## PAGE 592

၅၃၈


ဓမ္မာစရိယ ဦးဌေးလှိုင်

လူ့ဘဝကား ရူးရသော်မှတည့် ကြော်ကောင်း၏

ဦးကျော်ဒင်သည် ရဟန်းပြုလိုလှသော်လည်း အခွင့်မသာသေး။ တရားကိုသာ
ရှုမှတ်မြဲ ရှုမှတ်နေရသည်။ ရှုမှတ်ရင်း ရှုမှတ်ရင်း ဘဝ၏ ရန်သူကြီးများကို ကွဲကွဲပြားပြား
မြင်၍လာရ၏။

လောဘသည် ပဓာန ခေါင်းဆောင်ကြီး ဖြစ်ကြောင်း တွေ့မြင်ရသည်နှင့် ထိ-သိ
သတိဖြင့် ဖိ၍လိုက်ရာ လိုက်လေဝေးလေ၊ ဝေးလေ သေးလေ အားနည်းလေ ဖြစ်သွားသည်ကို
တွေ့ ရ၏။ တစ်ဖန်ဆက်၍ ရန်သူကို လိုက်လံရှာဖွေရာ ပညတ်အားဖြင့် အနီးကပ် ရန်သူ ့
ကြီးမှာ အတူနေဇနီး၊ သားနှင့် ပစ္စည်းများ ဖြစ်ကြောင်း တွေ့မြင်ရသည်။ “ဒီကြွေးတွေ
ရှင်းသွားဦးမှဘဲ” ဟု စဉ်းစားကာ ဒေါ်ရွှေရည်အား အနူးအညွတ် ဖျောင်းဖျတောင်းပန်ရန်
ဆုံးဖြတ်လိုက်၏။

“ရှင်ရွှေရည်၊ ညည်းတို့ ငါတို့မှာ သံသရာက ကုသိုလ်ရေစက်ဆုံလို့ တွေ့ကြရတယ်။
ခုချိန်ကစပြီး ငါ့ကြွေးကိုလဲ မင်းတို့မဆပ်ပါနှင့်တော့။ မင်းတို့ ကြွေးကိုလဲ ငါမဆပ်ပါရ
စေနဲ ့တော့။ ငါကလဲ မင်းကို နှမအရင်းလို သဘောထားပါတယ်။ မင်းကလဲ ငါ့ကို
မောင်အရင်းလို အောက်မေ့ပြီး နေကြစို ့လား။ နောက်ပြီးတော့ ငါ့ကိုလဲ ရဟန်းပြုခွင့်
ပေးပါလားကွယ်”

“ကိုကျော်ဒင်၊ ကိုယ်ပြောသလို ကြွေးတွေဘာတွေ ထားပါတော့။ ကျေပါတယ်၊
ဒါပေမယ့် ကိုယ်လဲဘယ်မှ မသွားချင်ပါနှင့်။ ရဟန်းလဲ မခံပါနှင့်။ အိမ်ဦးခန်းမှာ
မောင်ကြီးအရာထားပြီး ဝတ်ကြီးဝတ်ငယ် ပြုပရစေ။ အိမ်တစ်အိမ်မှာ လင်သားမရှိရင်
မတင့်တယ်ဘူးတော်ရဲ့၊ လူလဲမရိုသေဘူး” စသည်ဖြင့် ဆွေးနွေး ပြောဆိုကြရာ ဦးကျော်ဒင်မှာ
မှန်းခြေမကိုက် ဖြစ်ရပြန်၏။

တစ်နေ့တခြား စိတ်ဆင်းရဲ၍သာ နေရရှာ၏။ လင်ခန်းမယားခန်း ပြတ်နေပြီ
ဖြစ်သော အတွင်းသဘောနှင့် မကင်းသော အိမ်ထောင်ရှင်ဘဝကို မည်သို့ ရုန်းထွက်ရမည်မသိ
ဖြစ်နေ၏။ “မိန်းမက ခွင့်ပေးမှ ရဟန်းပြုရသည်' ဟုလည်း ထင်နေရှာ၏။

ထမင်းတစ်လုပ်အတွက် လူအများ လုပ်ကိုင်စားသောက် နေကြသည်မှာ “အပြစ်
ကင်းသော အလုပ်” ဟူ၍ မတွေ့ သလောက်ဖြစ်ကာ လူ့ဘဝကို အကြောက်ကြီး ကြောက်၍
နေရ၏။

“ကဲ........ရဟန်းဝတ်ရရင်လဲဝတ်၊ မဝတ်ရလဲ အရူးပဲလုပ်နေတော့မယ်” ဟု ကြံမိ
ကြံရာ ကြံနေမိ၏။ “ဂုန်နီအိတ်ကြီးကို လက်နှစ်ဘက်နှင့် ခေါင်းဝင်ရုံအပေါက် သုံးခု
ဖောက်လျှိုပြီး နေမယ်။. အဝတ်လဲရ၊ အခင်းလဲရ၊ တယ်....နေရာကျ။ စားချိန်ကျ .
အိမ်စဉ်လျှောက်ပြီး ခွက်တစ်ခုနဲ့ တောင်းစား။'

ဦးကျော်ဒင်အား စောစောက အရူးဟု အခြားသူများက ပြောခဲ့ကြ၏။ ယခု
သူကိုယ်တိုင်ပင် အရူးလုပ်ရန် စဉ်းစားနေမိ၏။ သို့မှ လွတ်လွတ်ကျွတ်ကျွတ် အလုပ်လုပ်


## PAGE 593


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၃၉

နိုင်မည်ဟု ယူဆသည်။ တကယ်လည်း ရူး၍မရသဖြင့် ဒေါ်ရွှေရည်အား တစ်ကြိမ်ထပ်၍
ခွင့်တောင်းပြန်၏။ မရလေ။ ဦးကျော်ဒင်မှာ မစားနိုင် မသောက်နိုင် ဖြစ်ကာ တစ်နေ့ာခြား
အရိုးပေါ် အရေတင်ဖြစ်လာခဲ့၏။

ဦးကျော်ဒင်၏ အဖြစ်ကို မမြင်ရက်ကြသဖြင့် အိမ်နီးချင်းများကပါ ဝိုင်းကူ၍
ဒေါ်ရွှေရည်အား နားချကြပြန်သည်။ မရ။

“သေသွားတာကမှ ကောင်းဦးမယ်။ ခုတော့ ဘုန်းကြီးဝတ်ကြီးနဲ့ ကျွန်မ မြင်တိုင်း
စိတ်ချမ်းသာရမှာ မဟုတ်ဘူး” ဟုသာ ဇွတ်တင်း၍ ခံနေ၏'။

ဦးကျော်ဒင်ကားဂုန်နီအိတ် မဝတ်ဘဲလျက် ခေါင်းမွေး၊ မုတ်ဆိတ်မွေးရှည်ရှည်
အဝတ်အထည် ညစ်ညစ်၊ ပါးချောင်နားချောင်ကျကာ တကယ့် အရူးကြီးပုံ ပေါ်နေတော့၏။
အရပ်ကပါ ဝိုင်း၍ ကူကြသဖြင့် နောက်ဆုံး ဆယ့်လေးငါးရက် ရဟန်းပြုခွင့် ရလာ၏။
အတိုင်းမသိ ဝမ်းသာသွားတော့သည်။

“အေး-အေး၊ ဝမ်းသာလိုက်တာရှင်ရွှေရည်ရယ်။ ပါရမီမရှိလို ့ မပျော်ရင်လဲ
ဆယ့်လေးငါးရက် မပြောနဲ့၊ ချက်ချင်း ပြန်ခဲ့ပါမယ်။ ပါရမီရှိလို ့ ပျော်ရင်လဲ ဆက်ပြီး
နေပရစေကွယ်။”

"

“ကဲ-ကောင်းပါပြီတဲ့တော်၊ ဒါထက် ရဟန်းမခံခင် ထွန်ရေး ပက်လက်နဲ့ ပဲကလေး

ကြဲပေးခဲ့ပါဦး။”

နွားနှစ်ကောင်နှင့် ထွန်ထောင်ကိုယ်တော်

ဦးကျော်ဒင်သည် ၁၂၈၂-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ငါးရက်နေ့တွင် ပဲကြဲရန်
ထွန်က, ၍ ယာခင်းသို့ ထွက်လာခဲ့၏။ ယာထဲသို့ ရောက်သောအခါ ထွန်ရေးစရန်
မောင်းနှင်ရာ နွားနှစ်ကောင်မှာ လှည့်ကြည့် လှည့်ကြည့် လုပ်ကာ မသွားဘဲ တွေပြီး ရပ်နေ
ကြ၏။ “ဟဲ့” ဟု ငေါက်သော်လည်း ရှေ့သို့မတိုးဘဲ လှည့်ကြည့်ပြီး ဦးကျော်ဒင်အား
တစ်စုံတစ်ခု ပြန်ပြောနေကြသကဲ့သို့ ရှိ၏။

“ခါတိုင်းဆို ဟဲ့-လို ့တောင် မငေါက်ရဘဲ သူ ့ထက်ငါ ရုန်းကြတဲ့ ကျေးဇူးရှင်ကြီး
နှစ်ကောင်ကတောင် ထုံပေပေနဲ့ ငါ့ကို နှင်နေကြပါပကောလား။ အင်း ကိုယ့်အကြောင်း
ကိုယ်အသိဆုံးမို့ ကိုယ့်ဟာကိုယ် မဆုံးဖြတ်နိုင်ရင် ကိုယ့်အသိ ဉာဏ်ဟာ ဘာအသုံးကျတော့
မှာလဲ။'

ဦးကျော်ဒင်သည် ရုတ်တရက် အကြံပေါက်ကာ ထွန်ပေါ်ကဆင်းပြီး နွားကို ထမ်းပိုး
မှ ကြိုးဖြုတ်၍ ထွန်တုံးကို ထောင်ထားလိုက်၏။

“ကဲ-မင်းတို့နဲ့ ငါနဲ့လဲ သေခန်းဖြတ် ကြွေးရှင်းကြစို့။ တော်ရာ သွားကြပေရော့။
သင်တို့ကို ငါ ဘေးမဲ့ ပေးလိုက်ပြီ” ဟု ဆိုကာ နွားနှစ်ကောင်ကို လွှတ်လိုက်သည်။ ပြီးလျှင်
ဦးဝီရိယခေါ် ဘုန်းတော်ကြီး ဦးကျောက်ကျောင်းဆီသို့ ထွက်လာခဲ့၏။ လမ်းတွင် ဒေါ်တင်


## PAGE 594


၅၄၀

ဓမ္မာစရိယ ဦးဌေးလှိုင်

"

ဆိုသူနှင့်တွေ့၍ အကျိုးအကြောင်း မေးရာ သင်္ကန်းဝတ် သွားမည့်အကြောင်း ပြောပြလျှင်...
“ဟဲ့-မောင်ကျော်ဒင်၊ ဒီလိုဆိုရင် တို့အိမ်က မောင်တာ ကိုရင်ကြီး ဝတ်တုန်းက
ဧကသီ အဟောင်းတစ်ထည် ရှိတယ်။ ယူသွား။ မိရွှေရည်လဲ မသိစေနဲ ့” ဟု ဆိုကာ
ဒေါ်တင် လှူလိုက်သော ဧကသီ၊ ဦးဝီရိယ ချီးမြှင့်သော သင်းပိုင် တစ်ထည်ဖြင့် ထိုနေ့၌ပင်
ဦးကျော်ဒင်မှ ကိုရင်ကြီး ရှင်ကဝိ ဖြစ်လာလေတော့၏။

“ထွန်ဆင်းကိုယ်တော်၊ ထွန်ထောင်ကိုယ်တော်' ဟုလည်း သမုတ်ကြသည်။

ကိုရင်ကြီး ဦးကဝိကား ယခုမှပင် စိတ်နှင့်ကိုယ်၊ အတွင်းနှင့်အပြင်၊ အသွင်နှင့်
သဘောထား တစ်သားတည်းကိုက်ညီကာ အာနာပါနကို စိတ်တိုင်းကျ ရှုမှတ်ခွင့် ရလေ
တော့သည်။

ဤနေရာ၌ အာနာပါနဖြင့် အနာဂါမ်မှ ရဟန္တာအဖြစ်သို့ တက်ရန် ရှုမှတ်ခြင်းနှင့်
စပ်၍ “အာနာပါနဿတိသံယုတ် ကောဋ္ဌိကသုတ်' သည် စဉ်းစားဖွယ် ရှိပေ၏။ ယင်းသုတ်၌
အနာဂါမ် ဖြစ်ပြီးသော အရှင်ကောဋ္ဌိက မထေရ်သည် အာနာပါန ရှုပွားနည်း အဆင့်ငါးဆင့်
ရှိရာတွင် “သတိမြဲရာ ပထမာ' မျှလောက်ကိုသာ ရှုပွားနေသဖြင့် မြတ်စွာဘုရားရှင်က
ဈာန်လေးဆင့် အပြည့်အစုံ အစဉ်အတိုင်း တက်ကာ အနိစ္စာနုပဿီ စသော ဝိပဿနာ
ရှုပွားနည်းကိုပါ ပွားများရန် တိုက်တွန်းခါမှ ရဟန္တာဖြစ်ကြောင်း ပါရှိ၏။ “သတိမြဲရာ
ပထမာ’ လောက်ရှုပွားရုံမျှဖြင့် အနာဂါမ်ထိ ရောက်နိုင်သည် ဟူသော အဓိပ္ပာယ်ပါ
သက်ဝင်လာပြန်သည်။ ပညာရှင်တို့ စဉ်းစားရန် ဖြစ်ပါ၏။

ဦးကဝိ ကိုရင်ဝတ်ပြီး ငါးရက်အရတွင် သူငယ်ချင်း ဦးရွှေလုပ်လည်း ရှင်ဝိဇယ
အမည်ဖြင့် ရှင်ကဝိနှင့် အတူလိုက်ပါ၍ သာမဏေ ပြု၏။ (ပြဆိုခဲ့သည့်အတိုင်း)
အနာဂါမ်ဖြစ်ပြီး တစ်လတိတိအကြာ မောင်ရင်ပေါ်ချောက်တွင် အရဟတ္တဖိုလ်သို့ ဆိုက်
ရောက်ကာ “ရဟန္တာ” ဖြစ်တော်မူလေ၏။

ဦးကျော်ဒင်သည် ၁၂၈၁-ခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီးတစ်ထောင် ပူဇော်၍
ထိုနှစ် တပေါင်းလတွင် မဏ္ဍပ်ထိုးကာ ဘုရားပူဇော်ခဲ့၏။ အာနာပါန တရားကို တစ်စွန်းတစ်စ
ကြားသိရုံမျှဖြင့် “မုဆိုး စိုင်သင်’ အားထုတ်ခဲ့ရာ ၁၂၈၂-ခုနှစ် ဝါဆို၊ ဝါခေါင်၊
တော်သလင်း၊ သီတင်းကျွတ် လပြည့်ကျော် ၁၃-ရက် ညဉ့် ၁၀-နာရီခန့် အချိန်ချည်းသာလျှင်
အချိန်ကာလ တစ်လစီ တစ်လစီ ခြားကွာ၍ အရိယာ လေးဆင့် အောင်လံ လွှင့်တော်မူလေပြီ။

သက်တော် ၄၃-နှစ် ကိုရင်ကြီး ဘဝဖြင့် “ရဟန်းကိစ္စ' ပြီးတော်မူသည်။ အရိယာ
စခန်းအတွက် ဦးကျော်ဒင်ပေးသော သင်ခန်းစာထက် အားကျဖွယ်သည် အဘယ်မှာ ရှိပါ
သေးတော့အံ့နည်း။

နတ်ဆွမ်းစား၍ တရားစစ်ခံခြင်း

မိတ္ထီလာဘူတာ၌ မြင်းခြံရထား ဆိုက်ရောက်လာ၏။ မွန်းလွဲ ၁၂-နာရီ ထိုးရန် မိနစ်
၃၀-မျှသာ လိုတော့သည်။ ဘုန်းတော်ကြီး နှစ်ပါးနှင့် ဒကာ နှစ်ယောက် ရထားပေါ်မှ

