## PAGE 67


နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

မြန်မာနိုင်ငံ သာသနာဝင် ခရီးတစ်လျှောက်

မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်မှစ၍ ဤနေ့တိုင် ကမ္ဘာပေါ်တွင်
ဗုဒ္ဓသာသနာတော်၏ “နောက်ဆုံးခံတပ်မြို့တော်ကြီး” အဖြစ် အခိုင်အမာ ရပ်တည်လာ၏။
ကမ္ဘာသူကမ္ဘာသား အားလုံးအတွက် စစ်မှန်မြင့်မြတ်သော ယဉ်ကျေးမှု အမွေကို ထိန်းသိမ်း
သိုမှီးရာ ဘဏ္ဍာတိုက်ကြီးသဖွယ်လည်း ဖြစ်ပေသည်။

မြန်မာနိုင်ငံသာ ယင်းကဲ့သို့ မရပ်တည်ခဲ့လျှင် ယနေ့ ဗုဒ္ဓသာသနာတော်သည်
အုတ်အရောရော ကျောက်အရောရော ဖြစ်နေပေလိမ့်မည်၊ မှောင်နှင့်မည်းမည်း ခရီးခဲ
ခရီးကြမ်းတွင် စမ်းတဝါးဝါး လျှောက်နေကြရရှာသော ကမ္ဘာသူကမ္ဘာသားတို့ အတွက်
မဇ္ဈိမပဋိပဒါ လမ်းမတော်ကြီးသည်လည်း လမ်းစပျောက်ကာ ချောက်ကမ်းပါးမှ တက်လာ
နိုင်ကြတော့မည် မဟုတ်ချေ။ ယခုမူ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးအား တစ်ခုတည်းသော၊
မြင့်မြတ်စင်ကြယ်သော၊ စစ်မှန်သော ငြိမ်းချမ်းမှု ဓမ္မအလင်းရောင်ဖြင့် ထွန်းဆောင်ကယ်မ
နိုင်လေပြီ။

ဆရာသမား၊ ဘိုးဘွားမိဘတို့၏ အမြော်အမြင်နှင့် သဒ္ဓါဝီရိယ (ခံယူချက်နှင့်လုံ့လ)
ကိုလည်း ဆမြော် ချီးကျူးကျေးဇူးတင်သင့် ကြပါကုန်၏။ ယနေ့ မြန်မာနိုင်ငံသူ နိုင်ငံသား
တို့သည်လည်း ပဋိရူပဒေသဝါသနှင့် သပ္ပုရိသူပနိဿယစက်မိကာ “ဘုန်းကံရှိ သူများအဖြစ်
ဂုဏ်ယူထိုက်ကြပါကုန်၏။ ယင်းကိုပင်လျှင် “ဘဝအဆက်ဆက်က ဆည်းပူး ခဲ့သော
ပါရမီရှိသူ'ဟု ဆိုအပ်ရကား မြင့်မြတ်လှသော ဘဝတန်ဖိုးကို မြတ်နိုးတတ်ကြရာ၏။

မြန်မာနိုင်ငံ သာသနာဝင်နှင့် ရာဇဝင်ကို ကြည့်ပါလျှင် လွန်ခဲ့သော အနှစ်တစ်ထောင်၏
ဤမှာဘက်တွင် ဤယနေ့ခေတ်ကဲ့သို့ ပဋိပတ္တိသာသနာ ထွန်းကားသည်ကို မတွေ့ရချေ။
ပဋိပတ်အနွယ်အဆက် မပြတ်မလပ်ရုံမျှသာ ရှိခဲ့သည်။ ခေတ်အဆက်ဆက် ပရိယတ္တိဘက်၌သာ
အားသန်၍ စာပေ၌သာ လမ်းဆုံးခဲ့ကြ၏။

“ပရိယတ်အလုပ်သည် နွားကျောင်းသား အလုပ်မျှသာဖြစ်၍ ပဋိပတ် လုပ်နိုင်မှသာ
နို့စားရသော နွားပိုင်ရှင်မည်၏” ဟု ဆိုသော်လည်း နွားပိုင်ရှင် မလုပ်လိုကြပေ။

ပရိယတ်မျှဖြင့် ဘုရားရှင်၏ ကျေးဇူးဂုဏ်ကိုသိခြင်း၊ တရားအရသာခံစားရခြင်းသည်
ဆယ်ပုံတစ်ပုံမျှသာ အရသာတွေ့ နိုင်၏။ သာသနာပြုရာတွင်လည်း ခရီးမတွင်၊ အင်အားမပါချေ။
သာသနာ ယုတ်လျော့နေပြီထင်၍ ဘုန်းတော်ကြီး မူလတန်းကျောင်းမှသည် အခမဲ့ပညာ
ပေးနိုင်သော သံဃာ့တက္ကသိုလ်ကြီးများအထိ ထူထောင်ကာ ခေတ်နှင့်အညီ သာသနာပြုရသော်


## PAGE 68


၁၀

ဓမ္မာစရိယ ဦးဌေးလှိုင်

တစ်ကမ္ဘာလုံး ဒိုးယိုပေါက် သွားမည်ဟု ထင်ကြသော်လည်း ရိုးရာ ပရိယတ္တိအောက် များစွာ
ကျဆင်းသွားနိုင်ပေသည်။ ကိုယ်ပိုင်အဇ္ဈတ္တိက သာသနာအင်အားများ ယိုထွက်ကာ အပေါ်ယံ
ဟန်ပြ သာသနာမျှသာ ကျန်လေတော့မည်။

၁၂၄၇ ခုနှစ်မှ စ၍ ကိုယ့်မင်းကိုယ်ချင်းဘဝ ကျဆင်း၍ ဗြိတိသျှ လက်တွင်းသို့
ရောက်ကြစဉ် မိမိတို့ သဘောပေါက်သလို အမျိုးဘာသာ သာသနာပြုခဲ့ကြသည်။ သကျသီဟ
(မန္တ လေး)၊ စေတိယင်္ဂဏ (ရန်ကုန်)၊ သုဝဏ္ဏဘူမိ (သထုံ)၊ သုသမာစာရ (မော်လမြိုင်)၊
ဝိနယာဓိက (ပဲခူး)၊ သုဓမ္မာ (ညောင်တုံး) စသော ပရိယတ္တိအားပေးသော အသင်းအဖွဲ့များ၊
မလွန်ဆန်လှူသင်း စသော ပစ္စယာနုဂ္ဂဟအဖွဲ့များ တည်ထောင်ခဲ့ကြသည်။ .

တစ်ဘက်၌ အချို့သော ဘုန်းတော်ကြီးများမှာ လောကီကျောင်းများ တည်ထောင်သူ
တည်ထောင်၍ ပြည်မှုကိစ္စ၌ ဦးဆောင်ရောပါသူ ပါကြကုန်၏။

မြန်မာနိုင်ငံ ပရိယတ္တိသာသနာသည် ပုဂံခေတ်မှ ဗြိတိသျှခေတ်အထိ အများအားဖြင့်
င်နည်းနှင့်အဘိဓမ္မာကို ဦးစားပေးခဲ့ကြ၏။ ပဋိပတ္တိ၏ ဓမ္မ ဘဏ္ဍာ တိုက်ကြီးများဖြစ်သော
မဇ္ဈိမ၊ အင်္ဂုတ္တရနှင့် အထူးသဖြင့် သံယုတ္တနိကာယ်ကြီးများကို သင်ကြားပို့ချလေ့လာမှ
နည်းခဲ့ကြသည်။ ကျမ်းအိပ်များဟုပင် ပြောစမှတ်ပြုကုန်၏။ ဤသည်ပင် ပဋိပတ်နှင့်
အလှမ်းကွာနေခဲ့သည့် အမှတ်အသားပင်တည်း။

ခေတ်အဆက်ဆက်သော စာမေးပွဲများကလည်း ပါဠိတော်ထက် အဋ္ဌကထာ ဋီကာကို
လည်းကောင်း၊ အဋ္ဌကထာဋီကာတွင်လည်း သဒ္ဒါရေးကိုလည်းကောင်း ဦးစားပေးခဲ့ကြသဖြင့်
ဝိမုတ္တိရသနှင့် အလှမ်းကွာခဲ့ရပြန်၏။ ပဉ္စမသင်္ဂါယနာအပြီး တာဝန်ခွဲဝေ ပြုခဲ့ကြသော
နိဿယ ဘာသာပြန် လုပ်ငန်းကြီး၊ မိုးထိနိဿယနှင့် သူဌေးဦးရွှေလှေး၊ ဆရာမြို့
(အဂ္ဂမဟာပဏ္ဍိတ) တို့၏ ပိဋက မြန်မာပြန်များသည် လွန်စွာ ကျေးဇူးများခဲ့ကြသော်လည်း
ပုဂံခေတ်မှ စတင်ခဲ့သော “သဒ္ဒါကြီး သဒ္ဒါငယ်များ၏ အရှိန်အဝါ” အစွဲအလမ်းများကို
မထိုးဖောက်နိုင်ခဲ့ကြပေ။

သဒ္ဒါဆရာနှင့် အဋ္ဌကထာဆရာတို့၏ အပါးမှ ဖဲခွာစေ၍ မြတ်စွာဘုရားရှင်၏
ရွှေမျက်နှာတော်ကို အနီးကပ် ဖူးမြော်ခွင့် မရနိုင်ခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေ၊ ရှေးက ဆရာသမား ဘိုးဘွားမိဘတို့သည် “သာသနာကို
ခေတ်နှင့်အညီ မပြုပြင် မကျင့်သုံးရ”ဟု ခိုင်မာသော ယုံကြည်ချက်ဖြင့် (ပဋိပတ်သို့
ဦးမတည်နိုင်ကြစေကာမူ) ဝိနည်းနှင့် အဘိဓမ္မာကို မြဲမြံစွာ ဆုပ်ကိုင်၍ ပရိယတ္တိကို
အရိုးခံအတိုင်း သင်အံ ဆောင်ယူခဲ့ကြသည်မှာ လွန်စွာ ကျေးဇူးတင်အပ်လှပေသည်။ ယနေ့
ပဋိပတ် နို့မလိုင်ကို လှိုင်လှိုင်ကြီး သောက်စားခွင့် ရနေသည်မှာ “ရိုးရာကို အထိမခံ၊ လူဆန်၍
ခေတ်မီသည်ကို မလိုလား သော ထိုဆရာသမား ဘိုးဘွားမိဘတို့၏ ကျေးဇူးပင်။

စင်စစ် မည်သည့်ခေတ်၊ မည်သည့်စနစ်တွင်မှ ဗုဒ္ဓဝါဒတွင် ပယ်နုတ်ရန်မရှိ၊
ဖြည့်စွက်ပြင်ဆင်ရန်လည်း မရှိး၊ ‘ကေဝလပရိပုဏ္ဏ’အကြွင်းမဲ့ ပြည့်စုံ လုံလောက်နေနှင့်ပြီး
ဖြစ်သည်။ ထိုအတိုင်း ကျေနပ်လောက်အောင် လေ့လာ၍ ပြည့်မီအောင် ကျင့်သုံးရန်သာ
လိုအပ်သည်။ ထို့ကြောင့်လည်း ဗြိတိသျှအုပ်ချုပ်ရေးနှင့် အတူပါ၍ အချို့ အာဏာစက်ကိုပင်


## PAGE 69

ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ


၁၁

အမှီရသော မြန်မာရောက် ကမ္ဘာ့ဘာသာကြီးများအကြားတွင် ဗုဒ္ဓဝါဒသည် ထီးထီးမားမား
ရပ်တည်နိုင်ခဲ့၏။

တမလွန်ဘဝကို ဦးတိုက်၍ ကယ်တင်ရှင် ကြိုးကိုင်သော ဘာသာကြီးများ အကြားတွင်
လက်ငင်းဘဝကို ဦးစားပေး၍ ကိုယ်တိုင် ကယ်တင်မှု (ဓမ္မ)ကို ဆုပ်ကိုင်ခွင့် ပြုသော
ဗုဒ္ဓဝါဒသည် ပို၍ပင် ပေါ်လွင်လာခဲ့သည်။

ကံအားလျော်စွာ ကျူးကျော်လာသော ဗြိတိသျှစစ်နှင့် ခေတ်ပြိုင် နန်းတွင်း ပိဋကတော်
များကလည်း ဝိတိုရိယပိဋက တိုက်ကြီးတွင် ဒေသစာရီကြွချီ၍ တန်ပြန် သာသနာပြုကြကုန်၏၊
လယ်တီဒီပနီများကလည်း ထပ်ဆင့်၍ ဥရောပတစ်ခွင်လုံးတွင် တရားစစ် တပ်ကူပေးခဲ့
ကြပြန်သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံး၍ သိပ္ပံကို အမတေပြုသော ရုပ်လွန်ဝါဒကြီး
တစ်ကမ္ဘာလုံး ဖိစီးလာတော့မည့် အခြေအနေတွင်ပင် ဗုဒ္ဓဝါဒသည် မြန်မာတို့ဦးဆောင်၍
တစ်ကမ္ဘာလုံးတွင် ၂၅ဝဝ ဗုဒ္ဓအောင်ပွဲတော်ကြီးကိုပင် ခံယူရရှိလေတော့သည်။

ဘုရားရှင်ကို အနီးကပ် ဖူးရအောင်

လွတ်လပ်ရေး ရပြီးနောက်ကာလတွင်ကား သဒ္ဒါကို ဦးစားပေးလွန်းသော စာသင်,
စာမေးခြင်း စနစ်သည် ချုပ်ငြိမ်းစပြုလေပြီ။ အစိုးရက နှစ်စဉ်ကျင်းပပေးနေသော အဘိဓမ္မာ၊
ဝိသုဒ္ဓိမဂ် စာမေးပွဲများ၊ နိကာယ်ဆောင်များကို မွေးထုတ်ပေးလိုက်သော “အဘိဓဇမဟာရဋ္ဌဂုရု
မစိုးရိမ်ဆရာတော် ကြီးမှူးသော နိကာယ်စာမေးပွဲများ၊ တိပိဋကဓရ ရွေးချယ်ပွဲကြီးနှင့်
သံယုတ္တနိကာယ် မြန်မာပြန် စာမေးပွဲ (ရန်ကုန်)၊ မဇ္ဈိမနိကာယ် မြန်မာပြန် စာမေးပွဲ (ပဲခူး)
သာမဏေကျော် စသော စာမေးပွဲများသည် မြန်မာနိုင်ငံ ပရိယတ္တိသာသနာကို တစ်ခေတ်ပြောင်း
ပေးလိုက်သော စာမေးပွဲကြီးများ ဖြစ်ကုန်၏။ ပဋိပတ္တိဘက် လုံးဝမျက်နှာမူသော နိတ္တရဏတ္ထ
စာမေးပွဲကြီးများပင်တည်း။

“ရေမြင့်မှ ကြာတင့်သည်” ဟူသကဲ့သို့ပရိယတ္တိ၏ အတိမ်အနက်သည် ပဋိပတ္တိ၏
အနိမ့်အမြင့်ကို ပြသော ပြဒါးချိန်ဖြစ်၏။ ထို့ကြောင့် ပရိယတ္တိသင်နည်းစနစ်ကို လျစ်လျူမရှုဘဲ
မိမိတို့ ပြုနိုင်သည့်ကဏ္ဍမှ ဝင်ရောက်အားပေးသင့်ကြလေသည်။ လေနာထအောင် တစာစာ
အံ၍ ကျက်၍ သာသနာကို အသက်ဆက်ပေးကြသော ရှင်ငယ်, ရဟန်းငယ်တို့၏
ဘဝကိုလည်း အတွင်းကျကျ လေ့လာ၍ ကြည်ညိုတတ်ရန် လိုပေသည်။

ပရိယတ္တိ မြင့်မားခြင်းသည် ပဋိပတ္တိ တိုးတက်ခြင်းပင် ဖြစ်၏။

၁၃၁ဝ-ခုနှစ်မှ စတင်ခဲ့သော တိပိဋကဓရ ရွေးချယ်ပွဲကြီးက ယခုအခါ ပိဋကသုံးပုံဆောင်
၄-ပါ:၊ နှစ်ပုံဆောင် ၃-ပါး၊ တစ်ပုံဆောင်နှင့် နိကာယ်ဆောင် ၁၆၀-ထွက်ပေါ်စေခဲ့ပြီး။
တစ်ကျမ်းဆောင်၊ နှစ်ကျမ်းဆောင် ပုဂ္ဂိုလ်ထူးများလည်း ငါးရာအထက်၌ပင် ရှိပေလိမ့်မည်။
ယင်းသို့ဆိုသော် ယနေ့ ့သာသနာကို အဘယ်မှာလျှင် ကျဆင်းသည် ဆိုနိုင်ပါအံ့နည်း။
မြန်မာနိုင်ငံ ပရိယံတ္တိသာသနာဝင် ခရီးတစ်လျှောက်တွင် ဤမျှလောက် ထွန်းတောက်ခဲ့သည်မှာ
မည်သည့်ခေတ်ကမျှ မရှိခဲ့စဖူးချေ။

(အဋ္ဌကထာ၊ ဋီကာ နောက်ပြန်ကြိုးတဲ၍ အချိန်ဆွဲသော စနစ်ဟောင်း အတွေးဟောင်း

