## PAGE 556


၅၀၂

ဓမ္မာစရိယ ဦးဌေးလှိုင်

ဆရာတော် ဦးပဏ္ဍဝကား မော်လမြိုင်မြို့နယ်လုံး ဆိုင်ရာ ဂိုဏ်းဝိနည်း စာပြန်ပွဲများမှ
အစ လိုလေသေး မရှိ၊ အဘက်ဘက်က အားပေးခဲ့၏။ အလှူအတန်းလည်း လွန်စွာ
ရက်ရောသည်။ ဝိနည်းစာပြန်ပွဲတွင် သတိပဋ္ဌာန် ပါဠိတော်ကြီးအနက်ပါ ပြန်ဆိုရန် အဆို
ပြု၊ ထောက်ပံ့ အားပေးတော်မူခဲ့သော ဆရာတော် ဖြစ်၏။

အခါတစ်ပါး မိုးညှင်းဆရာတော်ဘုရားကြီး မော်လမြိုင်သို့ တရားဟော ကြွရာတွင်
ဦးပဏ္ဍဝ သွားရောက် ကန်တော့ရာ သထုံ ဇေတဝန် ဆရာတော်ဘုရားကြီးထံ တပည့်ခံ၍
သတိပဋ္ဌာန် နည်းအတိုင်း ကျင့်ကြံပွားများ၊ တရားပေးနေသည်ကိုလည်း ကြိုတင် သိတော်
မူသဖြင့်-

“အေး......သူတို့လဲ သိ-သိပေါ့၊ တို့လဲ ပျက်...ပျက်ပေါ့၊ ဟုတ်ဘူးလား” ဟု
အခြားတပည့် များဘက်သို့ လှည့်၍ မိန့်တော်မူ၏။ အပြစ်မပြောသည့် အပြင် အချိန်ရတိုင်း
တောင်ဝိုင်းကြီး ကျောင်းတိုက်သို့ပင် ကြွရောက် ချီးမြှောက်တော်မူ၏။

တစ်ကြိမ်ကမူ မိုးညှင်းဆရာတော်ကြီး တပည့်များနှင့်အတူ တောင်ဝိုင်းကြီးသို့
ကြွတော်မူရာ ဥပုသ်ပြုရမည့်နေ့ ကြုံနေသဖြင့် ဦပဏ္ဍဝကြီးမှူးသော တိုက်တွင်းသံဃာများနှင့်အတူ
ဥပုသ်ပြုတော်မူ၏။ မကြာမီ ဦးပဏ္ဍဝ ပြဿနာ တက်လေတော့သည်။ ဂိုဏ်းဥပဒေက
ဂိုဏ်းတစ်ပါး သံဃာများနှင့်အတူ ကံကြီးကံငယ် မဆက်သွယ် မပြုလုပ်ရ။ ဒဏ်ထမ်းရသည်။

ဦးပဏ္ဍဝလည်း ဂိုဏ်းသံဃာများ စုံညီရာ ဝိနည်း စာပြန်ပွဲ၌ ရေဒဏ် ထမ်းရ၏။
ထမ်းပြီးလျှင်လည်း အဘယ်အပြစ်ကြောင့် ဒဏ်ထမ်းရကြောင်း သံဃာများရှေ့၌ ဖွင့်ဟ
လျှောက်ထားရသေးသည်။ ဦးပဏ္ဍဝလည်း ဒဏ်ထမ်းပြီး သံဃာအား လျှောက်ထားရလေရာ
သံဃာများအတွင်း မကျေနပ်သံများ ထွက်လာ၏။ သို့သော် မည်သို့မျှ စောဒက မတက်
နိုင်ကြ။ ဦးပဏ္ဍဝ လျှောက်ပုံက-

“ရာပည့်တော် ဂိုဏ်းသံဃာက ပေးသော ရေဒဏ် ကို ထမ်းပြီးပါပြီ။ တပည့်တော်ဟာ
သူတော်ကောင်းနှင့် ပေါင်းမိလို့ ယခုလို ဒဏ်ထမ်းရတာ ဖြစ်ပါတယ်” ဟူ၏။

ဆရာတော် ဦးပဏ္ဍဝ တောင်ဝိုင်းကြီး၌ သတိပဋ္ဌာန် တရားပြသောအခါ သီဟိုဠ်
(သီရိလင်္ကာ)၊ ဝဇိရာရာမဂိုဏ်းမှ ဦးသောမနှင့် ဦးခေမိန္ဒတို့ နှစ်ပါး ဆရာတော့်ထံ နှစ်လ
ခန့် လာရောက် အားထုတ်သွားကြဖူးသည်။ ဂျာမန်ဘုန်းတော်ကြီး အရှင် ဉာဏပုဏ္ဏိကလည်း
သံဂါယနာတင်စဉ်က လာရောက်ကန်တော့ကာ နည်းခံဖူး၏။ ဆရာတော် သီဟိုဠ် ကြွသောအခါ
အားလုံးက ကြိုဆိုဝတ်ပြုကြသည်။

လွတ်လပ်ရေး ရပြီးနောက် မော်လမြိုင်၌ ပရိယတ္တိ များ ထွန်းကားလာသော်လည်း
ပဋိပတ္တိဘက်၌ ဦးဆောင် အားပေးမည့်သူများ မပေါ်ပေါက်သဖြင့် ဆရာတော်သည်
မော်လမြိုင်မြို့ ပေါက်ဝသို့ ရွှေ့ပြောင်းကာ ၁၃၁၁-ခုနှစ် ဝါဆိုလဆန်း ၈-ရက် (ရန်ကုန်
မဟာစည် ရိပ်သာကား နတ်တော်လ) တွင် သတိပဋ္ဌာန် တရားကို အထူး တွင်ကျယ်စွာ
ပြသတော် မူလေသည်။

“သတိပဋ္ဌာန် ဆရာတော်ဟာ အမြဲအမှတ်သတိ ရှိနေတာပဲ” ဟု မဟာစည်


## PAGE 557


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

- ၅ဝ၃

ဆရာတော်ကပင် ချီးကျူး လေးစား၍ မဟာစည်ဆရာတော် လွန်တော်မူလျှင် ရန်ကုန်
မဟာစည် ရိပ်သာ၏ သြဝါဒါစရိယ အဖွဲ့ဝင် ဆရာတော်အဖြစ် ဆောင်ရွက်၍ ပဋိပတ္တိသာသနာ
ပြုတော်မူလေသည်။

မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌ အရိယာ သူတော်ကောင်း အဆက်ဆက် ပြန့် ပွား
ထွန်းကားပုံကို “နဠဝနံ၊ သရဝနံ-ကျူတော,မြားတော' ကဲ့သို့ ဟု ဖွင့်ပြသည်။ ကျူပင်,
မျောက်မြားပင်တစ်ပင် ပေါ်ပေါက်လာလျှင် ထိုနေရာ၌ ကျူတော မြားတောကြီး ဖြစ်ပွားကာ
မျိုးဆက် မပြတ်တော့သကဲ့သို့ အရိယာ သူတော်ကောင်းတစ်ပါး ပေါ်ထွန်းလာပါ လျှင်လည်း
ထို ့အတူပင် ဖြစ်၏။

မိုးညှင်းဆရာတော်, ဇေတဝန် ဆရာတော်များကို အကြောင်းပြု၍ တပည့်စဉ်ဆက်
ထွန်းကားပုံကို လည်းကောင်း၊ သူတော်ကောင်း တရားအလုပ်တွင် ဘာမဟုတ်သည့်
အစွဲအလမ်း များမှ ကျော်လွန်နိုင်ကြစေရန်လည်းကောင်း ရည်ရွယ်၍ သတိပဋ္ဌာန် ဆရာတော်
ဦးပဏ္ဍ၀၏ ထေရုပ္ပတ္တိ အမြွက်ကို ဖော်ပြလိုက်ပါသည်။ (အပြည့်အစုံကို အရှင်ပညိဿရ
“လှတွေ” ၏ မော်လမြိုင်မြို့ ဝ သတိပဋ္ဌာန် ဆရာတော် ဘဝနှင့် ဝိပဿနာ ဂုဏ်ရည်များ
စာအုပ်၌ ရှုပါကုန်။)

တစ်ဘဝနှင့် တစ်သံသရာ

“တစ်နေ့ကိုမျှ ဆင်းရဲခံရသောကြောင့် နေ့များစွာ ချမ်းသာရမည် မှန်လျှင် တစ်နေ ့အဖို့၌
ဖြစ်သော ဆင်းရဲကို မကြောက်သာပြီ။ တစ်လမျှ၊ တစ်နှစ်မျှ၊ တစ်ဘဝမျှသာ ဆင်းရဲ
ခံရသောကြောင့် လများစွာ၊ နှစ်များစွာ၊ ဘဝများစွာ ချမ်းသာရမည်မှန်လျှင် တစ်လ၊
တစ်နှစ်၊ တစ်ဘဝ၌ ဖြစ်သော ဆင်းရဲကို မကြောက်သာပြီ။ တစ်နေ့၊ တစ်လ၊ တစ်နှစ်၊
တစ်ဘဝ၌ ဖြစ်သော တဏှာလောဘ ရာဂအလိုကို မလိုက်သင့်။

အရှည်ကိုမြှော်၍ သူတော်တရား၌ နှစ်နှစ်ခြိုက်ခြိုက် ကိုယ်အသက်ကို စွန့်စား၍
ပျော်ပိုက်သင့်လှသည်။”
-စတုဂီရိ တောင်လေးလုံး ဆရာတော်။

## PAGE 558


၅ဝ၄

သိမ်တောင် အင်းမကြီးတောရ ဆရာတော်
( ၁၂၃၇ - ၁၂၈၃ )

ဓမ္မာစရိယ ဦးဌေးလှိုင်

သိမ်တောင် တောရ အင်းမကြီး ဦးဇောတိကမှာလည်း လယ်တီ ဆရာတော်နှင့်
မရှေးမနှောင်း ငယ်ငယ်ရွယ်ရွယ်နှင့် ကျော်ကြားလာသော ဆရာတော် တစ်ပါး ဖြစ်သည်။
ယခုအခါ သဲတောမြို့ သိမ်တောင် တောရဟူ၍ ရဟန်းရော သီလရှင်များပါ လက်ခံ
လျက် ပရိယတ်,ပဋိပတ် ဘက်စုံ သာသနာပြု ဌာနကြီး အဖြစ် တွေ့မြင်နိုင်ပေသည်။
ပရိယတ်,ပဋိပတ် စွယ်စုံတတ်မြောက် ပြည့်ဝတော်မူသော အင်းမကြီး ဆရာတော်နှင့်
(ဒုတိယ) ဆည်ကြီးဆရာတော်ဘုရား နှစ်ပါး၏ သာသနာ့အမွေများပင် ဖြစ်ရာ တောင်ကြီး၊
ကလော စသော မြို့များတွင်လည်း သိမ်တောင်ဂိုဏ်း ဝင် ကျောင်းခွဲများ စည်ကားလျက်
ရှိပေသည်။

ဘက်စုံ သိမ်တောင်ဂိုဏ်းကို စတင် တည်ထောင်တော် မူခဲ့သော ဆရာတော်
ဦးဇောတိက အရှင်မြတ်ကား ညောင်ရမ်းမြို့ အနီး ဈေးရွာကြီး၌ ၁၂၃၇-ခုနှစ် တန်ခူးလပြည့်
အင်္ဂါနေ ့ဖွားမြင်ဝော်မူသည်။ ၁၂၅၇-ခုနှစ် ရဟန်းပြုပြီး မန္တလေးမြို့ မိုးတားတိုက်၊
ရွှေရေးဆောင် တိုက်တို့၌ ပရိယတ္တိ သင်ယူခဲ့သည်။ ရဟန်း ခြောက်ဝါလောက်မှစ၍
စစ်ကိုင်းတောင်၊ နောက် သဲတောမြို့ အရှေ့ဘက်ရှိ ပြက္ခရွေတောင်၌ တောထွက်တော်
မူခဲ့၏။

ဆရာတော်သည် ပြက္ခရွေတောင်မှ ဆင်း၍ ဘုရားစုကိုးရွာသို့ ဆွမ်းခံ ကြွလေ့ရှိသည်။
ဘုရားစုကိုးရွာမှာ ယခု သိမ်တောင်တိုက်၏ မြောက် လေးမိုင်ခန့်ရှိ၍ စုစုပေါင်း အိမ်ခြေ
တစ်ထောင်ခန့် ရှိသည်ဆို၏။ ကန်သစ်ရွာသို့ ဆွမ်းခံဝင်စဉ် မျက်စိကုဆရာကြီး ဆရာရှိန်က-

“အင်း....ဒီကိုယ်တော် ကြည်ညိုစရာ ကောင်းလိုက်တာ၊ မျက်စိတစ်ဖက်တော့
ကောင်းပုံ မရလှဘူး” ဟု အကဲခတ်ရင်း နောက်မှ လိုက်ပါသွားပြီးနောက် အကျိုးအကြောင်း
လျှောက်၍ တိမ်ကျနေသော မျက်စိတစ်ဖက်ကို ကုသပေးရသည်။

ယင်းသို့ မျက်စိကုစဉ် ဘုရားစုကိုးရွာ အနီးရှိ (အနော်ရထာခေတ်) ရဟန္တာသိမ်တော်
တောကျောင်း၌ သီတင်းသုံးရ၏။ ဦးရှိန်သည် မျက်စိကု၍ ပျောက်သော်လည်း ပြက္ခရွေတောင်သို့
ပြန်လည် အကြွမခံဘဲ အနီးအပါးရှိ တောရလောက်သော တစ်နေရာရာ၌ သီတင်းသုံးရန်-
ပင့်လျှောက်သဖြင့် ဘုရားစုကိုးရွာ၏ အနောက်မြောက် တောကြီးထဲသို့ ကြွရောက် နေရာ
ကြည့်၏။

ထိုနေရာကား အင်းများစွာလည်း ရှိ၍ တောလည်း ထူထပ် လူစလူနပြတ်သဖြင့်
ထိုနေရာကိုပင် တောရဆောက်တည်ရန် ရွေးချယ်ရာ ဆရာရှိန်က-

“အရှင်ဘုရား၊ ဒီနေရာဟာ နေ ့ခင်း နေ ့လယ်မှာ နွားပျောက်လို ့တောင်မှ
နွားကျောင်းသား မဝင်ရဲဘူး။ သားရဲတိရစ္ဆာန်လ် ပေါ၊ အခြောက်အလှန့်လဲ များပါတယ်။
သည့်ပြင် တစ်နေရာ ကြည့်ပါဦး” လျှောက်သည်ကို လက်မခံဘဲ “ဒါမှ သဘောကျတာ

