## Trang 1
(၁) ရုပ်ပုံ ရှင်ကျင့်ဝတ်

ကြားသိတော်မူ၍ "တစ်ဆယ့်ငါးနှစ် အသက်ပြည့်မှ ကိုရင်ဝတ် ပေးရမည်"ဟု ပဌမ ပညတ်တော်မူသည်။

ကျီးချောက်နိုင်လျှင် ရှင်ပြုတော့။ ။ထိုသို့ ပညတ်တော်မူပြီးနောက် အရှင်အာနန္ဒာ၏ ဒါယကာ အမျိုးလည်း ထို"အဟိဝါတ" ရောဂါဆိုးကြောင့် ပင် ပျက်စီးကြလေရာ လူမမယ်ကလေး ၂-ယောက်သာ ကျန်ရစ်၏၊ ထိုကလေး ၂-ယောက်သည် မိဘများ လက်ထက်က ရဟန်းများနှင့် အရောတဝင်နေလေ့ ရှိသည့်အတိုင်း ထိုအချိန်မှာ ရဟန်းတော်များကို သာ၍ အားကိုးရှာသဖြင့် ရဟန်းတော်များ မြင်လျှင် ပြေးလာကြကုန်၏၊ ထိုအခါ ကရုဏာ ကင်းမဲ့သော ရဟန်းတို့က ငေါက်ငမ်းကြသောကြောင့် ကလေးတွေ ငိုကြရှာလေသည်။

ထိုဖြစ်ပုံကို အရှင်အာနန္ဒာ မြင်ရ၍ သနားခြင်း ပြင်းပြသော်လည်း တစ်ဆယ့်ငါးနှစ် မပြည့်သေးရကား ရှင်ပြုပေးလိုပါလျက် မပေးသာသောကြောင့် ဘုရားရှင်အား အကြောင်းစုံကို လျှောက်ရလေသည်၊ ထိုအခါ "ကျီးချောက်နိုင်လောက်ပြီလား=( မိမိရှေ့၌ ချထားသော ဆွမ်းကို ကျီးမနှိုက်အောင် ချောက်၍ စားနိုင်လောက်ပြီလား )" ဟု မေးတော်မူ၍ "ချောက်နိုင်လောက်ပါပြီ" ဟု လျှောက်ထားသဖြင့် "ကျီးချောက်နိုင်လောက်သော ကလေးကို တစ်ဆယ့်ငါးနှစ် မပြည့်သေးသော်လည်း ရှင်ပြုပေးနိုင်၏"ဟု ခွင့်ပြုတော်မူသည်။

ကျင့်နိုင်ခြင်းသာ ပဓာန။ ။ဤ ခွင့်ပြုတော်မူချက်သည် သနားစဘွယ် ကလေးများ၏

---

## Trang 2
အခြေခံ နိဒါန်း (ဂ)

အားကိုးရာမဲ့ပုံကို ငဲ့တော်မူသောကြောင့် ဖြစ်၏၊ ယခုကာလ၌ကား ဤ ခွင့်ပြုတော်မူချက်အရ အရွယ်ကို ပမာဏ မထားတော့ဘဲ ရှင်ပြုလေ့ရှိကြ၏၊ သို့သော် အရှင်အာနန္ဒာကဲ့သို့ ဆရာကောင်း ဖြစ်သူတို့က အမြဲ ကြည့်ရှုနိုင်မှ ရှင်ပြုရကျိုး နပ်ပေလိမ့်မည်၊ ထိုသို့ မကြည့်ရှုနိုင်လျှင်၎င်း, ကြည့်ရှုနိုင်သော်လည်း ကိုရင်ကလေးက မလိုက်နာလျှင်၎င်း ယခုပြမည့် ရှင်ကျင့်ဝတ်နှင့် ပြဒါး တလမ်း သံ တလမ်း ဖြစ်ဘွယ်ရှိရကား မိမိသားငယ် တပည့်ငယ်များကို လောကဓမ္မ မနစ်နာရအောင် (သနားစဘွယ် ငယ်လွန်းသောကလေးများကို ကျောင်းသား ဖိုးသူတော်အဖြစ်ဖြင့် ထိန်းသိမ်းထား၍)ရှင်ကျင့်ဝတ်အတိုင်း နေနိုင်လောက်မှသာ ရှင်ပြုပေးသင့်ကြပါသည်၊ ဤသို့ တိုက်တွန်းရခြင်း အကြောင်းကို အောက်ပါအချက်များဖြင့် ရှင်းပြပါဦးမည်။

၁။ လွတ်လပ်ပြီးသော ပြည်ထောင်စု မြန်မာနိုင်ငံတော်ဝယ် ဌာနတိုင်း၌ စံနစ်တကျရှိအောင် ရှေးဦးစွာ ထူထောင်ပြီးလျှင် စံနစ်တကျရှိပြီးသော ဌာနကို လည်း ဆင့်တက်တိုးပွါးအောင် ကြိုးစားဘို့ အရေးကြီးပါသည်၊ ထို ဌာနပေါင်း များစွာတို့တွင် မြတ်စွာ၏ သာသနာရေးဌာနလည်း အပါအဝင် ဖြစ်၏၊ ဤဌာနကို စံနစ်တကျ ဖြစ်စေပြီးနောက် တိုးတက်အောင် ပြုပြင်နိုင်ပါလျှင် နိုင်ငံတော်မှာ လွန်စွာ ကျေးဇူးများသော အထွတ်အထိပ်ဌာန ဖြစ်နိုင်ပါသည်။

---

## Trang 3
(ဃ) ရုပ်ပုံ ရှင်ကျင့်ဝတ်

မှန်၏ – များစွာသော တိုင်းသူပြည်သားတို့သည် ဗုဒ္ဓမြတ်စွာ၏ တရားတော်ကို လေးစားသော ဗုဒ္ဓဘာသာဝင်တို့သာ ဖြစ်ကြသည်၊ ထို ဗုဒ္ဓဘာသာဝင် အများတို့သည် ကောင်းမွန်စွာ နေထိုင်သော ရဟန်းသံဃာတော်များကို ကြည်ညိုကိုးစား အားထားကြသဖြင့် ထို သံဃာတော်များ၏ ဩဝါဒကိုလည်း လေးစား ယုံကြည်ကြတုန်းပင် ဖြစ်သည်။

၂။ ယခုအခါ နိုင်ငံတော်၌ ကိုယ်ကျင့်စာရိတ္တ ပြုပြင်ဘို့ရာ ကျယ်လောင်စွာ ကြွေးကြော်လျက်ရှိ၏၊ ဗုဒ္ဓရှင်တော်မြတ်၏ ဩဝါဒဒေသနာတော်သည် ထို စာရိတ္တပြုပြင်မှုကို အခြေအမြစ်ကစ၍ တိကျပြတ်သားစွာ ညွှန်ပြတော်မူ၏၊ ထို ဩဝါဒအတိုင်း မလိုက်နာသူ, သို့မဟုတ် ပင်ကိုယ်ကောင်းမဟုတ်သူသည် ထိုစာရိတ္တကို ပြုပြင်ထားစေကာမူ "ခွေးမြီးကောက် ကျည်တောက်စွပ်" သကဲ့သို့ မကြာမီပင် နဂိုရ်ပျက်မြဲတိုင်း ပျက်ဘွယ်ရှိ၏၊ ဗုဒ္ဓရှင်တော်မြတ်၏ ဩဝါဒကို လိုက်နာသူကား တမင်္ဂလာ ဖျက်စေကာမူ စာရိတ္တမပျက်ရုံသာ မက ဆတက်တိုး ထမ်းပိုး သာ၍ ပြောင်ပါလိမ့်မည်၊

[ပင်ကိုယ်ကောင်းနေသူလည်း မည်သည့် ဘာသာဝင်မဆို ဘုရားအလိုတော်နှင့် သင့်လျော်ပြီးသူပင် ဖြစ်၏။]

၃။ ဩဝါဒကို အခြေအမြစ်ကစ၍ ထိန်းသိမ်းစောင့်ရှောက်ရသော ဆရာတော် သံဃာတော်များသည် တိုင်းသူပြည်သားတို့၏ စာရိတ္တပြုပြင်မှု၌ အထူး ကြောင့်ကြစိုက်ကြပါမူ တိုင်းသူပြည်သားတို့သည် အဘယ်မှာ

---

## Trang 4
အခြေခံ နိဒါန်း (င)

စာရိတ္တမကောင်းဘဲ ရှိနိုင်ပါမည်နည်း၊ သို့သော် "တိုင်းသူပြည်သားတို့၏ စာရိတ္တကို ပြုပြင်ကြတော့မည်"ဟု ကြံစည်သည်နှင့် တပြိုင်နက် မိမိတို့၏ စာရိတ္တကိုလည်း အဘက်ဘက်က အချက်ကျအောင် ပြုပြင်ပြီး ဖြစ်မှသာ အပြုပြင်ခံရသော တိုင်းသူပြည်သားတို့ လိုက်နာလိုကြပေမည်၊ မိမိတို့ စာရိတ္တက မလုံလောက်ပါဘဲ "ငါဆို-မဆိုနဲ့ နင်ဆို-ဆို"ဟူသော ပြောဟော ပြုပြင်ခြင်းမျိုးကား အကျိုးမရသည့်ပြင် အပြစ်တင်သာ ခံရတတ်ပါသည်။

အတ္တာနမေဝ ပဌမံ၊ ပဋိရူပေ နိဝေသယေ။
အထညမနုသာသေယျ၊ န ကိလိဿယျ ပဏ္ဍိတော။

ပဌမ ရှေးဦးစွာ မိမိကိုယ်ကို သင့်တော်သော ဂုဏ်၌ သွင်းထားရမည်၊ ထို့နောက်မှ သူတစ်ပါးကို မိမိကဲ့သို့ ဖြစ်အောင် သွန်သင် ဆုံးမ နည်းလမ်းပြရမည်၊ မိမိသော်မှ မပြုနိုင်သော ကိစ္စဝယ် သူတစ်ပါးကို တိုက်တွန်းလျှင် အကျိုးမရဘဲ သူတစ်ပါးအထံမှ အကဲ့ရဲ့ကိုသာ ခံရတတ်သည်၊ အကြောင်းအကျိုး မြင်သိသော ပညာရှိသည် ထိုသို့ အကဲ့ရဲ့ခံရခြင်းဖြင့် မိမိကိုယ်ကို မပင်ပန်းပါစေလင့်။ (ဓမ္မပဒ, အတ္တဝဂ်, ဥပနန္ဒ ဝတ္ထု)

၄။ ထို့ကြောင့် တိုင်းသူပြည်သားတို့ အကိုးကွယ်ကို ခံယူကာ ဆရာလုပ်၍ နေကြရသော ရဟန်း သံဃာတော်များသည် မိမိတို့၏ ကိုယ်ကျင့် စာရိတ္တကို ပဌမဦးစွာ ပြုပြင်ရာ၌ ရှင်သာမဏေဘဝမှစ၍ ပြုပြင်သင့်သော

---

## Trang 5
(စ) ရုပ်ပုံ ရှင်ကျင့်ဝတ်

ကိုယ်ကျင့်များကို ပြုပြင်နှင့်ဘို့ရာ ရှေး ဆရာတော်များသည် " ရှင်ကျင့်ဝတ်" ဟူသော နာမည်ဖြင့် (ရဟန်းတော်များလည်း ကျင့်ရမည့် ) " သေခိယ သိက္ခာပုဒ်"များကို ဝိနည်းပါဠိတော်ကြီးမှ ထုတ်ဖော် ညွှန်ပြခဲ့ကြပေသည်၊ ထို ရှင်ကျင့်ဝတ်၌ သင်္ကန်းဝတ်ပုံ ရုံပုံ စားပုံ သောက်ပုံ မြို့ရွာအတွင်း နေထိုင်ပုံမှစ၍ စုံလင်စွာပင် ဘုရားရှင် ပညတ်တော်မူထားပေသည်။

၅။ ထို ရှင်ကျင့်ဝတ်အတိုင်းသာ နေထိုင် သွားလာ စားသောက်ကြပါလျှင် "ရဟန်းကျင့်ဝတ်၊ တစ်ပါးတတ်က၊ လူ နတ် ဦးခိုက်၊ ရှိခိုးထိုက်၏" ဟု ရှေး ဆရာမြတ်တို့ မိန့်တော်မူအပ်သည်နှင့် အညီ လူကြီး လူကောင်းအများပင် ရှိခိုးဦးချချင်စရာ လွန်စွာ ကြည်ညိုဘွယ်ကောင်းသော ရှင်သာမဏေကလေးတစ်ပါး ဖြစ်ပါလိမ့်မည်။

၆။ ထို ရှင်ကျင့်ဝတ်များကို တစ်ပါးတလေ ချွတ်ယွင်းနေပြန်လျှင်လည်း "ရဟန်းကျင့်ဝတ်၊ တစ်ပါးချွတ်က၊ လူနတ် မကြိုက်၊ ကဲ့ရဲ့ထိုက်၏" ဟူသော ရှေး ဆရာတော်ကြီးများ၏ အမိန့်တော်နှင့်အညီ မြန်မာတိုင်းဘွား ဗုဒ္ဓဘာသာဝင်များပင် ကြည်ညိုချင်ဘွယ် မကောင်းသော မောင်ရှင်ကလေး ဖြစ်မည်သာမက နိုင်ငံခြားသားတို့ကမူ ပြည်ထောင်စုအမျိုးသား အားလုံးကိုပင် သိမ်းကျုံး၍ " ဤ လူမျိုးကား အဝတ်ဝါ ဝတ်သူ
