## PAGE 1

**ရတနာဂုဏ်ရည်နှင့် ရုပ်ပုံရှင်ကျင့်ဝတ်**

မဟာဂန္ဓာရုံတိုက်

လီလီက

စာမပူရမြို့

သပွတ်ရ

**အလှူဒကာ** — ကျော်လင်း

**အလှူဒကာမ** — အမေဒေါ်ကြည်

**သား** — ဦးဘဇံ

ကောင်းမှု

၁၃၆၆ ပြည့်နှစ်

တန်ခူးလ ဝန်(၅)ရက်

---

## PAGE 2

**အရှင်ဇနကာဘိဝံသ၏ ပဌမကျမ်းစာ**

**ရတနာ့ဂုဏ်ရည်**

[လက္ခဏာတော်ကြီး ဘုရားရှိခိုးပါသည်။]

၃၃၃၉-ခု၊
တန်ဆောင်မုန်းလ၊
နှုန်း- ၁၀ိ။

"လွင်" ပုံနှိပ်တိုက်၊ မန္တလေးမြို့။

(က) (အဋ္ဌမအကြိမ်)

---

## PAGE 3

### အချီနိဒါန်း

> ဩံ နမော တေ ဝိဇေတုံ မေ
> ဇယတော ဒဒတော ဇယံ၊
> နဋ္ဌာန္တံ သဗ္ဗသ
> ကရ မေ ဇယမင်္ဂလံ။

**ဗုဒ္ဓဘာသာဝင်ဖြစ်ခွင့်။** ။ သဗ္ဗညုဘုရားရှင်ကို "ဗုဒ္ဓ" ခေါ်၏၊ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်ကို "ဗုဒ္ဓဘာသာ" ခေါ်၏၊ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာနေထိုင်သူကို "ဗုဒ္ဓဘာသာဝင်" ဟူ၍ ခေါ်၏၊ ထိုဗုဒ္ဓဘာသာဝင်ဖြစ်လိုသူ — သို့မဟုတ် ဖြစ်နေသူသည် ဗုဒ္ဓ ဓမ္မ သံဃာ (ဘုရား၊ တရား၊ သံဃာ) ရတနာမြတ် ၃ ပါး၏ အကြောင်းအရာကို ကောင်းစွာ နားလည်ရမည်၊ ထိုသို့ နားလည်ပြီးနောက် ထိုရတနာ ၃ ပါးကို မိမိယုံကြည်သလား၊ မယုံကြည်ဘူးလား ဟု စဉ်းစားထိုက်၏၊ မယုံကြည်လျှင် "ဗုဒ္ဓဘာသာဝင်ပါ" ဟု ပြောဆို ဝန်ခံနေသော်လည်း "ဗုဒ္ဓဘာသာဝင်" မဖြစ်နိုင်သေးပါ၊ ယုံကြည်လျှင်ကား "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" စသော သရဏဂုဏ် ၃ ပါးကို ဆောက်တည်ရ၏။ ထိုအခါ ဗုဒ္ဓဘာသာဝင်အစစ် ဖြစ်၏။

**ပညာဗုဒ္ဓဘာသာဝင်။** ။ ထိုဗုဒ္ဓဘာသာဝင်တို့တွင် ဉာဏ်နှင့်ယှဉ်၍ နစ်နစ်ကာကာ ယုံကြည်သူကား ဘုရားရှင်ကို ကိုးကွယ်ရာ၌ သက်တော်ထင်ရှား မြတ်ဘုရားကို စိတ်ထဲ၌ ထင်လာမြင်လာအောင် ကိုးကွယ်သည့်အပြင်၊ ရုပ်ပုံစေတီတော်များကိုလည်း (ရွှေရှိသည် ဖြစ်စေ —

---

## PAGE 4

မရှိသည်ဖြစ်စေ) ကျေကျေနပ်နပ် လေးမြတ်လေ့ရှိ၏၊ တရားကို ကိုးကွယ်ရာ၌လည်း တရားအစစ်အမှန် ကျမ်းဂန်ပိဋကတ်နှင့် မဂ်ဖိုလ်နိဗ္ဗာန်တရားကို မှန်းဆ၍ အားရပါးရ ပူဇော်၏၊ သံဃာကို ကိုးကွယ်ရာ၌လည်း သုပ္ပဋိပန္နတာစသော ဂုဏ်တို့နှင့် အတော်အတန် ပြည့်စုံသော ပုထုဇဉ်များကိုလည်းကောင်း၊ အမှန်းအတားအားဖြင့် အရိယာသံဃာတော်ကိုလည်းကောင်း ကိုးကွယ်၏၊ ထိုရတနာ ၃ ပါးအတွက်ဆိုလျှင် အသက်ကိုပင် စွန့်ဝံ့၏၊ ဤသူကား ဉာဏ်နှင့်ယှဉ်သော ဗုဒ္ဓဘာသာဝင်ဖြစ်သူပေတည်း။

**သဒ္ဓါဗုဒ္ဓဘာသာဝင်။** ။ သူများအပြောကောင်း၍ ယုံကြည်သော သဒ္ဓါဖြင့် သို့မဟုတ် မိရိုးဖလာဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်နေသူ တို့ကား ဘုရားစစ် တရားစစ် သံဃာစစ် တို့၌ ထိထိရောက်ရောက် သဒ္ဓါစိတ်ပေါက်သူ နည်းပါး၏၊ (လုံးလုံးမရှိဘူးဟု မဆိုလိုပါ၊) ဘုရားကို ကြည်ညိုရာ၌ သက်တော်ထင်ရှား မြတ်စွာဘုရားထိအောင် စိတ်မရောက်နိုင်ဘဲ ရုပ်ပုံစေတီတော်လောက်သာ စိတ်ရောက်၏၊ ရုပ်ပုံစေတီတော်များတွင်လည်း ဆွေဘုရား မျိုးဘုရား မိမိပူဇော်ထားသော ရုပ်ပွားစေတီတော်များကို ပိုမို၍ ကြည်ညိုတတ်ကြ၏၊ ရွှေပြောင်ပြောင်စေတီရုပ်ပွားကိုလည်း သာ၍ကြည်ညိုကြသေး၏။

ထို့ကြောင့်ပင် မိမိတို့၏ ရပ်ရွာ၌ ရွှေမရှိသော ရုပ်ပွားစေတီတော်များကို ပစ်ထားခဲ့၍ မြို့ကြီးပြကြီးသို့ ဘုရားဖူးသွားကြ၏၊ အခါတပါး၌ တောကမိန်းမတစု မန္တလေးသို့ သွားခါနီးဝယ် "ဘုရားဖူးသွားမလို၊ ဘုရားဖူးသွားမလို့" ဟု ကျယ်လောင်ကျယ်လောင်နှင့် ပြောဆိုနေကြသည်ကို အတော်နားလည်သော ကျောင်းဒကာကြီးက

> "တိုးတိုးပြောကြပါ ဟရို့ ဒွိရာက ကိုယ်တော်မြတ်တွေကြားလျှင် အားနာစရာ ဖြစ်နေပါ့မယ်"

ဟု ပြက်ရယ်ပြုလိုက်သတဲ့၊ ထိုသဒ္ဓါဗုဒ္ဓဘာသာဝင်တို့သည် ဘုရားကြည်ညိုပုံသာ စည်းကမ်းမကျသည် မဟုတ်သေး၊ တရားသံဃာ ကြည်ညိုကြရာတွင်လည်း စည်းကမ်းမဲ့လှချေ၏၊ ထိုစည်းကမ်းမဲ့တို့ကို တရားဂုဏ်တော်နှင့် သံဃာ့ဂုဏ်တော် အဆုံးမှာ ပြထားသည်။

**သရဏဂုဏ်နှင့် သီလရှိသူ အပါယ်မကျ။** ။ "ဆင်းတု" စေတီတော်များကို ဖူးမျှော်ရသည်မှာ ကုသိုလ်မရ ဟု မဆိုလိုပါ များစွာကုသိုလ်ရပါပေသည်၊ သို့သော် ဆင်းတုတော်စေတီတော်များသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ထင်မြင်လာဖို့ရာ တည်ထားကိုးကွယ်အပ်သော အတုအပွားမျှသာ ဖြစ်သောကြောင့် ဘုရားရှင်တိုင်အောင် အာရုံပြုနိုင်မှန်းဆနိုင်မှသာ စနစ်ကျန သာ၍အကျိုးရသော ဖူးမျှော်ခြင်းဟု ဆိုလိုပါသည်၊ ထိုသို့ ဘုရားရှင်၏ ဂုဏ်တော်များနှင့်တကွ တရားသံဃာတော်၏ ဂုဏ်တော်များကို လေးလေးအာရုံပြုတတ် ကြည်ညိုတတ်သည့်ပြင်၊ ဒုစရိုက်ဆယ်ပါးမှ ရှောင်သော ကိုယ်ကျင့်တရားနှင့် ပြည့်စုံလုံခြုံပါမူကား …………

> "ဣဓ မဟာနာမ ဧကစ္စော ပုဂ္ဂလော နဟေဝ ခေါ ဗုဒ္ဓေ အဝေစ္စ ပသာဒေန သမန္နာဂတော ဟောတိ၊ န ဓမ္မေ န သံဃေ၊ န ဟာသပညော၊ န ဇဝနပညော၊ န စ ဝိမုတ္တိယာ သမန္နာဂတော၊ အပိ စဿ ဣမေ ဓမ္မာ ဟောန္တိ သဒ္ဓိန္ဒြိယံ ဝီရိယိန္ဒြိယံ သတိန္ဒြိယံ သမာဓိန္ဒြိယံ ပညိန္ဒြိယံ၊ တထာဂတေ စဿ သဒ္ဓါမတ္တံ ဟောတိ ပေမမတ္တံ၊ အယံ ပိ ခေါ မဟာနာမ ပုဂ္ဂလော အဂန္တာ"

---

## PAGE 5

နိရယံ၊ အဂန္တာ တိရစ္ဆာနယောနိ၊ အဂန္တာ ပေတ္တိဝိသယံ၊ အဂန္တာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ" ဟူ၍ …

ဟောတော်မူအပ်သော (မဟာဝဂ္ဂ၊ သောတာပတ္တိသံယုတ်၊ သရဏာနိဝဂ်၊ ပဌမ သရဏာနိသက္ကသုတ်) ပါဠိတော်နှင့် လျော်ညီစွာ အပါယ်လေးပါးမှ တစ်ခါတည်းကင်းလွတ်သော သောတာပန်အခြေသို့ ရောက်လေပြီဟု ယုံကြည်စိတ်ချထိုက်ပေတော့သည်။

ထိုစကားမှန်၏၊ … ပင်ကိုယ်က အောက်အကြေသို့ စီးနေသော မြစ်ရေအယဉ်သည် သမုဒြာနှင့် ကြာလေနီးလေ ဖြစ်သကဲ့သို့ အနိစ္စ ဒုက္ခ အနတ္တသဘောကို ထင်မြင်၍ သံသရာ၌ ငြီးငွေ့လက်စရှိသော ထိုသူတော်စင်၏ စိတ်အစဉ်သည်လည်း နိဗ္ဗာန်သို့ ညွတ်ကိုင်းရင်းရှိရကား၊ နိဗ္ဗာန်နှင့် ကြာလေနီးလေပင် ဖြစ်တော့၏။

အရှေ့ဘက်သို့ ကိုင်းညွှတ်လျက်ရှိသော သစ်ပင်သည် လဲသည့်အခါ အရှေ့ဘက်သို့သာ လဲဖွယ်ရာရှိသကဲ့သို့၊ နိဗ္ဗာန်သို့ ကိုင်းညွှတ်နေသော စိတ်အစဉ်သည် ကုသိုလ်ကောင်းမှု ပြုသမျှ၌ နိဗ္ဗာန်ဘက်သို့သာ ညွှတ်လျက်ရှိသည်ဖြစ်၍ ထိုသူတော်စင်သည် အဘယ်မှာ အပါယ်လေးပါးသို့ သွားဖွယ်ရှိပါတော့အံ့နည်း။

**သရဏဂုဏ် သီလလုံသူ သောတာပန်နှင့်တူ။** ဆိုအပ်ပြီးစကား၌ "ကိုယ်ကျင့်လုံခြုံ" ဟူရာဝယ် "ငယ်စဉ်ကစ၍ လုံခြုံမှသာ လုံခြုံရာရောက်သည်" ဟု မဆိုလိုပါ၊ သတိတရားရသည်ကစ၍ စိတ်ချလက်ချ လုံခြုံလာလျှင် လုံခြုံသည်ပင် မည်နိုင်ပါသည်၊ ဘုရားလက်ထက်တော်၌ "သရဏာနိ" မည်သော ဥပါသကာသည် ရတနာသုံးပါးကို အသဲစွဲကြည်ညိုနေသော်လည်း ငယ်ရွယ်စဉ်ကာလက ငါးပါးသီလလောက်မျှ မလုံခြုံဘဲရှိခဲ့ရာ၊ စုတေခါနီးကျမှ သတိရ၍ လူ့သိက္ခာကို စောင့်ထိန်းလျက် စုတေသည်၊ ထို့နောက် ကျန်ရစ်သူတို့က ထိုသူ၏ လားရာဂတိကို ဘုရားရှင်အား လျှောက်ကြရာ ဘုရားရှင်က ထိုဥပါသကာကို အပါယ်လေးပါးမှ လွတ်သော သောတာပန်ဖြစ်ရကား သုဂတိသို့ ရောက်နေကြောင်းကို မိန့်တော်မူပါသည်။

**ကြိုးစားဖွယ်။** ။ ထို့ကြောင့် မကောင်းသောမြေရေ၌ စိုက်ပျိုးလေသမျှ မျိုးစေ့သည် မည်မျှပင် အောင်မြင်စေကာမူ အကျိုးမပြီး အချည်းနှီး ပျက်ပြား၍ ဆုံးပါးရသကဲ့သို့ မူလမမှန်သော ဘုရားတရား၌ အားထားကိုးကွယ်လေသမျှသည် အချည်းနှီးအကျိုးမဲ့ ဖြစ်ရုံသာမက၊ ထိုဘုရားတရားဘက်၌ အားတက်သရော ဟောပြောမှုကြောင့် အထုအထည် ကြီးမားလှသော မကောင်းမှုအကျိုးကိုပင် ခံစားရချေဦးမည်၊ ထိုမျှလောက် အပြစ်များ၍ ဆုံးပါးဖွယ်ရှိသော ဘာသာတပါးအယူရှိကြသူများသည် သူတို့၏ ဘုရားတရားကို အားထားမှီခို ကြည်ညိုလေးမြတ်ကြကုန်သေး၏။

ကောင်းသောရေမြေ၌ကား အားပါးတရ စိုက်မဟုတ်ဘဲ မလိုလဲလိုလဲ စိုက်ပျိုးရုံမျှဖြင့် ကြီးမြင့်ထွားကျိုင်းသော အပင်ကြီးများကို ရနိုင်သကဲ့သို့ ဘုရားတရားသံဃာမှန်တို့၌ ပြုစုအားထုတ်လိုက်သမျှသည် "ညောင်စေ့ကလေးမှ ညောင်ပင်ကြီးပေါက်သည့်ပမာ" ယုံကြည်ဖွယ်ရာ မရှိလောက်အောင် မြင့်ခေါင်ကြီးမားသော အကျိုးတရားကို ခံစားရပေမည်၊ စိတ်ပါလက်ပါ အားရပါးရ ဂရုစိုက်၍ ကိုးကွယ်ဆည်းကပ်လိုက်ပါမူကား တသံသရာလုံး စိတ်ချလက်ချ
