## PAGE 634


* ၅၈ဝ

ဓမ္မာစရိယ ဦးဌေးလှိုင်

ပဋိဘာဂနိမိတ် နိုင်နင်းစေရန် နိမိတ်ဖြင့် ခန္ဓာကိုယ်ကို စားစေခြင်း၊ စကြဝဠာ
တံတိုင်းထိ တဖြည်းဖြည်း တိုး၍ တိုး၍ စေလွှတ်ခြင်း၊ ပြန်သိမ်းခြင်း စသည်ဖြင့် နိမိတ်ကို
များစွာ ကစားရ၏။ သို ့ရာတွင် ဈာန်ကို ဦးစားမပေး။ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရန် ဝိပဿနာသို့
ကူးပြောင်းပေးသည်။

အပ္ပနာဈာန်နှင့်စပ်၍ “ယောဂီပါရဂူကျမ်း' (၃၁-၁၃၁၅-ခုနှစ်ရိုက်) ၌-

“ငါတို့ ကျေးဇူးရှင် ဘုရားတို့အား အပ္ပနာသို့ တက်ရန် စူးစမ်း၍ လျှောက်ထားရာ
ကျမ်းဂန်နည်းကိုသာ ဟောတော်မူကြသည်။ ဟတ္ထမုဋ္ဌိကိုကား၊ အဇ္ဈတ္တကာယ လေးပါး
သွင်းပုံကိုကား ပြတော်မမူကြ၍ မုချ မရေးဝံ့” ဟု ပါရှိ၏။

တစ်ဖန် ဈာန်နှင့်စပ်သော အယူအဆကိုလည်း စာမျက်နှာ ၄၄-၌..

“ဈာန်ကို ရလိုပါသော်လည်း အခါကာလခေတ် မဟုတ်ဟူ၍ နှလုံးပိုက်သောကြောင့်
လည်းကောင်း၊ ဥပစာရ သမာဓိ ရရှိရုံနှင့်ပင်လျှင် ဝိပဿနာ ဉာဏ်စသည်ကို တက်ထိုက်ပေ၏”
ဟု ခံယူသည်။ တစ်ဖန် ၄၅-၌-

..

“စူဠဝါ အဋ္ဌကထာကိုထား၍ ကြွင်းသော အဋ္ဌကထာကြီး လေးလက်တို့၏ ဝါဒ
တတိယခေတ်၌ တေဝိဇ္ဇာဟူသော အရိပ်ရှိပေ၏။ တေဝိဇ္ဇာဟူသည် ပဉ္စမဈာန်၏ အခြားမဲ့၌
ဖြစ်ရသော အဘိညာဉ်မျိုး ဖြစ်၍ ပထမဈာန် စသည်တို့ကို ရထိုက်ခြင်းငှာ အရိပ်ရှိပေသေးသည်။
ထိုသို့ပင် ရှိသော်လည်း (လက်တွေ့ ပြနိုင်သော ဆရာမရှိ)” ဟု သုံးသပ်သည်။

သာသနာပြင်ပ အိန္ဒိယ ယောဂီကြီး တော်တော်များများပင် စတုတ္ထဈာန်ရသည်ဟု
ယူဆရသော အထောက်အထားများကို “ဒေါက်တာ ပေါလ်ဘရန်တန်’ ၏ အိန္ဒိယ
ယောဂီများနှင့် တွေ့ဆုံပုံ စာအုပ်များ၌ ဖတ်ရှုနိုင်သည်။

နိဗ္ဗာန်နှင့်စပ်၍လည်း ယောဂီပါရဂူ၌ အသိဉာဏ် ရှုပ်ထွေးစေတတ်သော အလင်းရောင်
အမျိုးမျိုးကို ခွဲခြားပြဆို၍ ရှင်းလင်းဆုံးဖြတ်ထားသည်မှာ အထူး မှတ်ဖွယ် ကောင်းလှ၏။
တစ်နည်းအားဖြင့် စဉ်းစားဖွယ် ဖြစ်ပေ၏။

မဂ္ဂစတုက္က၊ နိရောဓ စတုက္ကနှင့် စပ်လျဉ်း၍ ယင်း “နိဗ္ဗာန်ခန်း” ၌ပင် တိဗက်ဆရာတော်
ဦးသီလတိဿ၏ နည်းများ ဖော်ပြထားသည်ကို တွေ့ရ၏။

ဆရာတော်၏ အလေ့အထများ

ဆရာတော်သည် ဝိနည်းကို အလွန်လေးစား၏။ လေးစားမှလည်း ကြိုက်သည်။
ဆွမ်းကပ်လျှင် အကွဲအအက် အကြောင်းပါသော ပန်းကန်ဖြင့် ကပ်လျှင် ပန်းကန်ပါ
စွန် ့ပစ်လိုက်သည်။ “နေ့ဖို့ ညစာ ချန်ထား၍ မစားရ’ ဟူသော သန္နိဓိသိက္ခာပုဒ်အရ
ကျင့်သုံးခြင်း ဖြစ်သည်။ သိက္ခာပုဒ် အသေးအဖွဲ ကလေးမှအစ ငယ်စဉ်ကပင် အထူးသတိပြု
ရှောင်ကြဉ်လိုက်နာလေ့ ရှိ၏။

ယောဂီအချို့ကား “သြရမတ္တကံ သီလံ-(သမာဓိပညာတို့ကို ထောက်သော်) သီလသည်


## PAGE 635


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၅၈၁

အညံ့စား” ဟု ဟောတော်မူသည်ကို အဖျားဆွတ်၍လည်းကောင်း၊ “တရားမှတ်နေရင်
သီလမဂ္ဂင်သုံးပါး (သမ္မာဝါစာ-ကမ္မန္တ -အာဇီဝ) အလိုလို ပါသွားပြီးသား၊ သီလ ဒီလောက်
အရေးမကြီးပါဘူး” ဟု လည်းကောင်း အထင်ရောက်တတ်ကုန်၏။ အလိုလိုပါသည်ကား
မှန်၏။ အမြဲရှုမှတ်ဖို့ကား မလွယ်။

သီလသည် လက်ခြေ (စရဏ) သဖွယ်ဖြစ်၏။ လက်ခြေမပါဘဲ ဘာကိုမျှလုပ်၍
မရ။ ပို၍ ထင်ရှားသည်မှာ စက်ဘီးစီးသူသည် လက်မငြိမ်လျှင်၊ အတက်အဆင်း ခြေနင်းမှ
ခါးငြိမ်မှုမရှိလျှင် စီးသွား၍မရ။ ခြေ၊ လက်၊ ခါး နိုင်နင်းသွားလျှင် တစ်ချက်နင်းလိုက်ရုံဖြင့်
သူ့အရှိန်နှင့်သူ ပြေးသွားတော့သည်။ ခြေနင်းမှု၊ လက်ထိန်းမှု ကိစ္စ အထူးလုပ်ဖွယ်မလို။
အလိုလို အရှိန်၌ ပါသွားလေပြီ။ ဤသို့သာ မှတ်ယူ ကျင့်သုံးထိုက်ကုန်၏။

သီးသန့် သီလအတွက် ကျေနပ်မှုကြီး တစ်ခုရအောင် နှုတ်ဖြင့် ကျကျနနဆောက်တည်ပါ
(သမာဒါနဝိရတီ)။ ပြန်လှန်စစ်ဆေးပါ (သီလာနုဿတိ)။ ဖြစ်ပေါ်လာသော သီးသန့်
ကျေနပ်မှုကြီးသည် ဧရာမ ကုသိုလ်ကြီးပင်တည်း။

ဆရာတော်သည် ရင်းနှီးသော ဒကာများ ဆွမ်းအလှူပင့်လျှင် ကျေးငှက် တိရစ္ဆာန်များ၊
ခွေးများ၊ ပုရွက်ဆိတ်များကိုပါ တွင်းရှာ၍ ကျွေးမွေးရန် အမိန့်ရှိသည်။ ကျောင်းတွင်
နေ့စဉ် ကျွေးမွေးရ၏။ ထန်းလျက်ရှိလျှင် ပုရွက်ဆိတ်တွင်းရှာ၍ ကျွေးခိုင်းသည်။
ခွေးစာမကျန်လျှင် ဆန်ကို ဆီခပ်ပြီး ကျိုချက်ကျွေးရ၏။ ကြွက်များကိုလည်း ကျွေးရသည်။
နွားလေ နွားလွင့်များအား ကောက်ရိုးဝယ်ကျွေး ခိုင်း၏။

ယောဂီအတွက် သွားရင်းဟန်လွှဲ မဟုတ်ဘဲ တမင် ‘ပလိဗောဓ” ဖြစ်အောင်
ကြောင့်ကြစိုက်ရခြင်းမျိုးကိုမူ ဆင်ခြင်သင့်၏။

“အာစိဏ္ဏကပ္ပေါ” (ဆရာလုပ်သမျှ အမှန်) ဟု တစ်ထစ်ချ မစွဲယူသင့်။
အာဂန္တုလာလျှင် သင်္ကန်းစသည် အပိုအလျှံရှိက ပေးလှူလေ့ရှိ၏။ ပစ္စည်းယူပေးရသော
ကိုရင် ဦးပဉ္စင်းများအား....

“ကြားထဲက မစ္ဆေရစိတ် မထားကြနဲ ့၊ သာဓုမှ မခေါ်နိုင်တဲ့ ဘဝမျိုး ရောက်တတ်တယ်”
ဟု ဆုံးမသည်။

ဘုရားဝတ်တက်၊ ဝတ်ကပ် လေးစားမှ ကြိုက်၏။ ဆရာတော်ကိုယ်တိုင် မိမိနေရာမှ
အရပ်လေးမျက်နှာရှိ ရန်ကုန်ရွှေတိဂုံ၊ သီဟိုဠ်မဟာစေတီစသော ဘုရားများအား စုံအောင်
ဆီမီးပူဇော် ရှိခိုးပြီးမှ ကျိန်းသည်။ တောင်ပေါ်၊ မြို့ပေါ်ရှိ ဘုရားများကိုလည်း အားလုံး
ရည်မှန်း၍ ဆီမီးပူဇော်ရသည်။

တစ်ခါက အာဂန္တု ဘုန်းကြီးတစ်ပါး ရောက်လာရာ....

“ဦးပဉ္စင်း၊ တစ်နေ့ ဘုရား ဘယ်နှစ်ကြိမ် ဝတ်ပြုသတုံး” ဟု မေးရာ နံနက် သုံးကြိမ်
ည သုံးကြိမ်ဝတ်ပြုကြောင်း လျှောက်ရာ- “ဆွမ်းဝတ်ကော ဘယ်နှစ်ဝတ် ရှိသတုံး” ဟု
မေးပြန်လျှင် ဆယ်ဝက်ရှိကြောင်း လျှောက်၍-

“ဦးပဉ္စင်းဟာ ဘုရားဝတ်တက်တာက ဆွမ်းဝတ်လောက်တောင် မများဘဲကိုး” ဟု


## PAGE 636

၅၈၂

မိန့်တော်မူသည်။


ဓမ္မာစရိယ ဦးဌေးလှိုင်

သက်တော် ၈၅-နှစ်ကျော်မှ ကျန်းမာရေးမျှတရုံ ကျိန်းစက်တော်မူ၍ အချိန်ရှိသမျှ
စာပြန်ခြင်း၊ တရားရှုမှတ်ခြင်းဖြင့်သာ အချိန်ကုန်စေသည်။

“ကုသိုလ်ရအောင်နေ၊ ဝိတက်မဝင်စေနှင့်၊ စကားတစ်ခွန်းနှင့် တစ်ခွန်း အနိစ္စ
မလွတ်စေနှင့်” ဟု ဆုံးမလေ့ရှိ၏။

တရားထူးရခြင်းနှင့် စပ်လျဉ်း၍

တစ်နေ့သောအခါ ဆရာတော် လမ်းလျှောက်နေခိုက် မဲဒင်ရွာမှ ဒကာတစ်ဦးက-
“အရှင်ဘုရားကို အနာဂါမ်လို ့ ပြောနေကြပါတယ်ဘုရား” ဟု လျှောက်ရာ....
“အေး.....ဟုတ်သားပဲ၊ ငါ့မှာ အနာခံပြီး လမ်းလျှောက်နေရတာ” ဟု မိန့်တော်မူ၏။
တရားထူးရမှုနှင့်စပ်၍ အထူးလျှို့ဝှက်တော်မူသည်။

တစ်ခါက ဗန့်ပွေးရွာမှ ဆရာတော်၏ တပည့် ရဟန်းလူထွက် တစ်ဦးက-
“ညအခါ တောင်ထိပ်ပေါ်က မြင်းတွေစီး၊ ထီးဖြူတွေဆောင်းကာ ဆင်းဆင်းလာပြီး
ပျောက်ပျောက်သွားတယ်လို ့ အိပ်မက်, မက်ပါတယ်” ဟု လျှောက်ရာ....
“မင်း နောက် သူများကို မပြောနှင့်” ဟု ပျံလွန်တော်မမူမီ နှစ်နှစ်ခန့်က တားမြစ်

ဖူး၏။

ယခုအခါ စစ်ကိုင်းတောင်ရိုး အရှေ့ ပရက္ကမချောင်နှင့် အနောက် ပရက္ကမ ချောင်၌
“ရဟန္တာ” ဟု ကျော်ကြားသော အရှင်မြတ်နှစ်ပါးမှာလည်း ဆရာတော်၏ တပည့်များ
ဖြစ်ကြသည်။

ပျံလွန်တော်မမူမီ နှစ်လ သုံးလခန့်တွင် ထိုအရှင်မြတ် နှစ်ပါး ကန္နီသို့ ခြေလျင်
ကြွရောက် ကန်တော့ကြရာ....

“သံသရာဘဝ အဆက်ဆက်မှစ၍ ဤယနေ့ကျအောင် ကာယကံ၊ ဝစီကံ၊ မနောကံ
အပြစ်များရှိပါက သည်းခံ ခွင့်လွှတ်တော်မူပါဘုရား” ဟု ကန်တော့လျှင်....

“အရှင်ဘုရားတို့ အပြစ် ဘုန်းကြီးအပေါ်မှာ မရှိပါဘူး၊ အရှင်ဘုရားတို့ကသာ
ဘုန်းကြီး အပြစ်များရှိရင် သည်းခံကြပါ” ဟု မိန့်တော်မူ၏။ စကားရပ်၍ အတန်ကြာ
စဉ်းစားနေပြီးနောက်....

“အင်း....အားရအောင် ကန်တော့ကြဗျာ၊ နောက် ကန်တော့ဖို့ မလိုတော့ပါဘူး”
ဟု ထူးထူးခြားခြား အမိန့်ရှိလိုက်၏။ ထို့နောက် မကြာမီ ပျံလွန်တော်မူသည်။ သက်တော်-
၈၈၊ ဝါဟော်-၆၈။

၁၃၂၈-ခုနှစ်၊ တန်ခူးလဆန်း တစ်ရက်နေ့ နံနက် ၁၁:၃၀ အချိန် ပျံလွန်တော်မူရာ
၁၃၂၉-ခုနှစ်၊ တန်ခူးလပြည့်နေ့ အန္တိမဈာပန ပူဇော်ပွဲ လုပ်ကြ၏။

“ငါ သေရင် ရက်လဲမထားနှင့်၊ ဘာမှလဲမလုပ်ကြနှင့်၊ ဆွမ်းလဲမသွတ်နှင့်” ဟု

