## PAGE 562

၅၀၈


ဓမ္မာစရိယဦးဌေးလှိုင်

ဆရာတော် ပညာအမွေကို ထိုစာပိုဒ်မှ ရယူနိုင်ပေသည်။ (ထိုကမ္မဋ္ဌာန်းကျမ်းမှ အရေးအသား
များကို ဆောင်းပါးအဖြစ် “လယ်တီတရား သတင်းစာ” နှင့် ၁၉၅၉-ခုနှစ် “ဗုဒ္ဓဓမ္မလောက
စာစောင်” တို့၌ ပါရှိခဲ့ဖူးလေပြီ။)

ဟောပြောမှုနှင့် အခြားအင်အား

ဟောပြောမှုနှင့် စပ်၍လည်း ကလောမြို့ရှိ သိမ်တောင်ဂိုဏ်းချုပ် တတိယဆရာတော်
သက်တော် ရှစ်ဆယ်ရှိ-ဦးအာဒိစ္စ အရှင်မြတ်ကြီး အမိန့်ရှိချက်များကို ပြဆိုပါဦးအံ့-

“တို့များ သတိပြုမိသလောက် ထူးခြားတာကတော့ ဆရာတော်ဟာ ဒါန သီလ
ဘာဝနာ ဘာတရားကိုပဲဟောဟော၊ ဟောတဲ့ အခါတိုင်း တရားနာရတဲ့ သူတွေဟာ
ခုချက်ချင်း လိုက်နာကျင့်ဆောင်လိုတဲ့ စိတ်တွေ ထက်ထက်သန်သန် ဖြစ်ကြရတယ်။
ဒါနအကြောင်း ဟောတယ်ဆိုရင်ပဲ ယခု လှူရတာလောက်နဲ့ အားမရကြဘူး၊ အိမ်ပြန်ယူပြီး
လှူချင်တဲ့ဆန္ဒတွေ တဖွားဖွား ဖြစ်ကြတာပဲ။”

(မြတ်စွာဘုရား တရားဟောသောအခါ “သမုတ္တေဇေသိ=ထက်သန်စေ၏။ သမ္ပဟံ
သေတိ=ရွှန်လန်းစေ၏၊ တက်ကြွစေ၏” ဆိုသည်နှင့် ချင့်စာရာ၏။)

“နောက်တစ်ချက်က သိမ်တောင်မှာ နေကြတုန်းက ဆရာတော်က ပြောတယ်
ဆွမ်းစားကျောင်း ဘုန်းကြီးကို ဦးပဉ္စင်း၊ ဆန်တို့ ဆီတို့ လိုရင် ခုနစ်ရက်လောက်က
ကြိုတင်လျှောက်ထား အသိပေးနော်' လို့ အမိန့်ရှိတယ်၊ အာဂန္တုကနှင့် ဧည့်သည်များ
များတဲ့အခါမျိုးမှာလဲ ဒီလိုပဲ ဆွမ်းစားကျောင်း ဘုန်းကြီးကို ပြောတယ်။ တစ်နေ့တော့
ဆွမ်းစားကျောင်း ဘုန်းကြီးက ဆန်တွေဆီတွေ အတော်အသင့် ရှိနေပေမယ့် “ဆရာတော်
ပြောလှတယ်။ ဘာအဓိပ္ပာယ်လဲ မသိဘူး။ စမ်းဦးမှပဲ' ဆိုပြီး ဆန်ဆီကုန်တော့မယ့်
အကြောင်း ပိုပိုသာသာ လျှောက်လိုက်တယ်။ အဲ....လျှောက်ပြီး မကြာပါဘူး၊ မီးရထား
တွဲလိုက် ကားနဲ့ အချို့ ဆန်တွေဆီတွေ ရောက်လာတာပဲ”။

ကိုယ်ရောင်မြူးဝင့် နောက်ဆုံးညဉ့်

ဆရာတော်သည် ဓုတင်များကိုပါ ဆောက်တည်ကာ ပြင်းပြင်းထန်ထန် လုပ်လေ့ရှိသည့်
အတိုင်း အသက်ရှည်တော်မမူ။ သက်တော် လေးဆယ့်ခြောက်နှစ်၊ ၂၆-ဝါမျှဖြင့် ပျံလွန်တော်
မူရသည်။

ပျံလွန်ခါနီးတွင် ခြောက်ရက်လုံးလုံး အာဟာရ ကောင်းစွာ မဘုဉ်းပေး၊ လူသူတပည့်များ
အဝင်မခံ၊ တပည့်ကြီး ဖြစ်သူ ဆည်ကြီးတောရ ဆရာတော် တစ်ပါးသာ နေ့နေ့ညည
စောင့်ရှောက် ကြည့်ရှုရသည်။ (ဆည်ကြီး ဆရာတော်က ' ၎င်း၏ တူမ အဖွားလေးအား
ပြောပြချက်အရ) ဆရာတော်သည် အမြဲခုတင်ပေါ်၌ ပက်လက်လှန်ကာ အာနာပါနကိုသာ

## PAGE 563


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅ဝ၉

တွင်တွင်ကြီး ရှုမှတ်နေ၏။ ပျံလွန်ခါနီးညတွင် ဆရာတော်၏ ပခုံးအထက် လည်ပင်း
ပတ်ပတ်လည်မှ အလင်းရောင်ကြီးများ ဒေါင်းမြီးဖြန့် ့ကာ နေသကဲ့သို့ ယှက်ဖြာကွန့်မြူး
နေကြောင်း ဆည်ကြီးဆရာတော် ကိုယ်တိုင် ဖူးတွေ့ ရသည်ဆို၏။ သိမ်တောင် ဂိုဏ်းကြီးကို
စတင် တည်ဖန်တော် မူခဲ့သော အင်းမကြီး ဆရာတော်နှင့် စပ်၍ မှတ်သားဖွယ်မှာ ဤမျှသာ
ရှာဖွေ ရရှိပါ၏။

(ဆရာတော်နှင့် ဆည်ကြီးတောရ ဆရာတော်တို့ ဒလ ပျော်ဘွယ်ကြီးရွာ
ဆရာသက်ကြီးထံ တရားဟော ကြွစဉ်က အဖြစ်ဆန်းများကို “ဆရာသက်ကြီး”
စာအုပ်၌ ဖတ်ရှုပါရန်။)

## PAGE 564

၅၁ဝ


စွန်းလွန်းဆရာတော် ဦးကဝိ

( ၁၂၃၉

-

၁၃၁၄ )

ဓမ္မာစရိယ ဦးဌေးလှိုင်

“၁၂၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃-ရက် အင်္ဂါနေ့ ညဉ့် ၁၀-နာရီ
အချိန်ခန့် ။

ကိုရင်ကြီး ဦးကဝိသည် စွန်းလွန်းတောင်ဘက်ရှိ မောင်ရင်ပေါ်ချောက်၌ တစ်ကိုယ်တည်း
တရားရှုမှတ်နေ၏။ ကောင်းကင်မှ တဝီဝီ အသံကြီးမှာ ကြက်သီး ထလောက်အောင်
မြည်ဟည်းနေ၏။ သတိ သမာဓိ ပညာ ထက်သန် ညီမျှစွာ ရှုမှတ်နေရာမှ အသံကြားရာ
အထက်သို့ မော့ကြည့်လိုက်ရာ ငွေစောင်းတန်းကြီးမှ နတ်ရထားပျံကြီး တစ်စင်း အရှိန်ပြင်းစွာဖြင့်
မိမိထံသို့ တည့်တည့်ကြီး ဦးတည်ဆင်းလာနေသည်ကို တွေ့ရ၏။ ဦးကဝိကား နတ်ရထား .
ပျံကြီးကို ဆက်၍ မကြည့်တော့ဘဲ မိမိတရားကိုပင် ရှုမှတ်မြဲ ရှုမှတ်နေလိုက်သည်။

ဦးကဝိသည် တရားကိုသာ ဖိ၍ မိမိရရ ရှုမှတ်နေစဉ် ခန္ဓာကိုယ်ကြီးမှာ သိသိသာသာ
ပေါ့၍ ပေါ့၍ လာ၏။ အိကနဲငြိမ့်ကနဲ သိမ့်ကနဲ ဖြစ်ကာ အပေါ်သို့ မြောက်တက်သွားသည်ဟု
ထင်၍ မျက်စိကို ဖွင့်ကြည့်လိုက်ရာ စောစောက တွေ့လိုက်ရသော ရထားပျံကြီးမှာ မိမိ
အောက်သို့ ရောက်နေသည်ကို တွေ့ ရပြန်သည်။

ထိုရထားပျံကြီး၏ ထောင့်လေးထောင့်တွင် နတ်မင်းကြီးလေးယောက်နှင့် လက်ယာ
ဘက်တွင် သိကြားမင်းကို တွေ့ ရ၏။ အားလုံး အရိုအသေ ပြုနေကြသည်။

တစ်နေ့ကပင် ကျောင်းအနီး၌ မှိုပွင့်ကြီး တစ်ပွင့် တွေ့၍ နုတ်လိုက်ရာ မှိုငုံမှိုမြစ်ပါမကျန်
တစ်အုံလုံး ကျွတ်ထွက်လာသည်ကို တွေ့ ရကတည်းက “အမြစ်ပြတ် လုံးဝ အကျွတ်တရား
ရတော့မည်” ဟု ယူဆကာ အရိုးကြေကြေ အရေခန်းခန်း မထတမ်း ကြိုးစားခဲ့ရာ ယခု
နတ်သိကြားများကို တပ်အပ် သေချာ တွေ့မြင်ရပြန်သောအခါ-

“ငါ့အား တရားထူးရတော့မည် ဖြစ်၍ လာရောက်စောင့်ကြသည်” ဟု မှတ်ထင်လိုက်၏။
နတ်ရထားနှင့် နတ်သိကြားတို့ကို ဂရုမမူဘဲ ဣရိယာပုတ် တစ်ခုတည်းဖြင့် တစ်ရှိန်
တည်း တစ်သန်တည်း ခန္ဓာကိုယ်နှင့် အသက်ကိုပင် စွန့်လွှတ်၍ အားထုတ်ရာ ထိုနေရာ၌ပင်
“ရဟန္တာ” ဖြစ်တော်မူလေ၏။

ဘဝများစွာ ကမ္ဘာထုတ်ချင်း မြင်တော်မူပုံ

အတန်ကြာသောအခါ သတိရလာ၍ စောစောက နတ်ရထားကြီးကို ကြည့်လိုက်ရာ
မရှိတော့ပေ။ အထက်သို့ မော့ကြည့်လိုက်ရာ သိကြားမင်းနှင့် နတ်မင်းကြီး လေးယောက်တို့သည်
“အချင်းတို့၊ လူ့ ပြည်၌ ရဟန္တာတစ်ပါး ပေါ်ထွန်းနေပြီ။ သွားရောက် ဖူးမျှော် ကြကုန်လော့”
ဟု ကြွေးကြော်နေသည်ကို တွေ့မြင်တော်မူ၏။

