၍ စိုက်၍ တွေတွေကြီး
ကြည့်နေတတ်သည်ကိုလည်း တွေ့ ရသည်။ ထိုအခါ ရှုမှတ်မှု ဝီရိယလည်း တိုး၍ လာသည်
ကို တွေ့ ရ၏။ အထူးသဖြင့် လမ်းလျှောက်ရင်း ရှုမှတ်တော်မူရာ အားတော်နည်း၍ လဲကျ
သည်မှ ရဟန်းငယ်တစ်ပါးနှင့် တွဲ၍တွဲ၍ လျှောက်ရသည်။ မကြာခဏ အပေါ်သို့ စိုက်၍
ကြောင်ကြောင်ကြီး ကြည့်နေတတ်ပြန်သည်။ “နတ်ရထားများဆိုက်လာသည်ကို ကြည့်တော်မူ
သလော၊ ထိုအခါမှ သံဝေဂ ဖြစ်ကာ ငါ့မှာ ဆက်လုပ်ရန် ရှိသေးသည်ဟု သိတော်မူသလော”
ဟု စဉ်းစားကြရသည်။

ဇွဲခတ်ပြီး လမ်းလျှောက်၍ ရှုမှတ်ရသော်လည်း ကိုယ်ပိုင်အားထက် “တွဲအား’ ကို
မှီခိုပြီး လျှောက်နေရသဖြင့် အားရတော် မူဟန် မရှိ။ ရံခါ သင်းပိုင်ကိုပင် လိပ်၍လိပ်၍
မ,တင်ရာ ဒူးခေါင်းတော် အထက်သို့ပင် ရောက်နေသည်။ ဆီးများလည်း လွန်နေသဖြင့်
လမ်းလျှောက်ရင်းပင် ပါမှန်းမသိတော့ချေ၊ တပည့်တစ်ပါးက ကြမ်းပြင်၌လိုက်၍ သုတ်ပေ
နေရ၏။ (တောင်ငူဦးဝိလာသနှင့် တောင်တွင်း ဦးတိက္ခာစာရတို့ နှစ်ပါးက အစ အဆုံ
ပြုစုကြရသည်။) ရှုမှတ်မှုမှာ ပို၍ ဇွဲခတ် အားတင်းနေရဟန် ရှိပေ၏။ ဒိဋ္ဌဓမ္မသုခဝိဟာ
အတွက်သာ ရှုမှတ်ရခြင်း ဟုတ်ဟန်မတူချေ။

