## PAGE 508


၄၅၄

ဓမ္မာစရိယ ဦးဌေးလှိုင်

ဆရာတော်သည် သက်တော် ၄ဝ-ကပင် လောကုတ္တရာနယ်သို့ စတင် ဝင်ရောက်နိုင်ခဲ့၏။
နုပျိုအားသန် ဉာဏ်လည်းထက်တုန်း တစ်ရှိန်တည်း တစ်သန်တည်း ကြုံး၍ ကြိုးစားခဲ့ပါသော်
ပို၍ ချမ်းသာလွယ်ကူပေရာ၏။ သာသနာပြုရာ၌လည်း အသင်္ခတအင်အားအပြည့် ရှိတော်မူပြီ
ဖြစ်၍ ပို၍ ခရီးပေါက်ကာ အနှောင့်အယှက်များလည်း နည်းပါးခဲ့ရာ၏။ ပရိယတ်နှင့်လုံ့လ
ဝီရိယကိုပါ များစွာ မှီခိုအားထား၍ သာသနာပြုနေရခြင်းထက် ဓမ္မဓာတုခေါ် အသင်္ခတ
အင်အားသာ အပြည့်အစုံ ထူထောင်ရရှိခဲ့ပါလျှင် သက်လည်းသက်သာ ခရီးလည်း တွင်ပေရာ၏။
တရားချမ်းသာကို စတင်တွေ့သည်နှင့် တစ်ပြိုင်နက် သတ္တဝါများအား ချေချွတ်ရန်
စိတ်စောလွန်းသဖြင့် ဟောရ ရေးရသော အချိန်များက နုပျိုအားသန် ဉာဏ်ထက်သော
အရွယ်တော်ကို ဝါးမျိုခဲ့လေပြီ။

တစ်ထောက်နားလေ မောရလေ

ရှင်အာနန္ဒာ သည် သောတာပန်ဘဝဖြင့် ကာလအတန်ကြာ နေတော်မူခဲ့ရသည်။
ရှေ့သို့ အားသွန် မကြိုးစားဘဲ တရားဟောကာ ဟောကာနှင့်လည်း အချိန်တွေ ကုန်ခဲ့ရ၏။
သင်္ဂါယနာကိစ္စနီး၍ သူမပါလျှင်လည်း မပြီးရကား မထေရ်ကြီးများပင် သူ့ အတွက် အပြော
အဆိုခံရ၊ တာဝန် ပိုတက်ခဲ့ရ၏။ သူကမူ ဟော၍ ကောင်းတုန်း။ သင်္ဂါယနာ အရေးကြီး၍
မထေရ်ကြီးများ အလုပ်များနေကြစဉ် ရှင်အာနန္ဒာကား လူပရိသတ်များစွာအား တရားဟောကြား
နေသဖြင့် အဘိညာရ ဝဇ္ဇီပုတ္တမထေရ်ကြီးက-

66

“ဂေါတမနွယ်ဝင် ငါ့ရှင် အာနန္ဒာ၊ နိဗ္ဗာနဓာတ်ကို သင်၏ နှလုံးသား၌ ထည့်သွင်း၍
သစ်တစ်ပင်ရင်းသို့ ချဉ်းကပ်ကာ ဝိပဿနာ ရှုပွားပါချေ။ မေ့လျော့ မနေလင့်။ (ကိ တေ
ဗိဠိဗိဠိကာ ကရိဿတိ)=ဗလစ်ဗလစ် လျှောက်ဟောနေ၍ သင့်မှာ အဘယ်အကျိုး ပြီးတော့
အံ့နည်း” ဟု သတိပေး ဆုံးမလိုက်ရာ မကြာမီ တရားဟောကောင်းကြီး အရှင် အာနန္ဒာ-
ရဟန္တာ ဖြစ်တော်မူလေ၏။ (ဝဇ္ဇီပုတ္တတ္တေရဂါထာ၊ ဌ။)

မြတ်စွာဘုရားရှင်၏ ပွင့်လင်းသောဆန္ဒတော်မှာလည်း ပစ်လွှတ်သော မြားပမာ
တစ်ရှိန်တည်း၊ တစ်သန်တည်း၊ တစ်ထိုင်တည်း မရပ်မနားဘဲ အရဟတ္တဖိုလ်ပေါက်အောင်
ကျင့်ကြံစေတော်မူလို၏။ (မဟာဂေါသိင်္ဂသုတ်။) မည်သည့်အကြောင်းကြောင့်မျှ နားနေ
ရပ်တန့်ခြင်းကို လိုလားတော် မမူပါချေ။ (မူလ ပဏ္ဏာသ-မဟာသာရောပမသုတ်၌)
လာဘ်လာဘ (အခက်အရွက်)၊ သီလ (အပွေး)၊ သမာဓိ (အခွံ)၊ အဘိညာဉ် (အကာ)၊
လောကုတ္တရာတရား (အနှစ်)ဟု ရှိရာ မြတ်စွာဘုရား အဆုံးအမ တရားတော်သည်
ခက်ရွက်၊ အပွေး၊ အခွံ၊ အကာ ရရုံမျှဖြင့် ကျေနပ်မနေဘဲ (အကာနှင့် ကပ်နေသောအနှစ်ကို
ရရုံမျှဖြင့်လည်း ကျေနပ်မနေဘဲ) အရဟတ္တဖိုလ် အနှစ်အသားအထိ တစ်ဘဝတည်းဖြင့်
အပြတ် အရယူနိုင်အောင် ကြိုးစားကြရန် ဆုံးမတော်မူခဲ့၏။ သို ့မှလည်း သာသနာပြုရာ၌
ပို၍ တွင်ကျယ်သည်ကို မြင်တော်မူ၍ ဖြစ်သည်။


## PAGE 509


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၄၅၅

သောတာပန်၊ သကဒါဂါမ်ဘဝဖြင့် တစ်ဌာနလွန်သော် လူ့ပြည်နတ်ပြည်၌ အထောက်
ထောက် နားရဦးမည့် ဒုက္ခ၊ အနာဂါမ်ဘဝဖြင့် လွန်ရစေကာမူ အသက်ရှည်လှသော ဗြဟ္မာ့
ပြည်မှာ ခန္ဓာဝန်ကို သယ်ပိုးနေရမည့် ဒုက္ခများကလည်း ပျင်းမုန်းငြီးငွေ့ဖွယ်ရာ ဖြစ်သည်ကို
မြင်တော်မူ၍ တိုက်တွန်းခြင်းစင်စစ် ဖြစ်ပေ၏။ ၃၁-ဘုံ၌ကား တစ်ထောက်နားလေ

မောရလေ။

မြွေနှင့်ကျီးများ အပူဇော်ခံ၍

ဆရာတော်ဘုရားကြီးသည် သက်တော် ၈၆-အရ၊ ၁၃၁၆-ခုနှစ် တပေါင်းလဆန်းမှစ၍
ဆယ်ရက်ခန့် အိပ်ရာ၌ လဲလျောင်းကာ မပြောင်းမထနိုင် ရှိရတော့သည်။ အဖျားဒီဂရီလည်း
၁၀၀-၁၀၂-အောက် မကျတော့ဘဲ ဆယ်ရက် သောကြာနေ့မွန်းတည့်ချိန်၌ ချွဲဆို့ မောကျပ်ကာ
စုတိကမ္မဇရုပ် ချုပ်ငြိမ်းတော်မူရ၏။

ဒကာ ဒကာမများလည်း ဝိုင်းအုံ ငိုကြွေးကြကုန်၏။ တရားပေးမည့် အရှင် မရှိပြီ။
ပတ်ဝန်းကျင်ရှိ ကျီးကန်းများလည်း မြင်မကောင်းအောင် စုပေါင်းငိုကြွေးကာ အလောင်းတော်
ထားရာ ကျောင်းအထက်၌ အုပ်လိုက်အုပ်လိုက် ချီ၍ မြည်အော် ပူဇော်ကြကုန်၏။ အစား
ကျွေးသည့် သခင် မရှိပြီ။

တန်ခူးလဆန်း ၁၃-ရက်နေ့ ၁-နာရီ ၂၅ မိနစ်တွင် လူအများ ဖူးမြော်စုဝေး
နေသည့်ကြားမှ ငါးပေခန့်ရှည်လျားသော မြွေကြီးတစ်ကောင်လည်း တိုးဝှေ့ဝင်လာကာ
ခြေတော်ရင်း၌ ခေါင်းတညိတ်ညိတ် လုပ်ကာ အရိုအသေပြုလာ၏။ အားလုံး အံ့အားသင့်ခဲ့
ကြရသည်။ နှစ်နာရီ မိနစ်ငါးဆယ်မျှ ကြာ၏။ (ထိုစဉ်က သတင်းစာများ၌ ဓာတ်ပုံပါ
ဖော်ပြသည်။)

ထိုအခါ လူတို့ အမျိုးမျိုး အဖုံဖုံ ပြောဆိုနေကြစဉ် သီလရှင် ဆရာကြီး တစ်ဦးက
“ရိုးရိုးမြွေမဟုတ်ပါလျှင် သိသာထင်ရှားအောင် ပြပါ” ဟု စိတ်ထဲက ကျိတ်၍ အဓိဋ္ဌာန်ရင်း
အလောင်းတော်ခြေရင်း၌ ထိုင်နေ၏၊ အဓိဋ္ဌာန်ပြီးလျှင် ကြာကလပ်အထက်သို့ ရောက်နေရာမှ
ဆင်းလာကာ ထိုသီလရှင် ဆရာကြီးအား တစ်ပတ်ပတ်၍ ရှိခိုးပြ၏။ အနားရှိ သီလရှင်များ
အပါးနှစ်ဆယ်ခန့် ထပြေးကြရလေ၏။

ထို့ထက် စိတ်ဝင်စားခဲ့ရသော ဖြစ်ရပ်တစ်ခုလည်း ရှိပါသေး၏။

သထုံမြို့တွင်းမှ အချို့ဆရာတော်ကြီးများ ည လူသူရှင်းချိန်၌ တိတ်တဆိတ်
လာရောက် ကန်တော့ကြခြင်းပင်တည်း။ တစ်ချိန်က မည်သို့ နှုတ်ကျူးနှုတ်လွန် ပြောဆို
ခဲ့ကြသည်မသိ။ မည်သို့ရှိစေ၊ ထိုသို့ ကန်တော့၍ ကုစားခြင်းကား သူတော်ကောင်းတို့
လိုလားသော ဘုရားသားတော်တို့ ဓလေ့ပါပင်။


## PAGE 510

၄၅၉


ဓမ္မာစရိယ ဦးဌေးလှိုင်

ရုက္ခစိုးကြီးအပြော

အလောင်းတော်မှာ ၂၁-ရက်မျှ မသိုးမပုပ်၊ အသားအရေ မာကျောဝါဝင်း၍ နေ၏။
မီးမသင်္ဂြိုဟ်ရက်ကြ၊ သူပုန်ရန်လည်း မရှင်းသေးသည့်အပြင် အငြင်းလည်း ပွားကြသဖြင့်
၁၃၁၇-ခု၊ ကဆုန်လဆန်း ရှစ်ရက်နေ့တွင်မှ မီးသင်္ဂြိုဟ် ကြရ၏။ ဈာပနပွဲရက်အတွင်း
အစိုးရအရာရှိပိုင်းမှအဝင်အထွက်လည်းရှိနေသဖြင့် သူပုန်ကြောင့် တစ်စုံတစ်ခု ဖြစ်ပွားရန်
အခြေအနေ ရှိသော်လည်း ဆရာတော်ဘုရားကြီး ဘုန်းကံကြောင့် နှောင့်ယှက်မည့်သူများလည်း
အများနည်းတူ အရပ်ဝတ် အရပ်စားဖြင့် ဝင်ရောက်လုပ်ကိုင် ပူဇော်ရသူများ ဖြစ်သွားခဲ့ကြရသည်။
အရိုးဓာတ်ကို ကျောင်းတိုက်အတွင်း၌ပင် စေတီတည်ထား ကိုးကွယ်ကြ၏။

ဆရာတော်ဘုရားကြီးနှင့် စပ်လျဉ်း၍ သထုံ၌ ကျော်ကြားကာစ သတင်းတစ်ခု

ထွက်လာ၏။

ကျိုက်ကော် သိမ်ဆိပ်ဘက်မှ လောကီအရာ၌ ကျွမ်းကျင်သိမြင်သော ဘုန်းကြီးတစ်ပါးက
မဇ္ဈိမဒေသရှိ မြတ်စွာဘုရား သီတင်းသုံးရာ ဇေတဝန်ကျောင်းတော်၌ အစောင့်ဖြစ်နေသော
သောတာပန် ရုက္ခစိုးကြီး တစ်ဦးအား ဆရာတော်ဘုရားကြီး၏ တရားထူးအဆင့်ကို
သိလိုသဖြင့် ခေါ်ယူမေးမြန်းရာ ရုက္ခစိုးကြီးက.....

“တပည့်တော်ထက် သာတယ်လို့တော့ သိပါတယ်၊ ဘယ်လောက်သာတယ် ဆိုတာတော့
မလျှောက်တတ်ပါ၊ ဒါပေမယ့် ရဟန္တာတော့မဟုတ်သေးပါ၊ သူ၏ ဗိမာန်ကို ယခု တုံသီတာမှာ
တွေ့နေရပါတယ်ဘုရား” ဟု ပြောကြားသတတ်။

ထိုစကားလည်း ပျံလွန်တော်မမူမီ နှစ်ပေါင်းသုံးလေးဆယ်က ဖြစ်၍ တစ်ထစ်ချ
မမှတ်ယူရာ။ ဘုံဗိမာန်များ ကြိုတင်ပေါက်နေနှင့် တတ်ကြောင်း၊ ပြောင်းလည်း ပြောင်း
တတ်ကြောင်း ဗဟုသုတအဖြစ် ပြဆိုခြင်းမျှသာ။ ဆရာတော်ကား နှစ်ပေါင်းများစွာ
ရှုပွားအားထုတ်တော်မူသော အာဇာနည်ကြီးဖြစ်၍ ရဟန်းကိစ္စလည်း ပြီးသော် ပြီးနိုင်
လောက်သော အချိန်အခွင့်ရတော်မူ၏။

စပ်ရာ ပြည်တွင်းပြည်ပ ရဟန်းရှင်လူအများတို့ကား ‘ရဟန္တာအရှင်မြတ်ကြီး’ ဟု
တစ်ထစ်ချ နှလုံးပိုက်ကြလေသည်။ ယခုအခါ သက်ဆိုင်ရာ တပည့်ကြီးများထံ၌ ဆရာတော်
ဘုရားကြီး၏ ဓာတ်တော်များကို ဖူးတွေ့ကြရသည်။

ဆရာတော် တောရှင်းခဲ့သော သတိပဌာန် သာသနာကို အင်းစိန်ရန်ကုန် ၌ ဆရာတော်
ဦးဝိသုဒ္ဓ (၁၂၆၆-၀၃၂ဝ) က စတင် ဦးဆောင် ဖြန့်ချိတော်မူခဲ့၏။ 'မင်းကွန်းရိပ်သာ' ဟု
ခေါ်သည်။ ယခုအခါတွင်မူကျေးဇူးရှင် မဟာစည် ဆရာတော်ဘုရားကြီးက ပြည်တွင်းပြည်ပ
နှစ်ဌာနလုံး ဝေနေယျအင်အားများစွာဖြင့် အခိုင်အမာ ရပ်တည်၍ သတိပဋ္ဌာန် တရားစည်ကို
လည်စေတော်မူလျက် ရှိ၏။

(အပိုမပါ ဖတ်ရှု ကြားနာဖူးပါသမျှ စုပေါင်းရေးမှတ်၍ တတ်စွမ်းသမျှ ပူဇော်ရပါသည်ကို
လျော်ရာ မှတ်သား၍ မှန်-မှား နှိုင်းချင့်ကာ ကျင့်ကြံတော်မူနိုင်ကြပါစေ ခလို။ အကျယ်လိုမူ

