## PAGE 85


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၂၉

တစ်ခါက ဘုန်းတော်ကြီး ဦးသီလအား ဒကာတစ်ဦးက မိမိခြံထွက် အုန်းစိမ်းတစ်လုံးကို
ဖောက်၍ ကပ်လှူရာ “ဟိုနားမှာ ခဏချထားဦး” ဟု မိန့်သော်လည်း “ကြာသွားလျှင်
အရသာပေါ့သွားမည်၊ ယခု ဘုဉ်းပေးပါ” ဟု ဇွတ်ကပ်၍ ဘုဉ်းပေးရ၏။ အုန်းစိမ်း ဒကာ
ပထမတွင် ဝမ်းသာရသော်လည်း မကြာမီ နောင်တဖြစ်ရရှာ၏။ အကြောင်းမှာ မည်သည့်
အစာကိုမဆို တစ်နေ့တစ်ကြိမ်သာ ဘုဉ်းပေးရသောကြောင့်တည်း၊ (ဧကာသနိက်ဓုတင်ခေါ်၏။)
လူသာမန်တို့ မသိနိုင်သော အရိယာသူတော်ကောင်းကြီးတို့၏ တရားကျင့်သုံးမှုနှင့် ရဟန်းတို့၏
ဝိနည်းသည် ကျယ်ဝန်းများပြားလှကုန်၏။

“သောတာပန်ပါ” လို့ ပြောရတာ ရှက်စရာ

အရိယာ သူတော်ကောင်းကြီးတို့သည် မိမိတို့ ရရှိသော တရား၊ ကျင့်ကြံပွားများလျက်
ရှိသော အကျင့်ကို အထူးသိုဝှက် သိပ်သည်းတော် မူကြသည်။ အပို့စ္ဆတာဂုဏ် (အလိုနည်းရခြင်း)
ပင်တည်း။ ထိုဟာသည်ပင် အရိယာ လက္ခဏာဖြစ်၏။ ထုတ်ဖော်ပြောဆိုရန် မဆိုထားဘိ၊
ရိပ်မိမည်ကိုပင် စိုးရိမ်ကြသည်။ လူတို့သည် အသိဉာဏ် နည်းပါးလှ၍ အမျိုးမျိုး
ဒုက္ခပေးတတ်သောကြောင့်လည်း ဖြစ်ရာ၏။

မဟာသမယသုတ် ဟောကာနီးကာလ မဟာဝုန်တောအတွင်း တရားအားထုတ်ကြသော
သောတာပန် ရဟန်း ၅၀၀ တို့သည် အသီးသီး ရဟန်းကိစ္စ ပြီး၍ မြတ်စွာဘုရားထံ
သွားကြရာ တစ်ပါးနှင့်တစ်ပါး ရှက်စနိုးတော်မူနေကြ၍ “ရဟန်းကိစ္စ ပြီးကြောင်း”
မလျှောက်ရဲခဲ့ကြပေ။ ထိုစဉ်က မဟာသမယပွဲတော်ကြီး၌ တရားနာခဲ့ရ၍ သောတာပန်
ဖြစ်ခဲ့သော ရုက္ခစိုး နတ်သမီးကလေးသည်ပင် “သင် သောတာပန်လား” ဟု ဇွတ်မေးနေသော
ရဟန်းအား ရှက်စနိုးလှသဖြင့် “အရှင်ဘုရားသည် မမေးအပ်သည်ကို မေးဘိ၏" ဟု
လျှောက်ခဲ့ဖူးကြောင်း (မဟာသမယသုတ် အဖွင့်၌) လာရှိ၏။

ရဟန္တာအရှင်မြတ်တို့၏ သဘောတော်သည် မိမိရရှိပြီး တရားကို သတ္တဝါအားလုံးအား
ရရှိခံစားစေလို၏။ ရွှေအိုးရရှိသူကဲ့သို့  ့ ထုတ်ဖော်၍ကား မပြောကြားလို။ သို့ရာတွင်
သိနိုင်သောနည်း များစွာ ရှိပေ၏။ (ရှေ့၌လည်း အကြောင်းအားလျော်စွာ ပြသွားပါမည်။)

ဒါနတွင် လမ်းဆုံးက ယူကျုံးမရ နောင်တဖြစ်

အရိယာ သူတော်ကောင်းကြီးများသည် အကျင့်သီလကို အထူးလျှို့ဝှက်တော်
မူကြရသောကြောင့် လည်းကောင်း၊ လူတို့အသိဉာဏ် ဗဟုသုတ နည်းကြသောကြောင့်
လည်းကောင်း ထိုပုဂ္ဂိုလ်ကြီးများ သက်တော်ထင်ရှားရှိနေစဉ် အချို့လူများ ဘာသိဘာသာ
နေခဲ့ကြ၏။ ဆည်းကပ်သူများကလည်း တိုတောင်းလှသော သက်တမ်းကာလ၊ အခွင့်


## PAGE 86

၃ဝ


မ္မာစရိယ ဦးဌေးလှိုင်

ကောင်းလှသော ဘဝကြီးတွင် ကျောင်းဒကာ ကျောင်းအမ၊ ဆွမ်းဒကာ ဆွမ်းအမလောက်ဖြင့်
ဒါန သီလ၌သာ လမ်းဆုံးခဲ့ကြရ၏။

အချို့မှာကား မိမိအတွက်၊ အလှူခံပုဂ္ဂိုလ်အတွက်၊ သာသနာတော်အတွက် မရှိမဖြစ်သော၊
ပို၍ အကျိုးရှိစေသော ဒါနမျိုးပင် မဟုတ်တော့ပေ။ “ရဟန္တာပုဂ္ဂိုလ် လှူရလျှင် ဒီဘဝမှာပင်
အကျိုးရတယ်” ဟူသော အသိမျှလောက်ဖြင့် လိုအပ်သည်ထက် ပိုလွန်ကာ “အမျှော်ဒါန’
ဖြင့် ဆည်းကပ်ကြပြန်သည်။ နံနက် ၄-နာရီမှ ၁၂-နာရီ အထိ (အသိဉာဏ် နည်းသော
ဒကာ ဒကာမများအား ချီးမြှောက်ကြရဖြင့်) အရိယာ သူတော်ကောင်းကြီးများသည် အလွန်
တန်ဖိုးကြီးလှသော အချိန်ကို စားသောက်မှု၌ မြှုပ်နှံတော် မူကြရကုန်၏။ လာဘ်လာဘသည်
ရဟန္တာ အရှင်မြတ်ကြီးများကိုပင် ဒုက္ခပေးတတ်ပေ၏။

အချို့ ဒကာ ဒကာမများလည်း “ပတ္တမြားတောင် ရောက်ခါမှ ဓားသွေး ကျောက်
အကောက်မှားသကဲ့သို့ ဟောကြားဆုံးမသည့် ပဓာန တရား အမွေကိုကား မရရှိလိုက်ကြ၊
ထိုပုဂ္ဂိုလ်ကြီးများ ကွယ်လွန်၍ အကြောင်း အတ္ထုပ္ပတ္တိများ နာကြားဖတ်ရှုရခါမှ ဤမျှ
ထူးမြတ်သော ပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်း သိရှိကြရသဖြင့် နောင်တဖြစ်သူများလည်း မနည်းပေ။
ထူးမြတ်မှန်း မသိ၍၊ မယုံ၍ အခွင့်ကောင်းကြီးများ လက်လွတ်ရခြင်း၊ ထူးမြတ်မှန်း
သိသော်၊ ယုံသော်လည်း မယူတတ်၍ မရခြင်းကား ဒေဝီလရသေ့ကြီး ဘုရားနှင့် လွဲရ
သည်ထက် ကြေကွဲဖွယ်ကောင်းလှပေသည်။

ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးအချိန်

ဘုရားရှင် လက်ထက်တော်က အရိယာ အရှင်မြတ်ကြီးများကဲ့သို့ မိမိတို့ကိုယ်တိုင်
ကိုယ်ပိုင် ကြိုးစားလျှင်လည်း ဈာန်အဘိညာဉ်နှင့်တကွ အရဟတ္တဖိုလ်ပေါက် ဘာမဆို ရနိုင်
ရောက်နိုင်သော အခွင့်ကောင်းကြီးများကို အမှန်ပင် ရနေကြပါကုန်၏။ ရဟန်းကိစ္စ
ပြီးမြောက်ရုံမျှသာမက လောကီ အသိဉာဏ်ထူး အမျိုးမျိုးနှင့် ပြည့်စုံသော အရှင်မြတ်
ကြီးများလည်း ဤလောက၌ ရှိနေကြသည်သာ ဖြစ်ပါကုန်၏။

မျက်စိရှိသူတို့သည်သာ မြင်နိုင်ကြ၍ နားရှိသူတို့သည်သာ ကြားနိုင်ကြကုန်၏။
နှလုံးသား ရှိသူတို့သည်သာ သဒ္ဓါယုံကြည်၍ လိုက်နာကျင့်ကြံကြကုန်၏။

သာသနာသမိုင်းစဉ် သာသနာဝင် ခရီးတစ်လျှောက်ကို ကြည့်ပါလျှင်
ကြက်သီးထခမန်း တောကြမ်း လမ်းရှုပ်ကြီးများ အဆင့်ဆင့် ကျော်လွှားခဲ့ရလေပြီ။
သုဝဏ္ဏဘူမိမှ ပုဂံ၊ ပုဂံမှ ကုန်းဘောင် နှစ်ပေါင်း ထောင်ချီ၍ ထေရဝါဒ
သာသနာ့အလံကို သယ်ဆောင်ခဲ့ကြရာမှ မိုးမှောင်ကာလ ညတာရှည်ကြီးတွင်
တစ်ရံတစ်ခါ လျှပ်စီးပြက်သလောက်သာ လင်းခဲ့သည်။ ဘိုးတော်ခေတ်လောက်ကမှ
စ၍ စနစ်တကျ တစ်ရှိန်တည်း ချီတက်နိုင်ခဲ့၏။ သို့ရာတွင် ပဋိပတ္တိ အလုပ်
စခန်းကား ပုဂ္ဂလိက အတိုင်းအတာမျှဖြင့် ရပ်တန့်နေခဲ့ရသေးသည်။


## PAGE 87


ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

၃၁

လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်၌ပင် မရှိခဲ့ဖူးသေးသော ယနေ့
ပဋိပတ္တိ သာသနာသည် ပြည်သူ့အတိုင်းအတာမှသည် ကမ္ဘာ့အတိုင်းအတာသို့
ဦးတည်နေပေပြီ။ ကျွန်ုပ်တို့သည် လက်ရှိအခွင့်ကောင်းကြီးများကို လက်မလွတ်
စေရအောင် ဘဝနှင့်ရင်း၍ စဉ်းစားကြရပေတော့မည်။
